အခန်း (၁)
ခြေလေးချောင်းတော်လှန်ရေး
ဦးသာခေါင်၌ လယ်လည်း ရှိသည်။ ယာလည်း ရှိသည်။
နွားတွေလည်း ရှိသည်။ ဆိတ်တွေ ဝက်တွေလည်း ပေါသည်။ ကြက်တွေ
ဘဲတွေလည်း လှိုင်သည်။ မြင်းတွေ သိုးတွေလည်း မနည်း။
ဦးသာခေါင်သည် သူပိုင်သော ယင်းမာပင်ကွင်းယာတော၌ တဲကြီးထိုး၍
နေသည်။ သူကဲ့သို့ ယာတောသို့ ထွက်၍ နေကြသောသူများလည်း ရှိသည်။
သူနေသောနေရာကို ''ယင်းမာပင်ကွင်း'' ဟု ဆိုလျှင် ခရီးတစ်သောင်းလောက်
ပတ်ဝန်းကျင်အတွင်း၌ မသိသူမရှိ။ ဦးသာခေါင်သည် လယ်လုပ်ချိန်တွင်
လယ်လုပ်သည်။ နှမ်းကြဲချိန်တွင် နှမ်းကြဲသည်။ မိုးဦးကျတွင် ပြောင်းဖူးကို
ဖရုံ၊ သခွားနှင့် ရော၍ ကြဲသည်။ နွားကျွေးရန်ပြောင်း ကိုလည်း
သတ်သတ်စိုက်သည်။ ဦးသာခေါင်သည် လယ်ယာအလုပ်ကိုသာ
လုပ်သည်မဟုတ်။ ဆိတ်များကိုလည်း မွေး၍ နယ်လှည့်
ဆိတ်ဝယ်ကုလားများသို့ ရောင်းသည်။ ဝက်များကိုလည်း ဖောက်၍
ဝက်ထိုးတရုပ်များသို့ ရောင်းသည်။ တခါတရံ အခါကာလအလိုက်
ဝက်သားလည်း သူ့ဟာသူပေါ်သည်။ နွားအို၊ နွားပိန်များကိုလည်း အလကား
မထား၊ ငွေစ အဖြစ်သို့ ရောက်စေခြင်းငှာ သားသတ်ရုံသို့ပို့သည်။
ဦးသာခေါင်သည် သူပိုင်သော နွား ဆိတ် ဝက် ဘဲနှင့် ကြက်တို့ အပေါ်၌
ထူး၍ ကြင်နာသော သဘောရှိသည်ဟု မဆိုနိုင်။ သို့ရာတွင် ထူး၍
ရက်စက်မည်ဟူသော စိတ်ထားလည်း မရှိ။ နွားများသည် သူ၏
စီးပွားဖက်များဖြစ်သည်။ ထို့ကြောင့် နွားများအပေါ်၌ အထူးကြင်နာ
စောင့်ရှောက်အပ်သည်ဟူ၍လည်း သူ့စိတ်ထဲတွင် မဥပါဒ်မိ။ နှိပ်စက်လိုသော
သဘောသက်သက်နှင့် နှိပ်စက်ခြင်းလည်း မရှိ။ ယင်းသို့ မှန်သော်လည်း
သူ့၏စိတ်ထဲတွင် နွား ဆိတ် ဝက် စသည်တို့ကို စာရင်းသွင်းကာ ထဲ့၍
မစဉ်းစားမိ။ သူပိုင် တိရစ္ဆာန်များကို ကျွေးရိုး ကျွေးစဉ် အတိုင်း
အစဉ်အလာမို့ ကျွေးခြင်းမှတပါး စေတနာနှင့် ပြုစုခြင်း မရှိ။
ထမ်းပိုးရုန်းရလွန်း၍ ပခုံးပေါက်ပြီး အသားနီလန်နေသောနွားသည်
နာရှာလိမ့်မည်ဟုလည်း ဂရုဏာမသက်မိ။ အလုပ်ထူး၍
ပင်ပန်းသောတိရစ္ဆာန်ကိုလည်း ထူး၍လုပ်ရသောအလုပ်နှင့် တန်အောင်
ထူး၍ကျွေးမွေးမည်ဟု အာရုံမထား။ အမှုမဲ့ အမှတ်မဲ့သာတည်း။
တနေ့ညနေစောင်းတွင် ဦးသာခေါင်သည် ဘုန်းကြီးပျံသို့
သွား၍အပြန်တွင် ထန်းတောတခုသို့ ဝင်ကာ ထန်းရည်သောက်ခဲ့သည်။
ခရီးကလည်း အနည်းငယ်ပန်းပြန် ထန်းရည်ကလည်း အနည်းငယ် ''ထို''
နေပြန်သောကြောင့် နေဝင်ရီသရောအချိန် အိမ်သို့ ပြန်ရောက်သောအခါ
နွားခြံ ကြက်ခြံ ဝက်ခြံ စသည်တို့ကို လုံခြံုစွာ ပိတ်ဖို့ သတိမရဘဲ လက်က
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ တဖွားဖွား ဖွာ၍ အိမ်ထဲသို့
ဝင်သွားပြီးလျှင် တအောင့်လောက်နား၍ မီးခွက်ကိုမှုတ်ကာ တခူးခူးနှင့်
အိပ်ပျော်နေပြီဖြစ်သော သူ့မယား ဒေါ်အိုစာ ဘေးမှ ဝင်၍
အိပ်လိုက်လေသည်။
ဦးသာခေါင်၏ အိမ်ခန်းမှ မီးခွက်မှုတ်လိုက်သည်ကို
မြင်လိုက်ကြသည်နှင့် တပြိုင်နက် ဦးသာခေါင်၏ ခြံတွင်း၌ ရှိကြသော နွား
ဆိတ် ဝက် ဘဲ ကြက် မြင်း ခွေး စသည်တို့သည် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်၍
လာကြသည်။ ''နေရာကျပြီ။ နေရာကျပြီ၊ ဦးသာခေါင် အိပ်ပြီ။ လာကြဟေ့။
ထကြဟေ့၊ ဗိုလ်ကြီးဆီကို သွားပြီး သူ့အိမ်မက်အကြောင်း
နားထောင်ရအောင်'' ဟု တိရစ္ဆာန်များ တကောင်နှင့် တကောင် တိုးတိုး
တိုးတိုး ဖြစ်၍ နေကြသည်။ လွန်ခဲ့သောညက ဗိုလ်ကြီးဟု ခေါ်သော
ဝက်လားဥဿဖကြီးသည် အလွန်ထူးဆန်းသောအိမ်မက်တစ်ခုကို မြင်သဖြင့်
တခြံတည်းနေ တသခင်တည်းပိုင်ဖြစ်ကြသော တိရစ္ဆာန်အပေါင်းတို့သည်
အတိတ်ကောင်း နိမိတ်ကောင်း စကားကို ကြားရလိမ့်မည်ဟု
မြှော်လင့်နေကြသည်။ ဗိုလ်ကြီးကလည်း သူ့အိမ်မက်အကြောင်းကို
တိရစ္ဆာန်အပေါင်းအား စေတနာသက်သက်ဖြင့် ပြောပြလိုကြောင်း
သတင်းကောင်းဖြန့်၍ ထားသည်။ ဦးသာခေါင် အိပ်သည်နှင့် တပြိုင်နက်
တိရစ္ဆာန်အားလုံးသည် ဗိုလ်ကြီးထံ စုဝေးသွားရောက်ကြရန်
တပြင်ပြင်နှင့်နေကြသည်။ ဗိုလ်ကြီးဆိုလျှင် ဦးသာခေါင်ခြံတွင်း၌ တိရစ္ဆာန်
အားလုံးအနက် မကြည်ညိုသော တိရစ္ဆာန်မရှိ။ ဗိုလ်ကြီးပြောသည်ကို
နားထောင်ရလျှင် တညတလေ အအိပ်ပျက်၍ အရေးမကြီး။
ဦးသာခေါင်အိပ်ပျော်ချိန်တွင် နွားများသည် ခြံမှထွက်၍ လာကြသည်။
ဝက်များကလည်း ဝက်ခြံမှ အလုံးအရင်းနှင့် အစုလိုက် အအုပ်လိုက်
ထွက်လာကြသည်။ မြင်းများကလည်း မြင်းစောင်းမှ ဟီသံပေး၍
တကောင်ချင်း ''လမ်းဒိုးနင်း'' ၍ လာကြသည်။ ကြက်များကလည်း
အိပ်တန်းမှ ကတော်သံပေး၍ လာကြသည်။ တိရစ္ဆာန်များသည်
ဦးသာခေါင်အိမ်ဝင်း တောင်ဖက်ဖျားရှိ ညောင်ပင်ကြီးအောက်တွင်
စုဝေးဖို့ချိန်းကြသည်။ ဗိုလ်ကြီးသည် ညောင်ပင်ရင်းရှိ ကမူပေါ်တွင်
ကောက်ရိုးများခင်း၍ တင့်တယ်စွာ ထိုင်သည်။ သူ့ရှေ့ မနီးမဝေး
တိုင်ငုတ်ပေါ်တွင် မီးခွက်တစ်ခု ထွန်းထားသည်။ ဗိုလ်ကြီးမှာ အသက်
တဆယ့်နှစ်နှစ်ခန့်ရှိပြီ။ ဝက်တို့၏ သက်တမ်းအားဖြင့် ငယ်ရွယ်သူဟု
မဆိုနိုင်။ အသက်ကြီးကာမှ ဝဖြိုး၍လည်းနေသည်။ သို့ရာတွင်
ဗိုလ်ကြီး၏ ဝခြင်း ဖြိုးခြင်းမှာ အရုပ်ဆိုးလောက်အောင် ဝခြင်း ဖီးခြင်းမဟုတ်။
ခံ့ညားတင့်တယ် ရှုချင်ဖွယ်ရှိရုံသာ ဝခြင်း ဖီးခြင်းဖြစ်သည်။
ခပ်သိမ်းသော ဝက်တို့အနက် ဗိုလ်ကြီးလောက် ဝက်၏ ဣန္ဒြေနှင့် ပြည့်စုံသော
ဝက်မည်သည် မရှိ။
ညောင်ပင်ကြီးအောက် ခင်းအပ်သော ကောက်ရိုးနေရာထိုင်ထက်၌
လျောက်ပတ်စွာ ဗိုလ်ကြီး ထိုင်ပြီးသောအချိန်နှင့် မရှေးမနှောင်းတွင်
အခြားတိရစ္ဆာန်များလည်း တစုပြီးတစု ရောက်လာကြသည်။ ပထမဆုံး ဝါမ
ဂုတ်ကျားနှင့် နီပါးတို့ခွေးသုံးကောင် လာသည်။ ထို့နောက်
ဝက်များလာသည်။ ဝက်များသည် ဗိုလ်ကြီးထိုင်သော ကမူရှေ့
ကောက်ရိုးပေါ်တွင် ထိုင်ကြသည်။ ကြက်များက ခြံစည်းရိုးပေါ်၌ အစီအရီ
ဝပ်ကြသည်။ ခိုဖြူခိုပြာနက်တို့က ညောင်ကိုင်းပေါ်တွင် လည်ယှက်ကာ
နားကြသည်။ သိုးနှင့် ဆိတ်တို့က ဝက်များနောက်ဖက်တွင်
ဝင်၍ထိုင်ကြပြီးနောက် နွားများက သူတို့နောက်ဆွယ်မှ ဝပ်ပြီးလျှင်
စားမြံု့ပြန်ရင်း အစည်းအဝေးချိန်ကို စောင့်ကြသည်။ ထိုနွားများထဲတွင်
ဂျိုကားနှင့် ခွာဖြူအမည်ရှိသော နွားပေါက်ကြီးနှင့် နွားမကြီးတို့သည်
ဖြည်းညှင်းစွာ ဝင်လာကြသည်။ ဂျိုကားနှင့် ခွာဖြူတို့သည်
တိရစ္ဆာန်ပရိသတ်ကြီး ထိုင်ရန်ခင်းထားသော ကောက်ရိုးများထဲတွင်
အခြားတိရစ္ဆာန်ငယ်များ မတော်တဆ ဖုံးကွယ်နေက မနင်းမိစေခြင်းငှာ ခွာကို
တဖက်ချင်း တဖက်ချင်း အသာနင်း၍ ဝင်လာကြသည်။ ခွာဖြူမှာ
တတိယအရွယ်ဝင် နွားမိခင်ကြီး ဖြစ်၍ ကျက်သရေရှိသော
နွားအမျိုးသမီးကြီးဖြစ်သည်။ နွားကလေး လေးကောင်မွေးပြီးကတည်းက
ခွာဖြူမှာ ယခင်ကကဲ့သို့ အသားအရေ ပြည့်ဖြိုးလှပခြင်း မရှိတော့ချေ။
ဂျိုကားမှာ ဗလလည်းကောင်းသည်။ အယပ်အမောင်းလည်းကောင်း၍ ရိုးရိုး
နွားနှစ်ကောင်စာလောက် အားရှိသည်။ ပါးနပ်လိမ္မာခြင်းကား ရှိပုံမရ။
သို့ရာတွင် တည်ကြည်ဖြောင့်မတ်ခြင်း အားခွန်ဗလကောင်းခြင်းတို့ကြောင့်
သူ့ကို ခပ်သိမ်းသော တိရစ္ဆာန်တို့က ကြည်ညိုလေးစားကြသည်။ ဂျိုကားနှင့်
ခွာဖြူတို့ရောက်လာပြီးနောက် မုတ်ဆိတ်ခေါ် ဆိတ်ဖြူကြီးနှင့်
မဟော်အမည်ရှိသော လားတို့သည် ရောက်လာကြသည်။ မဟော်သည်
ဦးသာခေါင်၏ တိရစ္ဆာန်များ အနက် အသက်လည်း အကြီးဆုံး
စိတ်လည်းအတိုဆုံးဖြစ်သည်။ စကားလည်း အလွန်နည်းသည်။တခါတရံ
စကားပြောပြန်ပါလည်း အရွဲ့တိုက်၍သာပြောသည်။ ဥပမာဆိုသော်
ဘုရားသခင်သည် သူ့အား ယင်ချောက်ရန် အမြီးကို
ဖန်ဆင်းပေးတော်မူသည်မှာ မှန်သည်။ သို့ရာတွင် သူ့သဘောအရဆိုလျှင်
ဘုရားသခင်သည် သူ့အမြီးကိုလည်း မဖန်ဆင်းစေလို။ ယင်ကိုလည်း
မဖန်ဆင်းစေလိုဟု ဆိုသည်။ တိရစ္ဆာန်များအားလုံးအနက် မဟော်သည်
တခါမျှ ရယ်ခြင်းပြံုးခြင်း မရှိ။ ''ဟေ့ မဟော် နင်ဘာလို့ မရယ်ဒါလဲ'' ဟု
အခြားတိရစ္ဆာန်များက မေးကြသော အခါ မဟော်က ''လောကမှာ
ဘာရယ်စရာရှိလို့ ငါကရယ်ရမှာလည်းဟ'' ဟု ပြန်၍ဖြေသည်။ မဟော်သည်
ဂျိုကားကို အလွန်ချစ်သည်။ သူတို့နှစ်ကောင်သည် အလုပ်အားသည့်နေ့တွင်
စကားမပြောကြဘဲ မြက်ခြံထဲတွင် ဘေးချင်းယှဉ်ကာ အစာစားလေ့ရှိသည်။
နွားကြီးနှစ်ကောင် ဝပ်ပြီးသည်နှင့်တပြိုင်နက် ဘဲကလေးတစ်စုသည်
မိခင်ပျောက်သည်နှင့် လည်ပင်းကလေးများကို မော့၍ ဟိုကြည့်သည်ကြည့်
ကြည့်ကာ တကောင်နောက်တကောင်စီတန်း၍ ဝင်လာကြပြီးလျှင် သူတို့အား
တခြားတိရစ္ဆာန်များ မနင်းမဖိမိမည့်နေရာကို ရှာကြသည်။ ထိုအခါ ခွာဖြူက
သူ၏ခြေထောက်များကို ဖယ်ရှားပေးသဖြင့် ဘဲကလေးများသည် ခွာဖြူ၏
ရင်ခွင်နားသို့ ကပ်၍ တကောင်ပေါ်တကောင်ထပ်ကာ ဝပ်ကြပြီးလျှင်
ချက်ခြင်းပင် အိပ်ပျော်သွားကြသည်။ ထို့နောက် ဦးသာခေါင်
စီးနေကြဖြစ်သော မယ်သီခေါ်သည့် မြင်းမသည် လည်ပင်းက
ကြေးခလောက်သံကလေး တချွင်ချွင်နှင့် ပါးစပ်က ထန်းလျက်ကို မြံု့ရင်း
ဝင်လာသည်။ မယ်သီသည် ပေါတောတော မြင်းမဖြစ်သည်။ သူ့လည်ပင်းက
ကြေးခလောက်သံကို အခြားတိရစ္ဆာန်များ ကြားနိုင်စေခြင်း အလိုငှာ လည်ပင်း
တခါခါလှုပ်၍ ရှေ့နားဆီသို့ ဝင်သွားသည်။ နောက်ဆုံးတွင် မိတိုးမည်သော
ကြောင်မကြီးသည် တောင်မြောက်လေးပါးကို ကြည့်၍ ဝင်လာပြီးလျှင်
ဂျိုကားနှင့် ခွာဖြူကြားသို့ ဝင်၍ တခွီးခွီနှင့် ကွေး၍ အိပ်လေရာ
ဗိုလ်ကြီးဟောပြောသည်ကို တလုံးမျှ မကြားလိုက်ဘဲ ရှိသည်။
ထိုအစည်းအဝေး သို့ ယင်းမာပင်ကွင်း၌ ရှိသော တိရစ္ဆာန်များအနက်
ဦးသာခေါင်မွေးထားသော ငအောခေါ် တောကျီးကန်းကြီးတကောင်မှတပါး
အားလုံး အစုံအညီတက်ရောက်ကြသည်။ တိရစ္ဆာန် ပရိသတ်ကြီးသည်
အစည်းအဝေးခွင်၌ ဘာသာဘာဝ သက်တောင့်သက်သာထိုင်မိကြသောအခါ
ဗိုလ်ကြီးက အဟမ်းအဟမ်းဟု အမ္မသဒ္ဒါပြုပြီးလျှင် မိန့်ခွန်းမြက်ကြားသည်မှာ
ဆိုလတ္တံသည့်အတိုင်းဖြစ်သည်။
''အို ငါနှင့် တကွင်းတည်းနေ ဆင်းရဲဘော်ဆင်းရဲဘက် ရဲဘော်
အပေါင်းတို့၊ ယခုည ဤကဲ့သို့ သောင်းသောင်းဖြဖြ ငါတို့စည်းဝေးကြရခြင်း
အကြောင်းမှာ အခြားကြောင့်မဟုတ်။ ငါမနေ့ညက မြင်မက်သော
အိပ်မက်ထူးကို သင်တို့အားပြောကြားလိုခြင်းကြောင့် ဖြစ်ပါသည်။ ငါသည်
ရဲဘော်တို့အား ငါ၏အိပ်မက်အကြောင်းကို မပြောခင် အခြားအရေးကြီးသော
အကြောင်းများနှင့် စကားပလင်ခံလိုပါသည်။ ငါသည်
စကားပြောဝါသနာပါ၍ စကားမရှိ စကားရှာကာ တောင်စဉ်ရေမရ
စကားတို့ဖြင့် သင်တို့၏ အဖိုးတန်သော အချိန်ကို ဖြုန်းပစ်မည့် သဘောနှင့်
ဤအစည်းအဝေးကို ခေါ်ရခြင်း မဟုတ်သည်ကို သင်တို့အား ရှေးဦးစွာ
သိစေလိုပါသည်။ ငါသည် အသက်ကြီးရင့်ပြီ ဖြစ်သဖြင့် နောက်ကို
ကြာရှည်စွာ သင်တို့နှင့် နေရတော့မည် မဟုတ်ပါ။ သို့ဖြစ်ရာ
ငါမသေခင်တွင် သင်တို့အား ငါဆည်းပူးထားသမျှ ဗဟုသုတများကို
အမွေပေး၍ ပစ်ခဲ့ချင်ပါသည်။ ငါသည် အသက်ကြီးရင့်ပြီဖြစ်သည့်အတိုင်း
ငါ၏ခြံထဲ၌ တကိုယ်ယေတကာယချင်း ဆင်ခြင်သုံးသပ်ဖို့
အချိန်များစွာရခဲ့ပါသည်။ ထိုသို့ အချိန်များစွာ ရခဲ့သည့် အကျိုးအားဖြင့်
ဤလောကကြီးအကြောင်းကို ယခုရှိနေကြသော တိရစ္ဆာန်များအနက်
ငါထက်ပို၍ သိသူရှိမည် မထင်ပါ။ ယခု ငါပြောလိုသောအကြောင်းမှာလည်း
လောကကြီး၏ အကြောင်းပင်ဖြစ်ပါသည်။ ဂရုစိုက်ပြီး နားထောင်ကြပါ။
ရဲဘော်တို့။ ငါတို့လောကကြီးမှာ တိရစ္ဆာန်ရယ်လို့ဖြစ်လာကြပြီး
ဘယ်လိုနေကြရပါသနည်း။ ဟုတ်မှန်သည့်အတိုင်း ငါတို့ ဆင်ခြင်ကြကုန်အံ့။
ငါတို့သည် တိရစ္ဆာန်ရယ်လို့ ဖြစ်လာကြရသည့် အချိန်ကစ၍ တချက်မျှ
အေးကွက်နှင့် မတွေ့ခဲ့ကြရ။ ငါတို့ အလုပ်လုပ်လိုက်ကြရသည်မှာလည်း
မသေရုံတမယ်သာရှိသည်။ ငါတို့သက်တမ်းမှာလည်း သက်ဆုံးနေကြရသည်ဟု
မရှိ။ ငါတို့သည် အမိဝမ်းတွင်းမှ ကျွတ်လာကြသည်နှင့် တပြိုင်နက်
မသေရုံသာ စားကြရသည်။ ငါတို့အထဲမှ အလုပ်လုပ်နိုင်သော
တိရစ္ဆာန်များလည်း အင်ကုန် အားကုန်လုပ်ကြရသည်။
အလုပ်မလုပ်နိုင်သောအချိန်သို့ ရောက်ပြန်တော့လည်း ငါတို့ကို ရက်စက်စွာ
သတ်ဖြတ်၍ ပစ်ကြသည်။ ဤလောကမှာ ရှိတဲ့ တိရစ္ဆာန်များအနက်
အသက်တနှစ်ပြည့်သည်နှင့် တပြိုင်နက် ဘယ်သူများ စိတ်ချမ်းသာ
လက်ချမ်းသာ နေကြရပါသနည်း။ ဘယ်သူများ အားလပ်ခွင့်
ရကြပါသနည်း။ လောကမှာ လွတ်လပ်တဲ့ တိရစ္ဆာန်ရယ်လို့
ဘယ်တကောင်များ ရှိပါသလဲ။ လောကမှာ တိရစ္ဆာန် ဖြစ်ရခြင်းထက်
ဆင်းရဲတဲ့ဘဝ မလွတ်လပ်တဲ့ ဘဝများ ရှိပါသေးသလား။ မရှိပါဘူး။
အဲဒါဟာ ပကတိ သဘောအားဖြင့် ထင်ရှားတဲ့ အချက်ကြီးပါဘဲ။
သည်ကဲ့သို့ ငါတို့ ဆင်းရဲကြရခြင်းမှာ သဘာဝ ဓမ္မအလျောက်
ဆင်းရဲရခြင်း မဟုတ်ပါ။ ဒီနိုင်ငံမှာ အားလုံး ဝဝဖြိုးဖြိုး စားလောက်အောင်
အသီးအနှံ မပေါက်ရောက်လို့ လုပ်ခင်းဆောင်တာ မရှိလို့ ဆင်းရဲကြရမည်
ဆိုလျှင်ငါတို့ စိတ်ဖြေနိုင်ပါသေးသည်။ ယခုတော့ ဖောင်စီးရင်း
ရေငတ်နေရတော့ အဘယ်မှာ ငါတို့ ကြေနပ်နိုင်ပါမည်နည်း။ ဒီနိုင်ငံဟာ
မြေဩဇာလည်း ကောင်းသည်။ ရာသီဥတုလည်းကောင်းသည်။ မျှမျှ
တတသာ ရှိကြမည်ဆိုလျှင် ယခုရှိနေသော တိရစ္ဆာန်များသာ မဟုတ်။
နောက်ထပ် တိရစ္ဆာန်ပေါင်းများစွာကိုပင် ဝဝဖြိုးဖြိုး ကျွေးထားနိုင်ပါသည်။
ဥပမာ ဒီ ဦးသာခေါင်ပိုင်တဲ့ လယ်ယာက ထွက်တာတစ်ခုထဲနှင့် ဘဲ နွားတွေ
ဆိတ်တွေ သိုးတွေ ဝက်တွေ ကြက်တွေ အမြောက်အမြားကို ဝဝလင်လင်ကြီး
ကျွေးထားနိုင်ပါသည်။ ယခုတော့ ဝဝလင်လင် စားရဘို့
တင့်တောင့်တင့်တယ်နေနိုင်ဘို့ ဆိုသည်ကို စိတ်ကူးတောင် ထည့်လို့
မရပါဘူး။ ဒီလိုဖြစ်ရတာဟာ တခြားကြောင့် မဟုတ်ပါ။ ငါတို့
ချွေးနှီးစာတွေမှန်သမျှကို လူသားတွေကချည်း
သိမ်းကျံုးယူနေကြလို့ဖြစ်ပါသည်။ ဒီအကြောင်းကို ငါတို့ နားလည်မှု
ရလာကြသည်နှင့် တပြိုင်နက် ငါတို့ အငတ်ပြဿနာကြီးဟာ တခါတည်း
ပြေပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် တိုတိုပြောရမယ်ဆိုလျှင် ငါတို့ရဲ့
တစ်နံပါတ်ရန်သူဟာ တခြားသူ မဟုတ်ပါ။ ''ခြေနှစ်ချောင်းနဲ့
နားရွက်တို''ခေါ်တဲ့ လူသားတွေပါဘဲ။ ဒါကြောင့် ငါတို့ရဲ့ အငတ်ပြဿနာနဲ့
အလုပ်မအားအောင် လုပ်ရတဲ့ ပြဿနာကို တခါတည်း အပြီးအပိုင်
ဖြေဖြတ်ချင်တယ် ဆိုရင် လူသားတွေကို အပြီးတိုင် သုတ်သင်၍ပစ်မှ
ဖြစ်နိုင်ပါမည်။
လောကကြီးတခုလုံးမှာ သတ္တဝါအားလုံးအနက် ပစ္စည်းထွက်အောင်
မလုပ်ဘဲနဲ့ သက်သက်ဖြုန်းတီးပစ်နေတဲ့ သတ္တဝါရယ်လို့ လူသတ္တဝါ
တမျိုးဘဲ ရှိပါတယ်။ လူဟာ နို့ကိုလဲ မပေးနိုင်ပါဘူး။ ဥကိုလဲ
မပေးနိုင်ပါဘူး။ ထွန်ကိုလည်း သူ့အားနဲ့သူ မရုန်းနိုင်ပါဘူး။ ယုန်တို့
ပဒတ်တို့ကိုတောင် သူ့ဟာသူ မှီအောင် လိုက်ဖမ်းနိုင်တဲ့သတ္တဝါ
မဟုတ်ပါဘူး။ လောကတွင် လူ့ထက် အဖျင်းနိုင်တဲ့သတ္တဝါမရှိပါ။ ဒီလိုသာ
အဖျင်းနိုင်တယ် အားလုံးသော တိရစ္ဆာန်များအပေါ်မှာတော့ သူက
ဗိုလ်လုပ်နေပါတယ်။ အားလုံးသော တိရစ္ဆာန်များဟာ သူခိုင်းသမျှ အလုပ်ကို
လုပ်ရပြီး မသေရုံ သူကျွေးသမျှကိုသာ စားနေကြရဒါဟာလဲ ရဲဘော်တို့
သိတဲ့အတိုင်းပါဘဲ။ တိရစ္ဆာန်များလုပ်လို့ရတဲ့ ပစ္စည်းများအနက်
တိရစ္ဆာန်များကို ပြန်ကျွေးဒါဟာ ဘာမှ မဖြစ်လောက်ပါဘူး။ ကျန်တာတွေကို
သူတို့ဘဲ အကုန်သိမ်းကျံုးယူပါတယ်။ မြေကြီးကို ထွန်စရာရှိရင်လည်း ငါတို့
တိရစ္ဆာန်တွေဘဲ ထွန်ရတယ်။ မြေဩဇာ ကျွေးတော့လည်း ငါတို့ချေးနဲ့ဘဲ
ကျွေးရတယ်။ ဒီလိုသာဖြစ်တယ် ငါတို့တတွေမှာတော့ ငါတို့
ကိုယ်ပိုင်ဥစ္စာဆိုလို့ အရိုးနဲ့ အရေဘဲ ရှိကြရတယ်။ ကုန်ခဲ့တဲ့နှစ်ကဆိုရင်
ငါတို့အားနွားနို့ ဘယ်နှစ်ပိသာလောက်ပေးကြရတယ်ဆိုတာ နွားမတွေက
သက်သေခံနိုင်ပါတယ်။ သဘာဝဓမ္မအတိုင်း နွားကလေးတွေ စို့ကြရမယ့်
နို့တွေဟာ ဘယ်ရောက်ကုန်သလဲ။ ငါတို့ ရန်သူတွေဖြစ်တဲ့ လူသားတွေ
လည်ချောင်းပေါက်ထဲကို အကုန်အစင် စီးဝင်တယ်မဟုတ်ပါလား။
ကိုင်းဒီဘက်က ကြက်မများကလဲ ပြောကြစမ်းပါအုံး။ မနှစ်က သင်တို့
ဥပေးတဲ့ကြက်ဥတွေထဲက ဘယ်နှစ်ဥများ ကြက်ကလေးတွေ
ပေါက်ရတာရှိသလဲ။ သင်တို့ ဥပေးသမျှတွေဟာ ဦးသာခေါင်တို့
အကျိုးခံစားဖို့အတွက် ဈေးထဲချရောင်းပစ်တာချည်းဘဲ မဟုတ်လား။ ကိုင်း
ဒေါ်ခွာဖြူမွေးပေးတဲ့ နွားကလေး လေးကောင်ကော ဘယ်ရောက်သွားသလဲ
အသက်တနှစ်ပြည့်တာနဲ့ တပြိုင်နက် ဦးသာခေါင်ကောင်းစားဘို့
ရောင်းပစ်လိုက်တယ် မဟုတ်လား။ ဒီလို ဦးသာခေါင်က ပိုင်စိုးပိုင်နင်း
လုပ်မပစ်လို့ အခုနေများ ဒေါ်ခွာဖြူမွေးသမျှ နွားကလေး လေးကောင်လုံး
ဒေါ်ခွာဖြူနဲ့ ဥမကွဲ သိုက်မပျက်ရှိနေကြမယ်ဆိုရင် အခုလို ဒေါ်ခွာဖြူ
အသက်ကြီးလာသည့်အခါ ဆေးပေးမီးယူ အားကိုးဖို့ မရပေဘူးလား။
အခုတော့ ဦးသာခေါင် ကျေးဇူးကြောင့် ဒေါ်ခွာဖြူရဲ့
သားသမီးလေးကောင်လုံး မပြန်လမ်းကို မြန်းကုန်ကြပါပြီ။ ဒါဟာ အင်မတန်
ရင်ထုမနာ ဖြစ်ဖို့ ကောင်းပါတယ်။ တခုလဲ ဒေါ်ခွာဖြူ
စဉ်းစားကြည့်စေချင်ပါတယ်။ ဒေါ်ခွာဖြူက နွားကလေး လေးကောင်လဲ
မွေးပေးရတယ်။ ကိုယ်တိုင်လဲ လယ်ထဲမှာ နေပူမရှောင် မိုးရွာမရှောင်
ပခုံးပေါက်အောင် ဆင်းထွန်ရသေးတယ်။ ပြီးတော့ ဒေါ်ခွာဖြူမှာ ဘယ်လို
အကျိုးခံစားရပါသလဲ။ မသေရုံစားပြီး မအားအောင်လုပ်ရတာဘဲ မဟုတ်လား။
အင်း တခုတော့ ပြောစရာရှိသပေါ့ခင်ဗျာ။ ဦးသာခေါင်က ဒေါ်ခွာဖြူနေဘို့
ခြံကလေးတော့ ခတ်ပေးသပေါ့။ ဒီအတွက်တော့လဲ ဦးသာခေါင်ကို
ကျေးဇူးတင်ထိုက်ပါတယ်။ ဒါပေမဲ့ လောကမှာ တိရစ္ဆာန်ရယ်လို့
ဖြစ်လာရတယ်ဆိုရင် ကိုယ့်ခြံကလေးနဲ့ ကိုယ် နေပြီး ရွှေကျောင်းပြောင်ပြောင်
ဝမ်းခေါင်ခေါင် ဖြစ်နေရမယ်ဆိုရင် ဘယ်မှာ မွန်မြတ်တဲ့ တိရစ္ဆာန်
ဖြစ်ရကျိုးနပ်တော့မှာလဲ။
ပြီးတော့ အဲဒီလို ငါတို့ တိရစ္ဆာန်တွေမှာ ဆင်းရဲခြင်းနှင့် ရင်နှီးစွာ
နေကြရရုံတွင် မပြီးသေးဘူး။ ဘယ်တော့မှ သက်တမ်းပြည့် နေရတယ်လို့လဲ
မရှိကြဘူး။ ငါကိုယ်တိုင်အဖို့ မှာတော့ ကံကောင်းထောက်မလို့
ချမ်းချမ်းသာသာ နေရပါတယ်။ ညည်းတွားစရာ မရှိပါဘူး။
အခုငါ့အသက်ဟာဆိုရင်လဲ တဆယ့်နှစ်နှစ်ရှိပြီ။ ဝက်ထဲမှာတော့ ငါဟာ
သက်တော်ရှည်ပေါ့။ ငါက ပေါက်ပွါးတဲ့သားသမီးတွေလဲ အခုဆိုရင်
လေးရာထက်နဲတော့မယ် မဟုတ်ပါဘူး။ သို့သော် တခြားတိရစ္ဆာန်တွေထဲမှာ
ငါလို အိုအောင်မင်းအောင်နေရတဲ့ တိရစ္ဆာန်ရယ်လို့
ဘယ်နှစ်ကောင်များရှိပါသလဲ။ တကောင်မှ မရှိပါဘူး။ အားလုံးသော
တိရစ္ဆာန်များဟာ အဆုံးတနေ့မှာ နာဖျားပြီးသေရတယ်မရှိဘဲ
သက်တမ်းမစေ့ခင် လူသားတို့လက်ချက်နဲ့ သေကုန်ကြရတာ ချည်းပါဘဲ။
ဟောဒီငါ့ရှေ့နားက ထိုင်နေကြတဲ့ဝက်ကလေးတွေ ဆိုယင်လဲ တနှစ်အတွင်း
ဝက်ထိုးလှံဖျားမှာ အမေကယ်ပါ ဘကယ်ပါ အော်ပြီး
အသက်ပျောက်ကြရမှာဘဲ။ အဲဒီလို သေခြင်းဆိုးနဲ့ သေရမဲ့အဖြစ်ဟာလဲ
ဝက်များ တဦးထဲ အဖို့ မဟုတ်ပါဘူး။ နွားရော သိုးရော ဆိတ်ရော ဘဲရော
ကြက်ရော အားလုံးနဲ့ သက်ဆိုင်တဲ့ အဖြစ်ပါ။ ဟောဒီဖက်က
ဦးဂျိုကားကြီးဆိုရင်လဲ အခုအရွယ်ကောင်းလို့ အလုပ်လုပ်နိုင်တုန်းသာ
အသက်ရှင်နေရမှာပါ။ အသက်ကြီးလာလို့ အလုပ်
မလုပ်နိုင်တော့ဘူးဆိုတဲ့တနေ့ကျရင် ဦးသာခေါင်က သားသတ်ရုံကို
ပို့လိုက်ဦးမှာပါဘဲ။ ခွေးတွေတောင်မှ အိုလာတယ်ဆိုရင် ဟဲ့ ခွေးအိုကြီး
နင့်ကို ကျွေးမထားနိုင်ဘူးဆိုပြီး မောင်းချလိုက်တယ်မဟုတ်လား။
အတိုချုပ်ပြောရမယ်ဆိုယင် ငါတို့ တိရစ္ဆာန်တွေ ခံစားနေကြရတဲ့
ဘေးဒုက္ခတွေဟာ တခြားကြောင့် မဟုတ်ဘူး။ လူသားတွေမတရားတဲ့
အတွက်ဘဲဆိုတာ ဆင်ပေါ်မှာ အလံစိုက်သလို အင်မတန်ထင်ရှားပါတယ်။
ဒါကြောင့် ငါတို့ဟာ လူသားတွေကို အကြွင်းမဲ့သုတ်သင်ပစ်ဖို့
အရေးကြီးပါတယ်။ ဒီတော့မှသာ ငါတို့လုပ်လို့ ရသမျှပစ္စည်းတွေကို
ငါတို့ချည်းပိုင်ကြပြီး နေ့ချင်းညချင်း ဆိုသလို လွတ်လပ်ရေးကို ရကြမယ်။
ချမ်းသွာကြယ်ဝကြမယ်။ အဲဒီတော့ ငါတို့ ဘယ်လိုလုပ်ကြရမလဲ ဆိုယင်
လူသားတွေကိုတော်လှန်ပစ်ဖို့အတွက် အသားကြေကြေ အရေခမ်းခမ်း
မနားမနေ ကြိုးစားကြရမယ်။ တိုတိုပြောရမယ်ဆိုရင် လူသားတွေကို
ပုန်ကန်ကြရမယ်။ ယခု ငါတို့လုပ်မဲ့ တော်လှန်ရေး လုပ်ငန်းကြီးဟာ
ဘယ်တော့ အောင်မြင်မှာလဲ လို့တော့ အသေအချာ ပြောနိုင်ဖို့ ခက်တယ်။
တိရစ္ဆာန် တကောင်ကောင်းဖို့ အတွက် တနှစ်လောက်လုပ်ရရင် ကြာတယ်လို့
ဆိုနိုင်တယ်။ ဒါပေမဲ့ တိရစ္ဆာန်အားလုံးကောင်းဖို့ အတွက် လုပ်တဲ့အခါမှာ
အနှစ်တရာကို ကြာတယ်လို့ မထားကောင်းဘူး။ ငါတို့ဟာ အမြော်အမြင်
ကြီးကြီးနဲ့ လုပ်ကြရမယ်။ ပထမ စပြီးလုပ်ဖို့ဘဲ အရေးကြီးတယ်။ ငါတို့
စိတ်ထဲက အနှစ်တရာလောက်ကြာမှ တော်လှန်ရေးကြီး
အထမြောက်လိမ့်မယ်လို့ မှန်းထားပေမဲ့ အစစအကြောင်းညီညွတ်လျှင် တနှစ်
နှစ်နှစ်အတွင်း အောင်မြင်ချင်လဲ အောင်မြင်မယ်။ လေးငါးဆယ်နှစ်အတွင်း
အောင်မြင်ချင်လဲ အောင်မြင်မယ်။ သို့သော် ဘယ်နှစ်နှစ်ပင်ကြာသည်ဖြစ်စေ
ငါတို့ ဝတ္တရားမှာ ယခုညကစပြီး အလုပ်လုပ်ကြဖို့ဘဲ ဖြစ်တယ်။ ငါတို့ဟာ
တကောင်ချင်း နှစ်ကောင်ချင်း တစုချင်း နှစ်စုချင်း အကျိုးကို မကြည့်ဘဲနဲ့
တိရစ္ဆာန်အားလုံး၏ အကျိုးကို ရှေးရှုပြီး ညီညီညွတ်ညွတ်လုပ်ကြမယ်ဆိုရင်
မြေကြီးကို လက်နဲ့ပုတ်ယင်သာ လွဲချင်လွဲမယ်။ ငါတို့ တော်လှန်ရေးကြီး
ထမြောက် အောင်မြင်ဖို့ဟာ မလွဲနိုင်ပါဘူး။ ဒါကြောင့် ငါတို့
အသက်ရှင်နေကြရသည့် အတောအတွင်း အချိန်ကလေးမှာ မေ့မေ့လျော့လျော့
မနေကြဖို့ ငါတိုက်တွန်းပါတယ်။ ထို့ပြင် ငါတို့ တော်လှန်ရေးကြီး
တနေ့တွင် ထမြောက်အောင်မြင်နိုင်ရန်အတွက် ငါတို့ သားမြေးများကို
အစဉ်အဆက် မှာကြားထားခဲ့ကြဖို့ကိုလည်း ရဲဘော်တို့ မမေ့ကြပါနဲ့။
ရဲဘော်တို့ သင်တို့၏ တော်လှန်ရေး အဓိဋ္ဌာန် ကြီးဟာ ဘယ်အခါမှ
တိမ်းပါးခြင်း မရှိအောင်လည်း အထူးသတိပြုကြပါ။ ဘယ်သူက
ဘာပြောပြော နားမယောင်ကြပါနှင့်။ အကယ်၍ တစုံတယောက်သောသူက
လူသားများနှင့် တိရစ္ဆာန်တို့မှာ ရန်သူမဟုတ် စီးပွားဖက်သာဖြစ်ပါသည်ဟု
ပြောလာလျှင်လည်း မယုံကြပါနှင့်။ မီးနှင့် ရေမှ ဂဟေစပ်ချင် စပ်ဦးမည်။
လူသားများနှင့် တိရစ္ဆာန်တို့မှာ ဘယ်နံရောအခါမျှ သဟဇတ ဖြစ်ဖို့ မရှိပါ။
လူသားတို့ ကောင်းစားခြင်းသည် တိရစ္ဆာန်တို့၏ နစ်မွန်းခြင်းတည်း။
လူသားတို့ ကောင်းစားလျှင် တိရစ္ဆာန်တို့လည်း ကောင်းစားလိမ့်မည်
ဆိုခြင်းဟာ မီးသွေးကို ဖြူတယ်ဆိုခြင်းနှင့်သာ တူပါတယ်။ လူသားတို့သည်
သူတို့ အကျိုးတခုမှတပါး ဘယ်သတ္တဝါ၏ အကျိုးကိုမှ ဆောင်ရွက်ကြမည်
မဟုတ်ပါ။ တော်လှန်ရေးကို လုပ်ကြရာတွင် ငါတို့ တိရစ္ဆာန်များသည်
တဦးနှင့် တဦး အကြွင်းမဲ့ညီညွတ်ခြင်း ရှိကြပါစေ။ တဦးနှင်တဦး ရေပက်၍
မဝင်သော ရဲဘော်စိတ် ထားကြပါ။ လူသားမှန်သမျှကိုလည်း ငါတို့
ရန်သူဟု သဘောထားကြပါ။ တိရစ္ဆာန်မှန်သမျှ တို့ရဲဘော်ချည်း
အောက်မေ့ပါ။
ထိုအခိုက်တွင် အစည်းအဝေးလန့်၍ ရုတ်ရုတ်ရုတ်ရုတ်
ဖြစ်၍သွားသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ဗိုလ်ကြီးက တော်လှန်ရေး
အမြိုက်ရေအေး တိုက်ကျွေးနေစဉ် မြေကြွက်ကြီးလေးကောင်သည်
တွင်းထဲမှထွက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ တရားနာနေကြသည်ကို
ခွေးများကမြင်သဖြင့် တအားထိုး၍ လိုက်ကြသောကြောင့် ဖြစ်သည်။
မြေကြွက်ကြီးလေးကောင်းမှာလည်း တွင်းထဲသို့ ဝင်၍ အပြေးမြန်သဖြင့်သာ
သီသီကလေး အသက်ဘေးမှ ချမ်းသာရာ ရကြသည်။ အစည်းအဝေး
ရုတ်ရုတ်ရုတ်ရုတ်နှင့် ဖြစ်သွားသောအခါ ဗိုလ်ကြီးက ရှေ့လက်တစ်ဖက်ကို
မြှောက်၍ ကိုယ့်နေရာ ကိုယ်ပြန်ထိုင်၍ ငြိမ်ငြိမ်နေကြရန်ပြောသည်။
တိရစ္ဆာန်ပရိသတ် ငြိမ်သွားသောအခါ ဗိုလ်ကြီးက ဒီအစည်းအဝေးက
ဆုံးဖြတ်ပေးဖို့ အရေးကြီးသည့် ကိစ္စကြီးတစ်ခု ပေါ်လာပါတယ်။ ဒီကိစ္စဟာ
တစ်ခြားမဟုတ်ပါဘူး။ ကြွက်လို ယုန်လို တိရစ္ဆာန်အရိုင်းများကို မိတ်ဆွေလို
သဘောထားမလား။ ရန်သူလို သဘောထားမလား ဆိုတဲ့ကိစ္စပါဘဲ။ ဒီကိစ္စကို
အများဆန္ဒအရ မဲပေးပြီး ဆုံးဖြစ်စေလိုပါတယ်။ ဒါကြောင့် ကြွက်များသည်
ငါတို့၏ ရဲဘော်များဖြစ်သည် ဆိုသော အဆိုကို မဲနှင့် ဆုံးဖြတ်နိုင်ရန်
အစည်းအဝေးသို့ တင်ပြပါတယ် ဟု ပြောသည်။
မဲခွဲသောအခါ ကြွက်များသည် ရဲဘော်များဖြစ်သည်ဆိုသောဖက်မှ
မဲအမြောက်အမြားနှင့် နိုင်သည်။ ကန့်ကွက်သူလေးဦးသာရှိသည်။ထိုလေးဦးမှာ
ခွေးသုံးကောင်နှင့် ကြောင်တကောင် ဖြစ်သည်။ ထိုခွေးသုံးကောင်နှင့်
ကြောင်တကောင်သည်ပင် မဲပေးသည့်အခါတွင် ကြွက်များသည်
ရဲဘော်များဖြစ်သည် ဆိုသော ဖက်ကလည်း ပေး၍ ကန့်ကွက်သည့်
ဖက်ကလည်း ပေးကြသည်။
ထို့နောက် ဗိုလ်ကြီးက ဆက်၍ ယခု အရေးကြီးသည့် ကိစ္စကို
ဒီမိုကရေစီနည်းအရ မဲခွဲ၍လည်း ဆုံးဖြတ်ပြီးပါပြီ။ နောက်ထပ်ပြောစရာလဲ
မရှိတော့ပါဘူး။ ဒီတော့ နောက်ဆုံးပိတ် နိဂုံးချုပ် စကားအဖြစ်နဲ့
ပြောပြီးသားစကားများကိုဘဲ အတိုချုပ် ထပ်ပြီး ပြောချင်ပါသည်။
တစ်အချက်တွင် လူသားများနှင့် လူသားများရဲ့ ထုံးစံများကို
စက်ဆုတ်ရွံရှာကြဖို့ အမြဲသတိရကြပါ။ ခြေနှစ်ချောင်းမှန်သမျှကို ရန်သူလို
သဘောထားကြပါ။ ခြေလေးချောင်းမှန်သမျှဟာ ရဲဘော်ချည်းဆိုတာကိုလဲ
မမေ့ကြပါနဲ့။ တခုလဲ သတိပေးချင်ပါသေးတယ်။ လူသားများကို
တော်လှန်သည့်အခါမှာ လူသားများလိုလဲ မလုပ်ကြပါနဲ့။ ပြီးတော့ ငါတို့ဟာ
လူသားများကို အောင်မြင်ပြီးသည့် နောက်ကျတောင်မှဘဲ လူသားများရဲ့
အကျင့်ဆိုးများကို အတုမယူကြပါနဲ့။ ဘယ်တိရစ္ဆာန်မျှ လူသားများလို
အိမ်နှင့် မနေကြဖို့ အိပ်ရာနှင့် မအိပ်ကြဖို့ အဝတ်မဝတ်ကြဖို့
အရက်မသောက်ကြဖို့ ဆေးလိပ်မသောက်ကြဖို့ ငွေစမကိုင်ကြဖို့
ကုန်ရောင်းကုန်ဝယ်မလုပ်ကြဖို့ သတိကြီးကြီးထားကြပါ။ လူသားကျင့်
လူသားကြံများဟာ တစ်ခုမှ မကောင်းပါဘူး။ အရေးကြီးဆုံးကတော့ ငါတို့
တိရစ္ဆာန် ဘဝတူချင်းချင်း တကောင်နဲ့တကောင် နိုင့်ထက်စီးနင်း
နှိပ်စက်ကလူ မလုပ်ကြဖို့ပါဘဲ။ ငါတို့ တိရစ္ဆာန်များဟာ အားကြီးသူဖြစ်စေ
အားနည်းသူဖြစ်စေ နားလည်မှုရှိသုဖြစ်စေ နားလည်မှု မဲ့သူဖြစ်စေ
ညီအစ်ကိုမောင်နှမချည်းပါဘဲ။ တိရစ္ဆာန်များဟာ ဘယ်သူကမှ
ဘယ်သူ့ထက်မသာဘဲ အားလုံး တန်းတူချည်း ဖြစ်သည်ကိုလည်း
အထူးသတိပြုစေလိုပါသည်။
ရဲဘော်တို့ အချိန်လဲ အတော်နဲသွားပါပြီ။ အခု
ငါ့အိပ်မက်အကြောင်းကို ပြောပါတော့မယ်။ ငါ့အိပ်မက်ကို ရဲဘော်တို့
နားလည်အောင် ပြောနိုင်ဖို့တော့ မလွယ်ပါဘူး။ ငါ့အိပ်မက်ကတော့
လောကကြီးမှာ လူသားများ ပျောက်ကွယ်သွားသည့်အခါတွင် ဘယ်လို
သာယာဝပြောရှိမည်ဆိုတဲ့ နိမိတ်ပြအိပ်မက် ဖြစ်ပါတယ်။ ဒီအိပ်မက်
မက်တော့မှဘဲ ငါအယင်တုန်းက မေ့နေဒါတခုလဲ ပြန်ပြီး သတိရတယ်။
ငါတို့ငယ်ငယ်တုန်းက နှစ်ပေါင်းများစွာ ကြာပါပြီ။ ငါနို့စို့သား
အရွယ်တုန်းက ငါတို့ အမေရယ် တခြားဝက်မကြီးတွေရယ် ဆိုကြတဲ့
သီချင်းတပုဒ်ကို ငါပြန်သတိရတယ်။ အဲဒီသီချင်းကိုလဲ ပထမစကား
သုံးလုံးသာ မှတ်မိပြီး အသွားကိုသာ ဆိုတတ်တယ်။ အဲဒီသီချင်းသွားလည်း
ငါငယ်ငယ်တုန်းကတော့ အလွတ်ရပါတယ်။ ကြီးလာတော့ မေ့သွားတယ်။ အဲ
ညတုန်းက အိပ်မက်မက်တော့မှဘဲ ပြန်သတိရတယ်။ တေးသွားဒင်
မဟုတ်ဘူး။ စကားလုံးတွေပါ အကုန်ပြန်ပေါ်လာတယ်။ အဲဒီသီချင်းက ငါတို့
တိရစ္ဆာန် ဘိုး ဘေး ဘီ ဘင်တွေ အစဉ်အဆက် ဆိုလာပြီးနောက်
ကာလရွေ့လျောတော့ နောင်လာနောက်သား တိရစ္ဆာန်တွေက
မေ့ကုန်ကြတယ်။ အဲဒီ သီချင်းကို ငါအခု ဆိုပြမယ်။ ရဲဘော်တို့
နားထောင်ကြပါ။ ငါကအသက်ကြီးတော့ အသံလဲ အဲ့တဲ့တဲ့ ဖြစ်နေတယ်။
သို့သော်လဲ ရဲဘော်တို့ ဆိုတတ်လောက်အောင်တော့ ငါသင်ပေးနိုင်ပါတယ်။
ရဲဘော်တို့ ကိုယ်တိုင် ဆိုတတ်တော့ အသံကောင်းကောင်းနဲ့ ကိုယ့်ဟာကို
ဆိုကြပေါ့။ အဲဒီ သီချင်းက ''ဒို့တိရစ္ဆာန်သီချင်း'' လို့ ခေါ်ပါတယ်။''
ထိုသို့ ပြောပြီးလျှင် ဗိုလ်ကြီးသည် သလိပ်ဟက်၍
လည်ချောင်းရှင်းကာ ဆိုပြသည်။ သူ့ အသံမှာ သူပြောသည့်အတိုင်းပင်
အနည်းငယ် အက်တက်တက် ဖြစ်၍ နေသော်လည်း ဗိုလ်ကြီးသည်
''ဒို့တိရစ္ဆာန်သီချင်း'' ကို စည်းဝါးကျ၍ နားထောင်ကောင်းအောင်
ဆိုပြနိုင်သည်။ ဒို့တိရစ္ဆာန်သီချင်းမှာ ခပ်သိမ်းသော တော်လှန်ရေးသီချင်းများ
ကဲ့သို့ ကြက်သီးမွေးညှင်းထစေသော သီချင်းဖြစ်သည်။ ဒို့တိရစ္ဆာန်သီချင်း၏
အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တကမ္ဘာလုံးက တိရစ္ဆာန်တွေ၊
မိုးအောက်ရှိသမျှ တိရစ္ဆာန်တွေ၊
အပြည်ပြည်က တိရစ္ဆာန်တွေ၊
ဒို့ခေတ်ကိုသာ မြှော်ကြ၊ မြှော်ကြ။ ။
နှေးနှေးမြန်မြန် ဒို့ခေတ်ရောက်မည်အမှန်၊
မသာမာလူသား သေရွာသွားလျှင်၊
လယ်ယာမှန်သမျှ ဒို့ပိုင်ကြလျက်၊
ဝစွာစားကာ လွတ်လပ်မှာတည်း။ ။
နဖါးကြိုးလည်းပျောက်၊
ထမ်းပိုးလည်းပျောက်၊
နကန်ကိုချိုး နှောင်ကြိုးကိုဖယ်၊
လာမယ်ကွဲ့ ဒို့ခေတ်။ ။
စပါးကပေါ နှမ်းကပေါ၊
ပြောင်းရိုးကလှိုင် ကောက်ကမြိုင်လို့၊
နှမ်းဖတ်ကပို မြက်ကချို၊
စိမ်းစိုဘိခြင်း ဒို့လယ်ခင်း။ ။
မြက်စိမ်းလို့ ရေကြည်၊
လေပြည်ကပျံ့သင်း၊
ဒို့ခေတ်ရောက်လျှင်၊
ပျော်ဘို့သာပြင်။ ။
နွားဆိတ်ဝက် ဝမ်းဘဲကြက်တို့၊
မပျက်မယွင်း ကြိုးစားခြင်းဖြင့်၊
ဒို့ခေတ် ဒို့ခါ ဆိုက်ရောက်လာမည်၊
မြှော်ကြခပင်း လွတ်လပ်ခြင်း။
ဗိုလ်ကြီးအမှူးရှိသော တိရစ္ဆာန်အပေါင်းသည် ဒို့တိရစ္ဆာန်သီချင်းကို
ဒေါပါပါ မာန်ပါပါ သံကုန်ဟစ်၍ ဆိုကြပြီးလျှင်
ကြက်သီးမွေးညှင်းထလျက်ရှိသည်။ ဗိုလ်ကြီးက ဆိုပြ၍မှ မဆုံးခင်ပင်
အားလုံးသော တိရစ္ဆာန်တို့က လိုက်၍ဆိုကြသည်။ အချို့ဉာဏ်မကောင်းသော
တိရစ္ဆာန်တို့မှာ တေးသွားနှင့် စကားလုံးအနည်းငယ်ကိုသာ
လိုက်၍ဆိုနိုင်သည်။ ခွေးနှင့် ဝက်တို့ကဲ့သို့ ဉာဏ်ကောင်းသော
တိရစ္ဆာန်တို့မှာ ခဏခြင်းပင် အလွတ်ဆိုနိုင်ကြသည်။ မလိုက်နိုင်သေးသော
တိရစ္ဆာန်များကို လိုက်နိုင်အောင် အနည်းငယ် သင်ပေးပြီးနောက်
ဒို့တိရစ္ဆာန်သီချင်းကို အားလုံးပြိုင်၍ ဆိုကြသည်မှာ မိုးပြိုမတတ်ဖြစ်သည်။
နွားများကလည်း ဝတ်ထလိန်းကြသည်။ ခွေးများကလည်း ဝုတ် ဝုတ်
ကြသည်။ ဆိတ်များကလည်း ဗဲ့ ဟဲ့ဟဲ့ ကြသည်။ မြင်းများကလည်း
ဟီကြသည်။ ကြက်များကလည်း တွန်ကြသည်။ ဝမ်းဘဲတို့က ဂတ်ကြသည်။ တငူ
တိရစ္ဆာန်တို့သည် ဒို့တိရစ္ဆာန် သီချင်းကို အားကြီး သဘောကျကြသဖြင့်
ခုနှစ်ကြိမ်တိုင်တိုင် မရပ်မနားဘဲ ဆက်ကာ ဆိုကြသည်။
ခုနှစ်ကြိမ်ဆိုပြီးနောက် အမောပြေစေရန် ဝက်များက သံချပ်တိုင်၍
ကျန်တိရစ္ဆာန်တို့က လိုက်ကြသည်။ သံချပ်မှာ
မီးသွေးခဲမို့ မဲသကိုဗျ၊ ဒို့တိရစ္ဆာန်မို့ ရဲသကိုဗျ။ တိရစ္ဆာန်တို့
ကျက်သရေ၊ ကမ္ဘာသင်္ချေ ပြောလို့ မဆုံး။ တိရစ္ဆာန်ကို ပြိုင်မဲ့ဆို၊
နင်တို့ကိုယ် မှန်နဲ့ ကြည့်အုံး စသည်ဖြင့် ဖြစ်သည်။ တိရစ္ဆာန်တို့သည်
သံချပ် ထိုးပြီးနောက် သံပြိုင်တင်၍ ''တကမ္ဘာလုံးက တိရစ္ဆာန်တွေ ညီကြ''
ဟု သုံးကြိမ် အော်ကြသည်။ တပြိုင်နက် တခဲနက် အော်ကြသော
တိရစ္ဆာန်တို့၏ အသံမှာ နားပွင့်မတတ်ဖြစ်သဖြင့် ဦးသာခေါင် အိပ်ရာမှ
လန့်နိုးသည်။ ဦးသာခေါင်သည် အိပ်ရာမှ ကမူးရှူးထိုးနှင့်ထ၍
ကျားသစ်ဝင်သည် အထင်နှင့် အိပ်ရာခေါင်းရင်းတွင် ထောင်၍ထားသော
နှစ်လုံးပြူးသေနတ်ကိုဆွဲ၍ ကိုးလုံးကျည်နှင့် ဆူဆူညံညံ ကြားရာဖက်သို့
စွပ်၍ ပစ်လိုက်သည်။ ကျည်ဆံများသည် တိရစ္ဆာန်တို့ဦးခေါင်းပေါ်မှ
ဝီကနဲဖြတ်၍ သွားသဖြင့် တိရစ္ဆာန်များသည် အစီအရီ အစုခွဲပြီးလျှင်
သူ့နေရာသူ ပြန်၍ အိပ်ကြသည်။ ခဏနေသောအခါ တခြံလုံး တိတ်၍
သွားသည်။
0
responses to “
အခန်း (၁)
”