အခန်း (၃)
တိရစ္ဆာန်တို့သည် မတွက်မကပ် ကြိုးစား၍ စပါးရိတ်ကြသည်။
ကြိုးစားကျိုးလည်း နပ်သည်။ ဦးသာခေါင်လက်ထက်ကထက် အများကြီးပို၍
ကောက်လှိုင်းများထွက်သည်။ စပါးရိတ်ရသည့်အလုပ်မှာ သူတို့အဖို့မလွယ်။
ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်၍ ရိတ်ရန်လုပ်ထားသော စပါးရိတ်
ကရိယာများမှာ တိရစ္ဆာန်တို့အဖို့ ဟန်မကျ။ ဝက်တို့မှာ ဉာဏ်ကောင်းသဖြင့်
တွေ့သမျှ အခက်အခဲကို ကျော်နင်းနိုင်ကြသည်။ နွားတို့မှာ လယ်အကြောင်းကို
ကောင်းကောင်းသိနေကြသဖြင့် ကောက်လှိုင်း သိမ်းရာတွင် များစွာ
အသုံးကျသည်။ ဝက်များမှာ ကိုယ်တိုင် အလုပ်မလုပ်ကြဘဲ ညွှန်ကြားခြင်း
စီမံခြင်း အမှုကို ပြုကြသည်။
အခြား တိရစ္ဆာန်များထက် ပညာ အရည်အချင်းနှင့် ပြည့်စုံခြင်းကြောင့်
ဝက်တို့မှာ ခေါင်းဆောင်မှုကို ယူကြသည်မှာ သဘာဝကျသည်။ ဂျိုကားနှင့်
ခွါဖြူ တို့မှာ အထူးပင် ကြိုးစား၍ အလုပ်လုပ်ကြသည်။ ဝက်တို့မှာ
သူတို့သခင်ဟောင်း ဦးသာခေါင်၏ ရာထူးကို ုအမွေဆက်ခံဘိသည့်အလား
နွားများနောက်မှ တကောက်ကောက်လိုက်၍ ''ရဲဘော်တို့ ကြိတ်လိုက်ကွ။
သေနိုင်ရိုးလာကွ။ ကြိုးစားကြ'' ဟု တကျော်ကျော် အော်ကာ
ဆရာလုပ်ကြသည်။ စပါးရိတ်ရာတွင် ခိုကပ်သော တိရစ္ဆာန်ဟု တကောင်မှ မရှိ။
ဘဲများ ကြက်များကပင် စပါးနှံများကို နိုင်သလောက် နှုတ်သီးဖြင့်ချီ၍
သယ်ကြသည်။ တိရစ္ဆာန်တို့သည် ညီညီညာညာ ကြိုးစား၍ ရိတ်ကြသဖြင့်
ဦးသာခေါင်လက်ထက်ကထက် နှစ်ရက်စော၍ အလုပ်ပြီးသည်။ ဦးသာခေါင်
လက်ထက်က စပါးထိုမျှ မထွက်စဖူး။ ဖိတ်ခြင်း လေခြင်းလည်း မရှိ။ ဘဲတို့
ကြက်တို့ ကျေးဇူးကြောင့် လယ်ထဲ၌ ကောက်သင်းကောက်ဖို့ စပါးနှံတောင်
မကျန်ရစ်။ မည်သည့် တိရစ္ဆာန်ကမျှ တလုပ်တဆုပ်သော်မျှ ခိုးနှိုက်၍ မစား။
တိရစ္ဆာန်တို့သည် အလုပ်အင်မတန် စေ့စပ်ကြပြီးလျှင် ယခင်က
ဘယ်လိုမျှ မတွေးမကြံမိဖူးလောက်အောင် ပျော်ရွှင်ကြသည်။
ယခင်ဦးသာခေါင်လက်ထက်ကကဲ့သို့ သူတပါး၏ လက်ဝေခံ၍ စားကြရသည်
မဟုတ်တော့ဘဲ ကိုယ်အကျိုးရှိဖို့အတွက် ကိုယ့်အလုပ်ကို ကိုယ်ဟာကိုယ်
လုပ်ကြရသဖြင့် စပါးတနှံ စားရလည်း စားရသလောက် ဝမ်းသာကြသည်။
သူများလုပ်တာကို မှီခို ကပ်ရပ် စားနေသည့် လူသား အလှေးအမွှားများ
မရှိတော့သဖြင့် တိရစ္ဆာန်တိုင်း ဝေစုပို၍ ရနိုင်သည်။ အလုပ်
မလယ်ကြသေးသော်လည် တိရစ္ဆာန်များမှာ ဦးသာခေါင်ရှိစဉ်ကထက်ပို၍
အားလပ်ချိန်ရကြသည်။ အခက်အခဲ အမျိုးမျိုးနှင့် တွေ့ရသော်လည်း
နောက်ဆုံးတွင် ဝက်များသည် အသိဉာဏ်ရှိခြင်း ဂျိုကားနှင့်ခွါဖြူတို့၏
ဝိရိယကောင်းခြင်း စသည်တို့ကြောင့် မည်သည့်အလုပ်မဆို မပြီးမြောက်သည်
မရှိ။ စပါးလှေ့ဖို့ အလုပ်ကို လူသားတို့ကဲ့သို့ မလုပ်နိုင်သောအခါ
တိရစ္ဆာန်တို့သည် အမှိုက်သရိုက်များ စင်သွားအောင်ဝိုင်း၍ နှုတ်သီးနှင့်
မှုတ်ကြသည်။ ဂျိုကားမှာ အလုပ်အင်မတန်ကြိုးစားသဖြင့် တိရစ္ဆာန်တိုင်းက
ချီးမွမ်းကြရသည်။
ဂျိုကားမှာ ဦးသာခေါင် ရှိတုန်းကပင် အလုပ်ကို ကြိုးစား၍လုပ်တတ်ရာ
တော်လှန်ရေးအောင်မြင်ပြီး နောက်အဖို့တွင်မူကား အခြားနွားကြီး
သုံးကောင်စာခန့်မျှ အားထုတ်၍ လုပ်သည်။ တခါတရံ ရှိသမျှသော
အလုပ်တာဝန်များကို ဂျိုကားတကောင်ထဲ ထမ်းဆောင်နေသကဲ့သို့ပင်
ထင်ရသည်။ ဂျိုကားသည် နေထွက်ကနေဝင်ထိ အလုပ်အအားမနေ။
ပင်ပင်ပန်းပန်း လုပ်ရမည့် အလုပ်မှန်သမျှတွင် ဂျိုကားဝင်၍ မပါသည့်
အလုပ်ဟူ၍ မရှိ။ နံနက်တိုင်း အခြားတိရစ္ဆာန်များ အလုပ်လုပ်ချိန် မကျခင်
တနာရီစော၍ အလုပ်လုပ်နိုင်ရန်အတွက် သူ့ကို သူများ မထခင် တနာရီစော၍
နှိုးရန် ကြက်ဖကလေးတစ်ကောင်ကို မှာထားသည်။ ပြဿနာတခုခု
ပေါ်ပေါက်တိုင်း အခက်အခဲတခုခု တွေ့သည့် အခါတိုင်း ဂျိုကားက ငါပိုပြီး
ကြိုးစားမည်ဟု ပြောလေ့ရှိပြီးလျှင် ''ငါပိုပြီး ကြိုးစားမည်'' ဆိုသောစကားမှာ
သူ့ကိုယ်သုံးဆောင်ပုဒ်ဖြစ်သည်။
တိရစ္ဆာန်တို့သည် မိမိတို့ စွမ်းအားရှိသလောက် အလုပ်ကို မခိုမကပ်
လုပ်ကြသည်။ ကြက်မများ ဘဲမများပင်လျှင် လယ်ရိတ်ချိန်၌ တကောင်လျှင်
စပါး ငါးတင်းကျရအောင် ကောက်သင်းကောက်ကြသည်။ တိရစ္ဆာန်တို့အနက်
ခိုးဝှက်သူလည်း တကောင်မျှမရှိ။ ရိက္ခာဝေမှုနှင့် ပတ်သက်၍ ညည်းညူသူလည်း
တကောင်မျှ မရှိ။ ယခင်ကကဲ့သို့ တကောင်နှင့်တကောင် ခိုက်ရန်ဖြစ်ခြင်း
ထိုးဆိတ်ခြင်း မနာလိုဝန်တိုဖြစ်ကြခြင်းလည်း မရှိ။ မယ်သီတကောင်သာလျှင်
မနက်သူများထချိန်မထဘဲ အလုပ်ကပြန်တော့လည်း ခြေနာနေသည်ဟု
ယိုးမယ်ရှာပြီး စောစောပြန်ခြင်းမှတပါး အလုပ်ခိုသော တိရစ္ဆာန် တကောင်မျှမရှိ။
ကြောင်မ မိတိုးတကောင်လည်း အပြစ်ပြောမည်ဆိုလျှင် ပြောစရာရှိသည်။
အလုပ်လုပ်စရာရှိလျှင် မိတိုးကို ဘယ်တော့မှ ရှာ၍ မတွေ့။ မိတိုးသည်
အကြာကြီး အကြာကြီး ပျောက်၍ နေပြီးလျှင် အစာစားချိန်မှပင် ပြန်လာသည်။
ညနေမှာလည်း သူများတွေ အလုပ်ပြီးချိန်ကျမှ ဘာမျှမဖြစ်သည့် အမူအရာဖြင့်
ပြန်လာသည်။ မိတိုးမှာ ဆင်ခြေပေး ကောင်းသည်ကတကြောင်း သနားစဖွယ်
မြည်တတ်သည်လည်း တကြောင်းကြောင့် သူ့အပေါ်တွင် ဘယ်သူကမျှ
ဗွေမယူကြ။ လား မဟော်မှာ တော်လှန်ရေးအောင်ပြီးသည့် နောက် တစုံတရာ
ပြောင်းလဲခြင်း မရှိ။ ဦးသာခေါင် လက်ထက်ကကဲ့သို့ပင် အလုပ်လုပ်သည့်အခါ၌
သွက်လက်ခြင်းလည်း မရှိ။ ခိုကပ်ခြင်းလည်း မရှိ။ သူ့စေတနာအလျှောက်
သာသာထိုးထိုးလုပ်ခြင်းလည်း မရှိ။ တော်လှန်ရေးနှင့်ပတ်သက်၍
သူ့ထင်မြင်ချက် ဘယ်အခါမှမပေး။ ''ဦးသာခေါင် မရှိတာ နင်
ဝမ်းမသာဘူးလား'' ဟု မဟော်ကို မေးလျှင် သူက ''ဟဲ့ ဒို့လားများဟာ
သူများထက် ပိုပြီး အသက်ရှည်တယ်။ နင်တို့အထဲက ဒို့လားသေတာ
ဘယ်သူများမြင်ဘူးသလဲ'' ဟုသာ ဖြေသည်။ အခြားသော တိရစ္ဆာန်များမှာ
နားထောင်၍သာ နေရသော်လည်း သူဘာပြောမှန်း မသိကြ။
တနင်္ဂနွေနေ့များတွင် အလုပ်နားကြသည်။ မနက်စာကိုလည်း
ခါတိုင်းထက် တနာရီနောက်ကျ၍ စားသည်။ မနက်စာစားပြီးလျှင် မပျက်မကွက်
အလံတင်ပွဲ ကျင်းပကြသည်။ ဘော်ဖြူက ဦးသာခေါင်၏ အခန်းထဲမှ ပိတ်စိမ်းစ
တခုတွေ့သဖြင့် ထိုပိတ်စိမ်းစပေါ်တွင် ခွါနှင့်ချိုကို ရေး၍ အလံလုပ်ထားသည်။
ထိုခွါ ချိုအလံကို တနင်္ဂနွေနေ့ မနက်တိုင်း အလံတိုင်၌တင်ပြီးလျှင်
အလေးပြုကြသည်။ အလံအတွက် အစိမ်းရောင်ကို သုံးခြင်းမှာ နိုင်ငံ၏ စိမ်းစို
သာယာခြင်းကို ဖေါ်ပြရန် ဖြစ်ပြီးလျှင်ခွါနှင့် ချိုမှာ နောက်ဆုံး
လူသားအားလုံးကို အကြွင်းမဲ့သုတ်သင်ပြီးသောအခါတွင် ပေါ်လာမည့်
အခြေလေးချောင်း သမတနိုင်ငံကြီး၏ အထိမ်းအမှတ် ဖြစ်ကြောင်းနှင့်
ဘော်ဖြူက ပြောပြသည်။ အလံအလေးပြုပွဲ ပြီးသောအခါ
တိရစ္ဆာန်အားလုံးတို့သည် စပါးကျီကြီးထဲ၌ စုရုံး၌ အစည်းအဝေး လုပ်ကြသည်။
ထိုအစည်းအဝေးတွင် လာမည့် ရက်သတ္တတပတ်အတွက် အလုပ်ကို
စီမံကိန်းထုတ်ပြီးလျှင် ဆုံးဖြတ်ချက်များ ချမှတ်သည်။ ဘယ်အခါမဆို
ဆုံးဖြတ်ချက် တင်သွင်းသူများမှာ ဝက်များချည်း ဖြစ်ကြသည်။
အခြားတိရစ္ဆာန်များမှာ မဲဘယ်လို ပေးရမည်ဟု သိကြသော်လည်း
ဆုံးဖြတ်ချက်များကို ကိုယ်ပိုင်ဉာဏ်နှင့် မကြံတတ် မစီစဉ်တတ်ကြ။
အစည်းအဝေးတွင် ငြင်းခုံဆွေးနွေးရာ၌ ဗန္ဓုလနှင့် ဘော်ဖြူနှစ်ကောင်သာ
ငြင်းခုံဆွေးနွေးခြင်းများသည်။ ထိုနှစ်ကောင်မှာလည်း တကောင်နှင့် တကောင်
သဘောချင်း တိုက်ဆိုင်သည်ဟု မရှိ။ တကောင်က သည်ဟာဆိုလျှင်
တကောင်က ဟိုဟာကို အမြဲပြောလေ့ရှိသည်။ အသက်ကြီးသော တိရစ္ဆာန်တို့
''ပင်စင်'' ယူသည့်အခါတွင် အသုံးပြုရန် မြက်ခြံကလေးတခု သတ်မှတ်ပေးဖို့
ဆုံးဖြတ်ချက်ချသောအခါ၌လည်း အငြင်းအခုံထွက်စရာ ကိစ္စပင် မဟုတ်ဘဲလျက်
တိရစ္ဆာန်များအား အသက်မည်မျှရှိမှ ပင်စင်ပေးသင့်သည်ဆိုသော အချက်နှင့်
ပတ်သက်၍ အပြင်းအထန် သဘောကွဲလွဲကြသေးသည်။ အစည်းအဝေးများကို
ဒို့တိရစ္ဆာန်သီချင်းနှင့် အမြဲအဆုံးသတ်ပြီးလျှင် ညနေပိုင်းတွင် အနားယူကြသည်။
ဝက်တို့သည် ဦးသာခေါင်၏ တိုလီမိုလီထားသောအခန်းကို သူတို့အဖို့
ဌာနချုပ်အလုပ်ခွင် အဖြစ် အသုံးပြုကြသည်။ ဌာနချုပ်အလုပ်ခွင်တွင်
ပန်းဘဲအတတ် လက်သမားအတတ်နှင့် အခြား တောင်သူလယ်သမားတို့
တတ်အပ်သော အတတ်များကို လေ့လာကြသည်။ ဘော်ဖြူသည်
အခြားတိရစ္ဆာန်များကိုလည်း တိရစ္ဆာန် ကော်မတီအမျိုးမျိုး ဖွဲ့စည်းပေးသည်။
စည်းရုံးရေးလုပ်ငန်းကို လုပ်ရာတွင် ဘော်ဖြူသည် မောရမှန်းပန်းရမှန်းမသိ။
ဘော်ဖြူ၏ ဝိရိယကြောင့်ဖြစ်ပေါ်လာသော တိရစ္ဆာန်ကော်မတီအဖွဲ့များမှာ
ကြက်မများအတွက် ကြက်ဥထွက်ရေးကော်မတီ၊ နွားမများအတွက်
အမြီးသန့်ရှင်းရေးကော်မတီ။ ရဲဘော်ရိုင်းများ ပညာအသစ်ပေးရေး
ကော်မတီတို့ဖြစ်သည်။ ရဲဘော်ရိုင်းများ ပညာအသစ်ပေးရေးကော်မတီအဖွဲ့မှာ
ကြွက်နှင့် ယုန်တို့အား ယဉ်အောင်လုပ်ဖို့ ကော်မတီဖြစ်သည်။
ထိုမှတပါး သိုးများအတွက် သိုးမွေးဖြူဖြူထွက်ရေးကော်မတီအဖွဲ့နှင့်
တကွ အခြားကော်မတီအဖွဲ့များအပြင် စာရေးစာဖတ်သင်တန်းများကိုလည်း
ဖွင့်ပေးသေးသည်။ တိရစ္ဆာန်ရိုင်းများကို ယဉ်အောင်လုပ်သည့်လုပ်ငန်းမှာ
အထမမြောက်။ တိရစ္ဆာန်ရိုင်းတို့သည် အရိုင်းဇာတိကို မစွန့်ကြ။
သူတို့အပေါ်တွင် စိတ်ထား သဘောထားကြီးကြီးနှင့် ပြုမူလျှင်လည်း သူတို့က
ကန်းတက်သည်။ ကြောင်မကြီး မိတိုးသည် ပညာအသစ်ပေးရေး
ကော်မတီအဖွဲ့တွင် ဝင်ပြီးလျှင် တော်တော် ထထကြွကြွ အလုပ်လုပ်သည်။
တနေ့တွင် မိတိုးသည် ခေါင်မိုးပေါ်သို့ တက်၍ သူလက်လှမ်းမမှီသော
နေရာတွင်ရှိသည့် စာကလေးများအား တိရစ္ဆာန်တို့မှာ အကုန်လုံး
ရဲဘော်ချည်းဖြစ်သည်။ ထို့ကြောင့် သူ့လက်ပေါ်တွင် လာနားလိုသော
စာကလေးများ ဘယ်သူမဆိုလာနားနိုင်သည်ဟု ပြောပြီးလျှင် သူ့လက်တဖက်ကို
တန်း၍ ပေးသည်။ သို့ရာတွင် စာကလေးတို့သည် မိတိုးအနားသို့ တကောင်မျှ
ကပ်မလာကြ။
စာရေးစာဖတ် သင်တန်းများမှာ များစွာထမြောက်အောင်မြင်သည်။ နှစ်လ
သုံးလကြာသောအခါ တကွင်းလုံးရှိ တိရစ္ဆာန်များမှာ အနည်းနှင့် အများဆိုသလို
စာရေးစာဖတ် တတ်ကုန်ကြသည်။ ဝက်များမှာ စာရေးရောစာဖတ်ရော
တတ်နှင့်နေကြပြီးဖြစ်သည်။ ခွေးများလည်း အထိုက်အလျောက်
စာဖတ်တတ်ကြသည်။ သို့ရာတွင် အခြေခံတရားကြီး ခုနှစ်ပါးမှတပါး အခြား
ဘာကိုမှ မဖတ်ချင်ကြ။ မုတ်ဆိတ်သည် ခွေးများထက် စာဖတ်တတ်၍
တခါတရံ အမှိုက်ပုံထဲမှ သတင်းစာ အစုတ်များကို ကောက်၍
အခြားတိရစ္ဆာန်များအား ဖတ်ပြသည်။ မဟော်သည် ဝက်များလောက်ပင်
စာဖတ်တတ်သော်လည်း ဘယ်တော့မှ ဖတ်လေ့မရှိ။ သူသိသလောက်
ပြောရမည်ဆိုလျှင် ဖတ်ချင်စရာကောင်းတဲ့စာရယ်လို တခုမျှမရှိပါဘူးဟု
မဟော်ကပြောသည်။ ခွါဖြူသည် ကကြီး ခခွေး အကုန်ရသော်လည်း
စာလုံးပေါင်း၍ မဖတ်တတ်။
ဂျိုကားကတော့ ဂငယ်ထိအောင်ပင် သင်လို့မရ။ ဂျိုကားသည် ကကြီး
ခခွေး ဂငယ် ဃကြီး အက္ခရာလေးလုံးကို မြေကြီးပေါ်၌ ခွါနှင့်ရေးပြီး
ကြိုးစားနိုင်သမျှ ကြိုးစားကာ ထိုစာလုံးလေးလုံးကို နားရက် ပေး၍
ကြည့်ပြီးလျှင် ခေါင်းခါပြီးနောက် ဃကြီးနောက် ဘာလာသည်ကို သူစဉ်းစား၍
မရ။ တခါတရံ င စလုံး ဆလိမ် ဇကွဲထိအောင်ရပြီးနောက် က ခ ဂ ဃ
တို့ကို မေ့သွားပြန်သည်။ နောက်ဆုံးတွင် ဂျိုကားသည် ပထမဗျည်းလေးလုံး
နှင့်ပင် ရောင့်ရဲရတော့သည်။ ထိုဗျည်းလေးလုံးကိုလည်း မေ့သွားမည်စိုးသဖြင့်
တနေ့တခါနှစ်ခါ အရေးကျင့်လေ့ရှိသည်။ မယ်သီမှာ သူ့နာမည်ကလွဲ၍ ဘာမှ
မရေးတတ်။ မဖတ်တတ်။ စာလည်း မသင်ချင်ဘူးဟု ပြောသည်။ မယ်သီသည်
သစ်ကိုင်းခြောက်များဖြင့် မြေကြီးပေါ်မှာ သူ့နာမည်ပုံလုပ်ပြီးလျှင် ပန်းများ
သစ်ခက်များ ထိုးကာ ပတ်ချာလှည့်၍ ဟိုဖက်မှကြည့်လိုက်
သည်ဖက်မှကြည့်လိုက် ကြည့်တတ်သည်။
အခြားသော တိရစ္ဆာန်များမှာ ကကြီး အပြင် ပို၍ မတတ်ကြ။ သိုးများ
ကြက်မများ ဘဲမများမှာ အခြေခံ တရားကြီး ခုနှစ်ပါးကိုတောင်
နှုတ်တက်မဆောင်နိုင်ကြ။ အင်မတန် ဉာဏ်ဖျင်းကြသည်။ ဘော်ဖြူသည်
တိရစ္ဆာန်ဝါဒ အခြေခံတရားကြီးခုနှစ်ပါးကို လေးနက်စွာ အနုလုံ ပဋိလုံ
သုံးသပ်ပြီးနောက် ထိုတရားကြီး ခုနှစ်ပါးကို ဆောင်ပုဒ်တခုတည်းနှင့်
အဓိပ္ပါယ်ပြည့်စုံအောင် ဖေါ်ပြနိုင်သည်ဟု ပြောပြီးလျှင် ''ခြေလေးချောင်း
ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး'' ဟူသောဆောင်ပုဒ်ကို
ထွင်လိုက်သည်။ ထိုဆောင်ပုဒ်သည် တိရစ္ဆာန်ဝါဒ၏ အဆီအနှစ်
ဖြစ်သည်ဟုလည်း ဘော်ဖြူက မိန့်သည်။ ထိုဆောင်ပုဒ်ကို
သဘောပေါက်သူတို့မှာ လူသားတို့ ဖျက်ဆီးခြင်းဘေးမှ ကင်းဝေးနိုင်သည်။
ခြေနှစ်ချောင်း မကောင်းဘူးဆိုသဖြင့် ထိုဆောင်ပုဒ်ကို ငှက်များက ဝိုင်း၍
အပြင်းအထန်ကန့်ကွက်ကြသည်။ အဘယ်ကြောင့် ဆိုသော် ငှက်များမှာ
ခြေနှစ်ချောင်းသာရှိသောကြောင့် ဖြစ်သည်။ ထိုအခါ ဘော်ဖြူက ခြေနှစ်ချောင်း
ဆိုသော အဓိပ္ပါယ်ကို ငှက်များယူသကဲ့သို့ မယူသင့်ကြောင်းနှင့် အကျယ်တဝင့်
ရှင်းပြသည်။
''သည်မှာ ငှက်ရဲဘော်တို့ရဲ့။ ငှက်များရဲ့ အတောင်ဟာ
ရွေ့လျားဖို့အတွက် အသုံးပြုတဲ့ အင်္ဂါပါ။ လူသားတို့ရဲ့ လက်လို ကိုင်တွယ်ဖို့
အတွက် အသုံးပြုတဲ့ အင်္ဂါမဟုတ်ပါဘူး။ ဒါကြောင့် ငှက်များရဲ့
အတောင်ဟာလဲ ခြေထောက်တမျိုးပါဘဲ။ လက်ဆိုတာကတော့ လူသားတို့ရဲ့
ထူးခြားတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒင်းတို့ မကောင်းတာလုပ်လေသမျှဟာ
ဒီလက်နဲ့ချည်းပေါ့'' ဟု ဘော်ဖြူကပြောသောအခါ ငှက်များက
ကြေနပ်သွားကြသည်။ ထို့နောက် တိရစ္ဆာန် အငယ်စားတို့သည် ''ခြေလေးချောင်း
ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး'' ဆိုသော ဆောင်ပုဒ်ကို
အလွတ်ရအောင် ကျက်ကြသည်။ ဘော်ဖြူ၏ ဆောင်ပုဒ်မှာ အရေးကြီးသဖြင့်
ကျီထရံ၌ အခြေခံတရားကြီး ခုနှစ်ပါးအထက်က ပို၍ ကြီးသော
စာလုံးကြီးများနှင့် ရေးသားထားသည်။
''ခြေလေးချောင်း ကောင်းတယ်။ ခြေနှစ်ချောင်းမကောင်းဘူး'' ဆိုသော
ဆောင်ပုဒ်ကို သိုးတို့သည် အင်မတန်သဘောကျကြသဖြင့် ရောက်လေရာ
အရပ်တွင် နေကုန်နေခမ်း ''ခြေလေးချောင်းကောင်းတယ်။ ခြေနှစ်ချောင်း
မကောင်းဘူး'' ဟု မမောနိုင် မပန်းနိုင် သံပြိုင်အော်ကြသည်။
ဗန္ဓုလသည် ဘော်ဖြူ၏ ကော်မတီ အစည်းအဝေးများကို ဂရုမစိုက်။
အသက်ကြီးသူများကို သင်ကြားပေးဖို့ထက် ငယ်ရွယ်သူများကို
သင်ကြားပေးဖို့က ပိုအရေးကြီးသည်ဟု ဗန္ဓုလက ပြောသည်။
စပါးသိမ်းပြီးနောက် မကြာခင်တွင် ဝါမနှင့် ဂုတ်ကျား ခွေးမကြီးနှစ်ကောင်က
နှစ်ကောင်ပေါင်း ခွေးကလေးကိုးကောင် မွေးသည်။ ခွေးကလေးကိုးကောင်
နို့ခွဲသည်နှင့် တပြိုင်နက် ဗန္ဓုလက ထိုခွေးကလေးများကို သူပညာသင်ပေးမည်
ပြောပြီးလျှင် ဝက်တို့၏ ဌာနချုပ် အလုပ်ခွင် မျက်နှာကျက်ပေါ်တွင် တင်၍
မွေးထားသည်။ ထိုအခါမှစ၍ ခွေးကလေးများကို အောက်သို့ ပြန်၍ မချ။
ဌာနချုပ် အလုပ်ခွင်ထဲမှ လှေကားထောင်တက်ပြီး မကြည့်လျှင်
ခွေးကလေးများကို မမြင်နိုင်။ ဗန္ဓုလသည် ခွေးကလေးကိုးကောင်ကို
အဝှက်ကောင်းသဖြင့် ခွေးကလေးများအကြောင်းကို ဘယ်တိရစ္ဆာန်မှ
သတိမရကြတော့။
နို့များ ပျောက်သွားသည့်အကြောင်းလည်း နောက်မှ ပေါ်သည်။
ဝက်တို့သည် နို့များကို သူတို့အစာနှင့်ရော၍ စားပစ်ကြသည်။ မိုးဦးကျ
သရက်သီးများပေါ်သောအခါ သရက်ပင်ပေါ်မှ သရက်သီးမှည့်တို့သည်
အောက်သို့ တဖုတ်ဖုတ်နှင့် ကြွေကျသောအခါတိရစ္ဆာန်များစိတ်က
ထိုသရက်သီးမှည့်များကို အားလုံး တိရစ္ဆာန်များအား ညီတူမျှတူ
ဝေပေးလိမ့်မည်ဟု ထင်ကြသည်။ တနေ့တွင် လေတိုက်၍ ကြွေကျသမျှ
သရက်သီးမှည့်များကို မည်သည့်တိရစ္ဆာန်မျှ မစားပဲ ဌာနချုပ်အလုပ်ခွင်သို့
ဝက်များစားရန်အတွက် လာ၍ ပို့ကြရမည်ဟု အမိန့်ထုတ်သည်။
ထိုအခါ အချို့သောတိရစ္ဆာန်တို့က ကဲ့ရဲ့ကြသည်။ ကဲ့ရဲ့သော်လည်း
အချည်းနှီးသာတည်း။ သရက်သီးမှည့်များကို ဝက်များသာ စားထိုက်သည်
ဆိုသောအချက်ကို အားလုံးသော ဝက်တို့က သဘောတူကြသည်။ အခါတိုင်း
အချင်းချင်းသဘောကွဲနေကျဖြစ်သော ဗန္ဓုလနှင့် ဘော်ဖြူတို့တောင် ထိုကိစ္စ၌
သဘောထပ်တူကျကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုရန်
အခြားတိရစ္ဆာန်များဆီသို့ သံကြောင်ကိုလွှတ်သည်။ သံကြောင်က ''ရဲဘော်တို့
သရက်သီးမှည့်များကို ဝက်များသာစားရမည်ဟု အမိန့်ထုတ်ခြင်းဟာ ငါတို့
ဝက်များက ကိုယ်ကျိုးရှာလိုသောသဘော အထူးအခွင့်အရေးခံစားလိုသော
သဘောနှင့် ထုတ်ခြင်း မဟုတ်ဘူးဆိုတာကို အထူးပြောဖို့ လိုမည်မထင်ပါ။
ဝက်တွေထဲမှာ နို့တို့ သရက်သီးတို့ မကြိုက်တဲ့ ဝက်တွေ အများကြီးရှိပါတယ်။
ဥပမာ ငါကိုယ်တိုင်ဆိုလျှင် နို့ကိုလည်း မကြိုက်ပါ။ သရက်သီးကိုလည်း
မကြိုက်ပါ။ သို့သော်(လောကဓါတ်ပညာအရ) နို့နှင့်သရက်သီးဟာ
ဝက်များ၏ကျန်းမာရေးအတွက် အလွန့်အလွန် အရေးကြီးတဲ့ အရာများ
ဖြစ်သည်ကို ရဲဘော်တို့ သတိမမေ့အပ်ပါ။
ငါတို့ဝက်များဟာ ရဲဘော်တို့သိကြတဲ့အတိုင်းဘဲ ဦးနှောက်နှင့်
အလုပ်လုပ်ရတဲ့ သူတွေပါ။ ဒီကွင်းကြီး တခုလုံးကို စီမံအုပ်ချုပ်ဖို့
စည်းရုံးခန့်ခွဲဖို့ ကိစ္စကြီးဟာလဲ ငါတို့ဝက်များချည်း တဦးတည်း တာဝန်ခံပြီး
လုပ်နေရတဲ့ကိစ္စကြီးဆိုတာလဲ ရဲဘော်တို့ကို အထူးပြောဖို့ မလိုပါဘူး။
ငါတို့ဝက်များဟာ အသင်ရဲဘော်တို့ရဲ့ အကျိုးကိုနေ့ရောညပါ
စောင့်ရှောက်လျက်ရှိပါတယ်။ တာကြောင့် နို့နှင့်သရက်သီးကို ငါတို့ ဝက်များ
အကျိုးအတွက်မဟုတ်ပါဘူး။ အသင်ရဲဘော်အားလုံးရဲ့ အကျိုးအတွက်ပါ။ ငါတို့
ဝက်များက အလုပ်ဝတ္တရားကို တာဝန်ကျွေပြန်စွာ မထမ်းဆောင်နိုင်ကြဘူးဆိုလျှင်
ဒီတိရစ္ဆာန်ကွင်းကြီးဟာ ဘယ်လိုဖြစ်သွားမယ်ဆိုတာကို ရဲဘော်တို့
စဉ်းစားမိကြပါရဲ့လား။ ငါတို့ ဝက်များ အလုပ်ကောင်းကောင်း
မလုပ်နိုင်ဘူးဆိုသည့် တနေ့တွင် ဦးသာခေါင်ပြန်ရောက်လာတာကို
ကြည့်ချင်တဲ့သူများ ရှိပါသလား။ တဦးမှ မရှိဘူးလို ယုံကြည်ပါတယ်'' ဟု
ပြောပြီးလျှင် ကိုယ်ကို ဟိုဖက်အိ ဒီဖက်အိ အိ၍ အမြီးကို ထောင်ကာ ဟိုနှံ
သည်နှံ နှံ၍ပြသည်။
တိရစ္ဆာန်များအနက် အခြားအချက်များတွင် မည်ကဲ့သို့ သဘောကွဲလွဲခြင်း
ရှိစေကာမူ ဦးသာခေါင်ပြန်လာမည်ကို ကြောက်ကြသည့်အချက်တွင်
တသဘောတည်း ဖြစ်သည်။ နို့နှင့်သရက်သီးကို ဝက်များချည်း
စားပစ်ခံရခြင်းထက် ဦးသာခေါင်ပြန်လာခြင်းက ဆိုးမည် ဖြစ်သဖြင့်
တိရစ္ဆာန်တို့မှာ ဘာမှမပြောနိုင်တော့။ သို့ဖြစ်ရာ ဝက်များကို ကျန်းမာခြင်းနှင့်
ပြည့်စုံအောင်ထားဖို့ ကိစ္စထက်မည်သည့်ကိစ္စမျှ ပို၍ အရေးမကြီးကြောင်းမှာ
အင်မတိအင်မတန် ထင်ရှားလှသဖြင့် နို့ရောလေတိုက်၍ ကြွေသောသရက်သီးရော
(တက်ခူး၍ရသော သရက်သီးရော) အကုန်လုံး ဝက်များချည်းသာ
စားဖို့ထားရန်အတွက် နောက်ထပ် အငြင်းမပွားဘဲ အားလုံးသဘောတူ
လိုက်ကြရလေသည်။