အခန်း (၂)
တိရစ္ဆာန် အစည်းအဝေးကြီး ပြီး၍ သုံးရက်အကြာတွင် ဗိုလ်ကြီးမှာ
ဝေဒနာခံစားရခြင်းမရှိဘဲ အိပ်ပျော်နေရင်း အနိစ္စရောက်သည်။ သူ၏
ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ဖျောက်ဆိပ်ပင်ကြီးအောက်တွင်
မြှုပ်လိုက်ကြသည်။
ဗိုလ်ကြီးကွယ်လွန်ပြီး သုံးလလောက်ကြာသောအခါ တိရစ္ဆာန်များအနက်
အကင်းပါးသော အစုက တနေ့တခြား ဗိုလ်ကြီး၏တရားကို
သဘောပေါက်လာကြပြီးလျှင် ဘဝသစ်သို့ ရှေ့ရှုသော စိတ်ထားသစ်များဖြင့်
စိတ်အားတက်ကြွလျက်ရှိကြသည်။ ဗိုလ်ကြီး၏ တော်လှန်ရေးတရားကိုလည်း
တကောင်မှတကောင် တိုးတိုးတိတ်တိတ် ဝါဒဖြန့်လျက်ရှိသည်။ ယခင်က
မြှော်လင့်ချက် လုံးလုံးမရှိခဲ့သော တိရစ္ဆာန်တို့မှာ ဗိုလ်ကြီး၏တရားကို
နာရသည့်အချိန်ကစ၍ မြှော်လင့်ချက်ရကြသဖြင့် ပျော်ရွှင်လျက်ရှိကြသည်။
အခြေလေးချောင်းတော်လှန်ရေးကြီးမှာ ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်
ဘယ်လတွင် ထမြောက်အောင်မြင်မည်ဟု ဒိဋ္ဌ မပြောနိုင်သော်လည်း အရှေ့က
နေဝန်းထွက်သကဲ့သို့ တနေ့တွင် အောင်မြင်ရမည်မှာ သေချာသည်ဟု
အားလုံးသော တိရစ္ဆာန်တို့ ယုံကြည်ကြသည်။ ယုံကြည်ခြင်းသည်
အလုပ်လုပ်စေခြင်း အကြောင်းဖြစ်သည့်အတိုင်း အားလုံးသော တိရစ္ဆာန်တို့မှာ
စားလည်းတော်လှန်ရေး သွားလည်းတော်လှန်ရေး တော်လှန်ရေး
တအာရုံတည်းကိုသာ ရှေးရှု၍လုပ်ကိုင် နေထိုင်ကြသည်။ တော်လှန်ရေးသည်
သူတို့ တသက်တွင် ဖြစ်မြောက်နိုင်လိမ့်မည်ဟု မြှော်လင့်နိုင်ရန်
အကြောင်းမရှိသော်လည်း မိမိတို့ သားမြေးလက်ထက်ကျသောအခါ အမှန်ပင်
ဖြစ်မြောက်လိမ့်မည်ဟု ယုံကြည်သဖြင့် စိတ်ပျက်ခြင်း မရှိကြ။
တော်လှန်ရေးသည် ရေတွင်းတူးယင်း ရေကြည်သောက်ဖို့မဟုတ်
နောင်လာနောက်သားတို့၏ အကျိုးသက်သက်သာ ဖြစ်သည်။
နောင်လာနောက်သားတို့ ကောင်းစားဖို့အတွက်ဆိုလျှင် ငါတို့သည် အသက်ကိုပင်
စွန့်ကြရမည် ဟုလည်း တိရစ္ဆာန်တို့ အချင်းချင်း ပြောလျက်ရှိကြသည်။
ဝက်တို့မှာ အခြားသော တိရစ္ဆာန်တို့ထက် အသိဉာဏ်နှင့် ပြည့်စုံကြသဖြင့်
ဝါဒဖြန့်ရေး စည်းရုံးရေး တာဝန်များကို သူတို့ကပင် ခေါင်းဆောင်၍
လုပ်ကြရသည်။ ဈေးကောင်းကောင်းနှင့် ရောင်းစားနိုင်ရန် ဦးသာခေါင်
အထူးဂရုစိုက်၍ မွေးထားသော ဝက်ပေါက်ကလေးနှစ်ကောင်မှာ ထူး၍ အာစ
လျှာစ သွက်သဖြင့် ဝက်ထဲတွင် အထူးထင်ရှားသူများဖြစ်သည်။ သူတို့၏
အမည်မှာ ဗန္ဓုလနှင့် ဘော်ဖြူ ဖြစ်သည်။ ဗန္ဓုလသည် အမြဲဣန္ဒြေကြီးနှင့်
နေသည်။ စကားပြောသိပ်မကောင်းသော်လည်း သူလုပ်ချင်တာကို
မဖြစ်ဖြစ်အောင် လုပ်တတ်သော စိတ်ရှိသည်။ ဘော်ဖြူမှာ ဗန္ဓုလထက်
အာဝဇ္ဇန်းကောင်း၍ ထိုးထွင်းဉာဏ်လည်း ရှိသည်။ သို့ရာတွင် ဗန္ဓုလလောက်
အလုပ်သေသပ်ခြင်း၊ နက်နဲစွာ စဉ်းစားတတ်ခြင်းမရှိ။ အခြား ဝက်ထီးများအနက်
သံကြောင်မှာ အထင်ရှားဆုံးဖြစ်သည်။ သံကြောင်မှာ ပုပုတုတ်တုတ်
မျက်စိမှေးမှေးဖြစ်သည်။ သွက်သွက်လက်လက် ရှိသည်။ သူ့နာမည်အတိုင်း
အသံက ကြောင်တောင်တောင် ဖြစ်သည်။ သံကြောင်သည် စကားပြော
အင်မတန်ကောင်း၍ အဖြူကို အမဲဖြစ်အောင် ပသကမပြောနိုင်သည်။
စကားပြောသောအခါတွင် ငြိမ်ငြိမ်ရပ်၍ မပြောဘဲ ဟိုဖက်ရွှေ့လိုက်
သည်ဖက်ရွှေ့လိုက် လုပ်တတ်သည်။ တခါတရံ သူပြောသောစကားကို
လေးနက်စေရန် အမြီးကို ထောင်၍ ဝင့်တတ်သည်။ သံကြောင် အမြီးဝင့်၍
ပြောလိုက်လျှင် ပွဲအင်မတန်ကျသည်။ ဗန္ဓုလ ဘော်ဖြူနှင့်
သံကြောင်သုံးကောင်သားတို့သည် ဗိုလ်ကြီးဟောခဲ့သော အမြိုက်တရားတို့ကို
စံနစ်တကျ စီစဉ် သုံးသပ်ကြပြီးလျှင် ပိဋကတ်ဖွဲ့၍ ''တိရစ္ဆာန်ဝါဒ'' ဟူသော
ဘွဲ့ကိုပေးကြသည်။ အဆိုပါ ဝက်သုခမိန် သုံးဦးတို့သည် ညတိုင်းလိုပင်
ဦးသာခေါင် အိပ်ပျော်ချိန်၌ အခြားသောတိရစ္ဆာန်များအား
တိရစ္ဆာန်ဝါဒအခြေခံသဘောတရားများကို လျှို့ဝှက်စွာ သင်တန်းပေးကြသည်။
တိရစ္ဆာန်တို့အား တိရစ္ဆာန်ဝါဒသင်တန်းပေးရသည်မှာ လွယ်သော
အလုပ်မဟုတ်ချေ။ အချို့တိရစ္ဆာန်များမှာ နားလည်မှုလုံးလုံး မရှိ။
အချို့တိရစ္ဆာန်များမှာ အမှုမဲ့ အမှတ်မဲ့သာ နေကြသည်။ အချို့တိရစ္ဆာန်များက
တော်လှန်ရေးလုပ်တာကတော့ ကောင်းပါရဲ့။ ဒို့သခင်ဦးသာခေါင်အပေါ်
ဒို့သစ္စာဖေါက်ရာ ကျနေမှာပေါ့ဟု ပြောဆိုကြသည်။ အများအားဖြင့်
တိရစ္ဆာန်တို့က ဦးသာခေါင်အား သခင်ဟု ခေါ်ကြတုန်း ရှိသေးသည်။
အချို့ကလည်း ဒို့ကို ဦးသာခေါင်က ကျွေးထားတာ၊ သူ့ကို
တော်လှန်လိုက်မယ်ဆိုယင် ဒို့ငတ်သွားမှာပေါ့ဟု ပြောကြသည်။ အချို့ကလည်း
ဒို့သေပြီးမှ ဖြစ်မဲ့ကိစ္စကို ဂရုစိုက်လုပ်နေဖို့မလိုပါဘူးကွာဟုပြော၍ အချို့ကလည်း
တနေ့ကျယင် အလိုလိုဖြစ်ရမဲ့ ကိစ္စကြီးကို အခုဒို့ကြိုးစားကြိုးစား
မကြိုးစားမကြိုးစား ဘာထူးဦးမှာလဲဟု ဆိုကြသည်။ ဤနည်းဖြင့်
ဝက်သုခမိန်တို့မှာ တိရစ္ဆာန်ဝါဒကို ဟောပြောရာတွင် အစကနဦး၌
အခက်အခဲနှင့် များစွာတွေ့ကြရသည်။ အားလုံးသောတိရစ္ဆာန်များက
မေးကြမြန်းကြသည်။ အားလုံးသောတိရစ္ဆာန်များက မေးကြမြန်းကြသည့်
မေးခွန်းများထဲ၌ မြင်းမကလေး မယ်သီမေးသော မေးခွန်းမှာ
အဖြေရအခက်ဆုံးဖြစ်သည်။ မယ်သီက ''နေပါအုံး နင်တို့ပြောတာကတော့
ဟုတ်ပါပြီ။ နင်တို့တော်လှန်ရေးအောင်တဲ့အခါကျတော့ ထန်းလျက်
စားရပါအုံးမလား'' ဟု မေးသည်။
ထိုအခါ ဘော်ဖြူက ''အေး အခု မယ်သီ မေးတာဟာ မှန်တယ်။
တော်လှန်ရေးအောင်တဲ့အခါမှာ ဒို့ဟာဒို့တော့ ထန်းလျက် လုပ်တတ်မှာ
မဟုတ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးအောင်တဲ့ အခါကျတော့ ထန်းလျက်စားဖို့လဲ
လိုတော့မှာ မဟုတ်ဘူး။ ပြောင်းရိုးတွေ နှမ်းဖတ်တွေ စပါးတွေ ပြောင်းဖူးစေ့တွေ
စားမကုန်လောက်အောင် လှိုင်နေမှာပေါ့'' ဟု ဖြေသည်။ သည်တော့
တခါမယ်သီက ''အဲဒါတော့ ထားလိုက်ပါတော့။ နင်တို့
တော်လှန်ရေးအောင်ပြီးတော့ ငါ့လည်ပင်းမှာ အခုလိုဘဲ ကြေးခလောက်ကလေး
ဆက်ပြီး ဆွဲရပါအုံးမလား'' ဟု စောဒက တက်ပြီးလျှင် ကြေးခလောက်သံကို
နားသောတ ခံရစေခြင်း အကျိုးငှာ လည်ပင်းကို ဆပ်ကာဆပ်ကာလှုပ်၍
ပြသည်။ သည်တော့ ဘော်ဖြူက '' အော် မယ်သီနှယ့် တယ်လဲခက်တာကိုးဟ။
နင်က တယ် ကျွန်စိတ်အားကြီးတာကိုး။ နင်အခု အင်မတန်သဘောကျနေတဲ့
ခလောက်ဟာ အကောင်းမဟုတ်ဘူးဟ။ နင်ဟာ ကျွန်ဘဝရောက်နေတယ်ဆိုတဲ့
တံဆိပ်ဟ။ လောကမှာ လွတ်လပ်ခြင်းဟာ ကြေးခလောက်ထက် အဖိုးတန်တယ်
ဆိုတာ နင်အခုတောင်မှ မသိသေးဘဲကိုး'' ဟု ပြောသည်။
ထိုအခါ မယ်သီက ''တာတော့လဲ ဟုတ်တာပေါ့ဟ'' ဟု ပြော၍
ဆိတ်ဆိတ်နေသည်။ သို့သော် မယ်သီမှာ တကယ်သဘောပေါက်ဟန်မတူ။
တောကျီးကန်းငအောမှာ အဖျက်သမားဖြစ်သည်။ ဝက်များဟောသော
တရားကို သူကချည်း လိုက်၍ ဖျက်သည်။ ဝက်တို့မှာ ငအော၏
ဖေါက်ပြန်ရေးတရားများကို မဖြေနိုင်လောက်အောင်ရှိသည်။ ငအောမှာ
အမွေးအတောင်မစုံခင်က ဦးသာခေါင် လက်သပ်မွေးထားသော
စပိုင်သူလျှိုဖြစ်သည်။ မဟုတ်ကပ်ဟုတ်ကပ်လည်း ပြောတတ်သည်။
စကားပြောတော့ အတော်ကောင်းသည်။ ငအောအလိုအားဖြင့် တိရစ္ဆာန်များမှာ
သေသည့်အခါတွင် သကာတောင်မည်သော တိရစ္ဆာန်နိဗ္ဗန်သို့
ရောက်ကြလိမ့်မည်။ သကာတောင်သည် များစွာမဝေး။ တိမ်တွေကို
လွန်အောင်တက်သွားလျှင် ရောက်နိုင်သည်။ သကာတောင်သို့ ရောက်ကြလျှင်
တလတွင် ရက်သုံးဆယ် အားလပ်ခွင့် ရကြမည်။ စပါး ပဲ
ပြောင်းစသည်တို့လည်း တဆယ့်နှစ်ရာသီ ပေါက်သည်။ နှမ်းဖတ်
ပဲဖတ်များလည်း သစ်ပင် ချံုနွယ်တို့တွင် တိရစ္ဆာန်တို့ နှုတ်သီးမှီလောက်အောင်
တိုးလိုးတွဲလောင်းသီးလျက်ရှိသည်။ မဟုတ်ကပ်ဟုတ်ကပ် ပြောတတ်ခြင်း
တို့မီးလျှို့မီးလုပ်တတ်ခြင်း ဘာမှအလုပ်မလုပ်ခြင်းစသည်တို့ကြောင့် ငအောကို
အများအားဖြင့် တိရစ္ဆာန်တို့က မုန်းကြသည်။ သို့ရာတွင်
ငအောပြောသည့်အတိုင်း သကာတောင်ရှိသည်ဟု ယုံသော တိရစ္ဆာန်များလည်း
ရှိသည်။ ဤနည်းဖြင့် ဝက်တို့မှာ ငအော၏ အဖျက်ဝါဒကို အတော်
ပင်ပင်ပန်းပန်း ကြိုးစား၍ တိုက်ဖျက်ကြရသည်။ ငအော၏ဝါဒကို ယုံနေသော
တိရစ္ဆာန်တို့အား ဝက်တို့က ''ရဲဘော်တို့ နောင်တမလွန်ဘဝ ရှိသည်ဆိုခြင်းမှာ
လူသားတို့၏ ဝါဒသာ ဖြစ်သည်။ တိရစ္ဆာန်များသည် မိမိ၏ရန်သူဖြစ်သော
လူသားတို့၏ ဝါဒကို မယုံကြည်သင့်။ ငအောသည် တိရစ္ဆာန်ပင်
ဖြစ်သော်လည်း လူသားတို့၏ လက်ပါးစေမျှသာ ဖြစ်သည်။ ထို့ကြောင့်
ငအောပြောသော စကားကို တိရစ္ဆာန်စိတ်ရှိသော တိရစ္ဆာန်မှန်သမျှ
ဘယ်တိရစ္ဆာန်မှ မယုံသင့်။ ငအောပြောသော သကာတောင်ကို
ဘယ်သူမြင်ဘူးသလဲ။ ဘယ်သူ ရောက်ဖူးသလဲ။ ငအောကိုယ်တိုင်ကော
ရောက်ဖူးရဲ့လား။ ငအောကို အလိုမရှိ။ လူသားများရဲ့ လက်ပါးစေကို အလိုမရှိ။
အခြေလေးချောင်း တော်လှန်ရေးအောင်ပါစေ ''တကမ္ဘာလုံးက တိရစ္ဆာန်တွေ
ညီကြ'' ဟု ထပ်တလဲလဲ ဟောရသည်။
ဂျိုကားနှင့် ခွါဖြူတို့မှာ ဝက်များဟောသော တိရစ္ဆာန်ဝါဒကို
အထူးယုံကြည်ကြသူများဖြစ်သည်။ ထိုနွားနှစ်ကောင်မှာ ကိုယ်ပိုင်ဉာဏ်နှင့်
စဉ်းစားတတ်သူများ မဟုတ်သဖြင့် ဝက်များကို ဆရာတင်ကြပြီးလျှင်
ဝက်များပြောသမျှကို တသဝေမတိမ်း လိုက်နာကြသည်။ သူတို့ကမှ တဆင့်
တခြားတိရစ္ဆာန်များကို ဝါဒဖြန့်ကြသည်။ သူတို့နှစ်ကောင်သည်
လျှို့ဝှက်၍လုပ်သော သင်တန်းများသို့ မပျက်မကွက် တက်ကြသည်။ သင်တန်း
အပြီးတိုင်း အပြီးတိုင်းတွင် ဒို့တိရစ္ဆာန်သီချင်းကို ဆိုကြသောအခါ၌လည်း
အမြဲတမ်း အားဖြင့် သူတို့နှစ်ကောင်က ခေါင်းတည်၍ ဆိုကြသည်။
အခြေလေးချောင်းတော်လှန်ရေးမှာ တွက်ကိန်းအရ နှစ်ပေါင်းများစွာ
ကြာမှ အောင်မြင်ဖို့ရှိသော်လည်း တကယ်ဖြစ်ပေါ်လာသောအခါ ထင်သလောက်
မကြန့်ကြာဘဲ လွယ်လွယ်ကူကူနှင့်ပင် ထမြောက်အောင်မြင်သွားသည်။
ဦးသာခေါင်မှာ ဝိရိယကောင်းသူတစ်ယောက်ဖြစ်သော်လည်း ကံမကောင်း
အကြောင်းမလှသဖြင့် သူကြံလေသမျှ ဟန်မကျအောင်ချည်း ဖြစ်ခဲ့သည်။
လယ်ပေါင် ကိစ္စနှင့် ပတ်သက်၍ တရားဖြစ်သောအခါ၌လည်း တရားရှံုးသဖြင့်
ရှေ့နေစရိတ် ရုံးစရိတ် စသည်တို့ကြောင့် အတော်ပင် ပစ္စည်းနွမ်းပါးသွားသည်။
ပစ္စည်းနွမ်းပါးသဖြင့် စိတ်ညစ်ညစ်နှင့် နီးရာ ထန်းတောတွင်ဝင်၍
မိုးမလင်းအောင် သောက်လျက်ရှိပြန်ရာ သူ့အခြေအနေမှာ ပို၍
ဆိုးသွားပြန်သည်။ နေထွက်နေဝင် သောက်သည့်အလုပ်နှင့်သာ
အချိန်ကုန်နေသဖြင့် အလုပ်အကိုင်များလည်း လစ်ဟင်းသည်ထက် ပို၍
လစ်ဟင်းကုန်သည်။ တနေ့လုံး တနေ့လုံး ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်၍
ဝတ္ထု မဂ္ဂဇင်း စသည်တို့ကိုဖတ်လိုက် ထန်းရည်ကို တစ်ခွက်ပြီး
တစ်ခွက်သောက်လိုက်လုပ်ကာ အလုပ်ခွင်သို့လည်းမဆင်း မည်သူနှင့်မျှလည်း
စကားမပြောဘဲ နေသည်။ သူ့အနားမှာ ငအော တကောင်သာ အမြဲရှိနေသည်။
ငအောကိုလည်း ထန်းရည်စိမ်ထားသော အမဲခြောက်ကို ခဏ ခဏ ကျွေးသည်။
အလုပ်ရှင် ကိုယ်တိုင်က ပေါ့လျော့သောအခါ သူ့လုပ်သားများလည်း
တာဝန်မကြေကြတော့။ လယ်ယာများမှာလည်း မြက်ပင် ပေါင်းပင် ဖုံးမတတ်
ရှိပြီးလျှင် စည်းရိုးပျက်များကိုလည်း ဂရုမစိုက်အား။ အိမ်ခေါင်မိုးကိုလည်း ပြန်၍
မမိုးဖြစ်။ နောက်ဆုံးတွင်သူ၏ နွား ဆိတ် ဝက်စသည်တို့ကိုပင် မှန်မှန်
အစာကျွေးရ ကောင်းမှန်း မသိတော့။ ဦးသာခေါင်သည် စပါးသိမ်းချိန်
နီး၍လာသောတနေ့တွင် သူ့ သူငယ်ချင်းရွာသို့ အလယ်သွားယင်း
ထန်းရည်မူးနေသဖြင့် တနေ့နှင့်တည အိမ်သို့ ပြန်မရောက်။ နောက်တနေ့
မွန်းတိမ်း သူအိမ်ပြန်ရောက်လာသော အခါ သူ့တပည့်များသည် နွား ဆိတ်
ဝက်စသည်တို့ကို အစာကျွေးဖို့ သတိမရဘဲ တောထဲသို့ ယုန်လိုက်
ထွက်၍သွားကြသည်။ ဦးသာခေါင်လည်း အိမ်ပြန်ရောက်လျှင်ရောက်ခြင်း
မူးမူးမောမောနှင့် အိမ့်ကိစ္စကို မကြည့်ဘဲ အခန်းထဲတွင် ထိုး၍အိပ်လေသည်။
ညနေ သူနိုးသည့်အချိန်တိုင် တိရစ္ဆာန်များမှာ အစာလည်း မစားရ။ ရေလည်း
မသောက်ကြရ။ တိရစ္ဆာန်တို့လည်း အဆာလွန်၍ ကုန်ကြပြီ။ ပထမဆုံး
နွားများကစ၍ ခြံထဲမှ ခုန်ထွက်ပြီးလျှင် စားကျက်သို့ သူတို့ဟာ သူတို့ သွား၍
စားကြသည်။
ထို့နောက် ဦးသာခေါင်နိုးလာ၍တပည့်များကိုခေါ်ကာ စည်းကမ်းဖျက်ကာ
ခြံခုန်ထွက်သော နွားတို့ကို ဒလကြမ်းလိုက်၍ ရိုက်ကြသည်။ အစာငတ်၍
စိတ်ဆိုးနေကြသော တိရစ္ဆာန်တို့သည် သူတို့အား ထိုကဲ့သို့ မညှာမတာ
ရိုက်နှက်ခြင်းကို သည်းမခံနိုင်ကြတော့သဖြင့် အချင်းချင်း
ညှိနှိုင်းတိုင်ပင်ထားကြဘိသည့်အလား ဦးသာခေါင်နှင့် တပည့်များကို
တညီတညွတ်တည်း ဝိုင်း၍ ဝှေ့သူကဝှေ့ ကန်သူကကန် လိုက်သူကလိုက်ပြီး
တော်လှန်ရေးစကြသည်။ ဦးသာခေါင်နှင့် တပည့်များလည်း သူတို့ တသက်လုံး
မမြှော်လင့်သော အခြင်းအရာနှင့် တွေ့နေရသဖြင့် ဘယ်လိုကြံ၍
ဘယ်လိုလုပ်ရမည် မသိကြ။ တိရစ္ဆာန်များက လူသားများကို တော်လှန်သည်
ဆိုခြင်းမှာ ဘယ်ရာဇဝင်မှာမှ မကြားစဘူး။ ဦးသာခေါင်တို့ သွေးပျက်စပြုကြပြီ။
တခဏကြာသောအခါ ဦးသာခေါင်နှင့်တပည့်များသည် ခြေကုန်သုတ်၍
ကစဉ့်ကရဲ ပြေးကြရသည်။ ထိုသို့ လူသားတို့ဖက်က
တပ်လန်ပြေးမှန်းသိသောအခါ တိရစ္ဆာန်တို့သည် အားတက်လာကြပြီးလျှင်
ရှေ့က ပြေးသော ဦးသာခေါင်တို့ ဆရာတပည့် ငါးယောက်ကို နောက်မှ
အောင်သံပေး၍ လိုက်ကြသည်။
ဦးသာခေါင်၏ ဇနီးဒေါ်အိုစာလည်း ဦးသာခေါင်တို့အား တိရစ္ဆာန်တွေ
ဝိုင်းလိုက်၍ ထွက်ပြေးရသည်ကို ပြူတင်းပေါက်မှ လှမ်း၍ မြင်သောအခါ
သယ်နိုင်ပိုးနိုင်သောပစ္စည်းများကို သယ်ပိုး၍ နောက်ဖေးလှေကားမှဆင်းကာ
ထွက်ပြေးသည်။ ငအောလည်း ဒေါ်အိုစာနောက်သို့ တအအအော်၍
လိုက်သွားသည်။
တိရစ္ဆာန်တို့သည် ဦးသာခေါင်နှင့် တပည့်လေးယောက်တို့ပြေး၍
ခြံပြင်အတော်ဝေးဝေးသို့ ရောက်သွားသောအခါ လှည့်ပြန်လာကြပြီးလျှင်
ခြံတံခါးကို ပိတ်၍ထားလိုက်ကြသည်။
ခြံထဲသို့ ပြန်ရောက်လာသောအခါ မမြှော်လင့်ဘဲနှင့်
တော်လှန်ရေးအောင်နေသည်ကို တွေ့ကြရသဖြင့် တိရစ္ဆာန်တို့မှာ ဘယ်လို
စီမံရမှန်းမသိကြ။ တော်လှန်ရေးအောင်မြင်ပုံမှာ ဆန်းလွန်းသဖြင့်
သူတို့ဟာသူတို့တောင် မယုံနိုင်ဘဲရှိကြသည်။ ထို့နောက် အခြေလေးချောင်း
တော်လှန်ရေးမှာ တကယ်အောင်မြင်နေပြီကို သတိရသဖြင့် တစုတဝေးကြီး
ခြံထဲတွင် ရှောက်၍ ပြေးကြသည်။ တနည်းအားဖြင့် ရန်သူအကြွင်းအကျန်များ
ရှိနေသေးသလားဟု လိုက်၍ ကြည့်ဟန်လည်း ဖြစ်သည်။ ခြံစည်းရိုးအတွင်း၌
အနှံအစပ် မြူးတူးခုန်ပေါက်၍ ပြေးပြီးကြသောအခါ ဦးသာခေါင်
မတရားမင်းမူခဲ့ခြင်းကို ကျူပင်ခုတ် ကျူငုတ်မျှ မကျန်စေရန် သဘောနှင့်
ဦးသာခေါင်၏အိမ်ဘက်သို့ တအုပ်ကြီးချီတက်ကြပြီးလျှင် ချုတ်ချယ်ခြင်း
လက္ခဏာဖြစ်သော နဖါးကြိုး ဇက်ကြိုး ထမ်းပိုးစသည်တို့ကို အကြွင်းမဲ့
ဖျက်ဆီး၍ ပစ်ကြသည်။ ဝက်ဝှေးသင်းသော ဓါး နွားဝှေးထုသော တင်းပုတ်
နားဖါးဖေါက်သော သစ်ချွန်စသည်တို့ကိုလည်း ယူ၍ ရေတွင်းထဲချပစ်ကြသည်။
ထိုနောက် တိရစ္ဆာန် တို့အပေါ်တွင် ချုတ်ချယ်မှုနှင့် စပ်လျဉ်းသမျှသော ကိရိယာ
တန်းဆာပလာမှန်သမျှကို တခုမကျန် မီးပုံ၍ ရှို့ကြသည်။ ထို့နောက်
ဘော်ဖြူက ချူနှင့် ခလောက်စသည်တို့ကိုပါရှာ၍ မီးပုံထဲသို့ ထဲ့ပြီးလျှင်
ချူတို့ခလောက်တို့ဟာလဲ လူသားတို့ရဲ့ အသုံးအဆောင်အဝတ်အစား တမျိုးဘဲလို့
မှတ်ယူရမယ်။ ဒါကြောင့် ဘယ်တိရစ္ဆာန်မဆို ''ကိုယ်ချည်းတုံးလုံး နေရမယ်''
ဟု ဩဝါဒပေးလေသည်။
ဂျိုကားကလည်း သူ့လည်ပင်းတွင် တဒေါင်ဒေါင်မြည်၍ နေသော
သစ်သားခလောက်ကြီးကို ဖြုတ်၍ ခွါနှင့် နင်းချေပြီးလျှင် မီးပုံထဲသို့
ထဲ့လိုက်သည်။ ဤနည်းဖြင့် တိရစ္ဆာန်တို့သည် ဦးသာခေါင်အား သတိရစေမည့်
အထိမ်းအမှတ် မှန်သမျှကို ပြောင်တလင်းခါအောင် ဖျက်ဆီး ပစ်ကြသည်။
ထို့နောက် ဗန္ဓုလက ဦးဆောင်ပြီး တိရစ္ဆာန်များအား စပါးကျီဖက်သို့
ခေါ်သွားပြီး အစာကို ခါတိုင်းထက် နှစ်ဆတိုး၍ ဝေပေးသည်။ ခွေးများကို
ထမင်းချမ်းခဲနှင့် ထန်းလျက်နှစ်လုံးစီ ပေးသည်။ ထို့နောက်
ဒို့တိရစ္ဆာန်သီချင်းကို အဆက်မပြတ် ခုနှစ်ကြိမ်တိုင်တိုင် သံကုန်ဟစ်၍
ဆိုကြသည်။ ညအိပ်တန်း ဝင်ချိန်ကြသောအခါ ကင်းများခန့်ပြီးလျှင် သူတို့
ခြံနားသို့ မဲမဲကပ်လာတာမြင်သည်နှင့် တပြိုင်နက် ဒန်တရိတ်ဆို့ဟေ့ ရပ်လိုက်
ဟုခိုင်း၍ အရပ်ခိုင်းခံရသည်။ မဲမဲက ''ဒို့ တရိတ်ဆန်'' ဟု ပြန်မဖြေခဲ့လျှင်
တခါတည်း ပြေး၍ သတ်ရမည်ဟု ညွှန်ကြားပြီးလျှင် ကင်းလှည့်မကျသော
တိရစ္ဆာန်အားလုံးတို့ ကိုယ်စီကိုယ်ငှ အိပ်တန်းဝင်လိုက်ကြသည်။
တိရစ္ဆာန်တို့အဖို့တွင် ထိုညက အိပ်ရခြင်းမျိုးလောက် နှစ်ခြိုက်သော
အိပ်ရခြင်းမရှိ။ နောက်တနေ့အရုဏ်တက် အချိန်သို့ ရောက်သောအခါ
ကင်းများကို ရုပ်သိမ်း၍ တိရစ္ဆာန်တို့သည် အိပ်ရာမှ ထကြပြီးလျှင်
ညကအောင်ခဲ့သော တော်လှန်ရေးကို သတိရကြသဖြင့် အပျော်ကြီး ပျော်ကြကာ
စုရုံး၍ထွက်လာကြပြီးလျှင် ကုန်းမြင့်ကလေးပေါ်သို့ တက်ကြသည်။
ကုန်းမြင့်ကလေးပေါ်ကနေကြည့်လျှင် တခြံလုံးကို ကောင်းစွာမြင်နိုင်သဖြင့်
မိမိတို့ပိုင်နက်ကို ကြည့်ရခြင်းအားဖြင့် တိရစ္ဆာန်တို့မှာ အတိုင်းမသိ
ဝမ်းသာခြင်းဖြစ်ကြသည်။
ဦးသာခေါင်ပိုင်သော ယင်းမာပင်ကွင်းကို သူတို့ပိုင်ပြီ။ ဦးသာခေါင်နှင့်
ပတ်သက်၍ ဘာတစ်ခုမျှ အစအန မတွေ့ရတော့။ လောကတွင်
အောင်မြင်ခြင်းထက် အောင်သော အရာမရှိ။ တိရစ္ဆာန်တွေသည် ဦးသာခေါင်၏
နဖါးထိုးခံ ဇက်ခွံ့ခံ အနှိပ်စက်ခံ မဟုတ်တော့သဖြင့် တဖန် ဝမ်းသာ အားရနှင့်
ကုန်းတဝိုက်၌ ခုန်ပေါက် မြူးတူးကြပြန်သည်။ နွားများကလည်း ချိုသွေး၍
ဝပ်ထလိန်း ဝပ်ထလိန်းနှင့် တွန်ကြသည်။ အသီးသီး သူတို့သဘာဝအလျောက်
မြည်ကြ အော်ကြသည်မှာ မိုးချုန်းသံတမျှဖြစ်သည်။ ထို့နောက် တကွင်းလုံးကို
ဣန္ဒြေရစွာနှင့် ကြည့်ရှုစစ်ဆေးကြသည်။ ယခင်က ကွင်းကို ပိုင်ကြဖို့
အိမ်မက်တောင် မမက်ဖူးကြသော်လည်း ယခု ဦးသာခေါင်၏ ကွင်းမှာ
သူတို့ပိုင်ဖြစ်၍ နေပြီ။ ဟုတ်မှ ဟုတ်နိုင်ပါစ။ ဟုတ်သည်။ သူတို့ပိုင်ပြီ။
ဦးသာခေါင်လစ်ရပြီ။
ထို့နောက် တကောင်ချင်း စီတန်း၍ ဦးသာခေါင်အိမ်ကို သွား၍
ကြည့်ကြသည်။ ထိုအိမ်ကိုလည်း သူတို့ပိုင်ပြီ။ သို့ရာတွင် အိမ်ထဲသို့ ဝင်နေကြ
မဟုတ်သဖြင့် ဘယ်တိရစ္ဆာန်မှ အထဲသို့ မဝင်ရဲကြ။ ခဏကြာသောအခါ
ဗန္ဓုလနှင့် ဘော်ဖြူတို့က တံခါးကို တွန်း၍ ဖျက်ပြီးလျှင် တိရစ္ဆာန် အားလုံး
စီတန်း၍ အိမ်ထဲသို့ ဝင်ကြည့်ကြသည်။ အိမ်ထဲ၌ အပျက်အစီး
မရှိစေခြင်းအကျိုးငှာ သတိထား၍ ဝင်ကြသည်။ ရှိသမျှ အခန်းထဲသို့လည်း
ခြေဖျားထောက်၍ ဝင်ကြည့်ကြသည်။ ဦးသာခေါင်၏ အိပ်ရာ ပန်းကန်
ခွက်ယောက် မှန်တင်ခုံ ကော်ဇော ထွေးခံ တိုင်ကပ်နာရီ စသည်တို့ကို
တွေ့သောအခါ တိရစ္ဆာန်များသည် တကောင်နှင့် တကောင် လက်တို့ကာ
ပြူးတူးပြဲတဲ ဖြစ်၍ နေကြသည်။ ပြန်၍ ဆင်းလာကြသောအခါ
မယ်သီတကောင်မပါလာသဖြင့် ပြန်၍ ရှာကြရာ မယ်သီသည်
ဒေါ်အိုစာ၏အခန်းတွင်း၌ ကြောင်အိမ်ထဲမှ ကြေးခလောက်ခလေးတစ်ခုကိုယူ၍
သူ့လည်ပင်း၌သူတပ်ကာ မှန်တခုထဲတွင် သူ့အရိပ်ကို သူအမျိုးမျိုးလှည့်၍
ကြည့်နေသည်။ ထိုအခါ အားလုံးကပင် မယ်သီကို ဝိုင်း၍ မြည်ကြသည်။
ထို့နောက် တိရစ္ဆာန်တို့သည် မီးဖိုချောင်မှ အမဲခြောက်ကို တွေ့သဖြင့် ယူ၍
မြေကြီးထဲသို့ မြှုပ်ပစ်ကြသည်။ ထိုနောက် ဦးသာခေါင်၏ စိမ်ရေအိုးကို
တွေ့သဖြင့် ခွါနှင့်ပေါက်၍ ခွဲပစ်ကြသည်။ စိမ်ရေအိုးကို ခွဲပစ်ကြခြင်းမှတပါး
အိမ်ထဲ၌ရှိသော ပစ္စည်းများကို သူ့နေရာ၌သူ အခြေအနေမပျက် ထားခဲ့ကြသည်။
ထို့နောက် ဦးသာခေါင်၏ အိမ်ကို ပြတိုက်အဖြစ်နှင့်ထားရန် တညီတညွတ်တည်း
ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဦးသာခေါင်အိမ်ထဲ၌ ဘယ်တိရစ္ဆာန်မှ ဝင်၍
မနေကြရန်လည်း အားလုံးသဘောတူကြသည်။
တိရစ္ဆာန်တို့သည် နံနက်စာ စားကြပြီးနောက် စည်းဝေးကြပြန်သည်။
ထိုအစည်းအဝေး၌ ဗန္ဓုလနှင့် ဘော်ဖြူတို့က မိန့်ခွန်ွးမြက်ကြားသည်။
စုဝေးနေသော တိရစ္ဆာန်ပရိသတ်အား ဘော်ဖြူက ''ရဲဘော်တို့ အခုမှ
ခြောက်နာရီခွဲပဲရှိသေးတယ်။ နေကုန်ဖို့ အချိန်တွေ အများကြီးကျန်သေးတယ်။
ငါတို့ ဒီကနေ့ လယ်ကို စရိတ်ကြမယ်။ သို့သော် လယ်မရိတ်ခင် လုပ်ဖို့
အရေးကြီးတဲ့ အလုပ်တခု ရှိသေးတယ်'' ဟု ပြောသည်။
ဝက်တို့သည် လွန်ခဲ့သည့် သုံးလလောက်ကပင် ဦးသာခေါင်၏
ကလေးများသင်သော သင်ပုန်းကြီးစာအုပ်ကို အမှိုက်ပုံပေါ်က ကောက်သဖြင့်
ထိုစာအုပ်ဖြင့် စာသင်ထားကြသောကြောင့် စာတတ်၍ နေကြကြောင်းကို
ထိုအစည်းအဝေးကျမှ ပြောပြ၍ တိရစ္ဆာန်များ သိကြရသည်။ ထို့နောက်
ဗန္ဓလက သင်္ဘောဆေး အဖြူဘူးနှင့် အနက်ဘူးကို အယူခိုင်းပြီးလျှင်
ခြံတံခါးဝသို့ သွား၍ ကဗျည်းအသစ် ထိုးစေသည်။ စာတတ်သောဝက်တို့အနက်
ဘော်ဖြူမှာ လက်ရေးအကောင်းဆုံး ဖြစ်သဖြင့် ကဗျည်းထိုးရန် တာဝန်ကို
ဘော်ဖြူကယူသည်။ ဘော်ဖြူသည် အဖေါ်များနှင့် သင်္ဘောဆေးဘူးနှစ်ဘူးကို
တံခါးဝသို့ ယူသွားပြီးလျှင် ''ယင်းမာပင်ကွင်း'' ဟု ထိုးထားသောစာကို
ဆေးအနက်နှင့် ဖျက်ပြီးလျှင် ''တိရစ္ဆာန်ကွင်း'' ဟု ရေးလိုက်ကြသည်။
''တိရစ္ဆာန်ကွင်း'' ဆိုသည်မှာ ယင်းမာပင်ကွင်းအဖို့ နောင်ကို
အဓွန့်ရှည်စွာ သုံးမည့်နာမည်သစ် ဖြစ်သည်။ ထို့နောက် ဗန္ဓုလနှင့်
ဘော်ဖြူတို့သည် စပါးကျီဖက်သို့ သွားပြီးလျှင် တစုံတခုရေးရန် ပြင်ကြသည်။
လွန်ခဲ့သည့် သုံးလလောက်က စ၍ ဗန္ဓုလနှင့် ဘော်ဖြူတို့သည် တိရစ္ဆာန်ဝါဒနှင့်
ပတ်သက်၍ အခြေခံအချက်ကြီး ခုနှစ်ချက် ရေးထားကြသည်။ ကျီထရံကို
လှေကားနှင့် တက်၍ တိရစ္ဆာန်ဝါဒ အခြေခံ အချက်ကြီး ခုနှစ်ချက်ကို
အက္ခရာတင်ကြသည်။ ပထမတွင် ဝက်တို့မှာ ခြေနှစ်ချောင်းပေါ်တွင် မတ်တတ်
ရပ်နိုင်ကြသည် မဟုတ်သဖြင့် လှေကားနှင့် တက်၍ရေးဖို့
အတော်အခက်အခဲတွေ့ရသည်။ ထို့နောက် ခဲခဲယဉ်းယဉ်းနှင့်ပင် ဘော်ဖြူက
လှေကားနှင့်တက်၍ ရေးသည်။ သံကြောင်က အောက်နှစ်ထစ်ခြား
သုံးထစ်ခြားကနေ၍ ဆေးဘူးကို ကိုင်ပေးသည်။ ပထမ ကျီထရံကို ဆေးနက်နှင့်
သုတ်သည်။ ထိုဆေးနက် ပေါ်တွင်မှ အတောင် ခြောက်ဆယ်လောက်က လှမ်း၍
ဖတ်နိုင်လောက်အောင် စာလုံးကြီးကြီးနှင့် အောက်ပါအတိုင်း ရေးသည်။
အခြေခံ တရားကြီး ခုနှစ်ပါး
၁။ ခြေနှစ်ချောင်းမှန်လျှင် ရန်သူ။
၂။ ခြေလေးချောင်းနှင့် အတောင်ရှိမှန်သမျှ မိတ်ဆွေ။
၃။ တိရစ္ဆာန်များ အဝတ်မဝတ်ရ။
၄။ တိရစ္ဆာန်များ အိပ်ရာနှင့် မအိပ်ရ။
၅။ တိရစ္ဆာန်များ အရက်မသောက်ရ။
၆။ တိရစ္ဆာန်အချင်းချင်း မသတ်ရ။
၇။ တိရစ္ဆာန်များ အားလုံး တတန်းတစားတည်း ဖြစ်သည်။
ဘော်ဖြူမှာ လက်ရေးကောင်း၍ သတ်ပုံလည်း အားလုံးလောက်ပင်
မှန်အောင်ရေးနိုင်သည်။ မိတ်ဆွေတွင် လုံးကြီးတင်ကို ဝဆွဲ နေရာက
မှားရေးထားသဖြင့် မွတ်ဆွေ ဖြစ်နေခြင်းနှင့် သဝေထိုး တခုမှာ
ခကွေးဖြစ်နေခြင်းမှတပါး သတ်ပုံဆရာ ရေးထားသော ကဗျည်းဟုပင်
ထင်မှတ်နိုင်သည်။ ဘော်ဖြူသည် ရေးပြီးသည်နှင့် တပြိုင်နက် အားလုံး
တိရစ္ဆာန်များ၏ အကျိုးငှာ အသံကျယ်ကျယ်နှင့် ခပ်လေးလေး ဖတ်၍ပြသည်။
အားလုံးသောတိရစ္ဆာန်တို့က သဘောကျကြသည်။ အချို့ဉာဏ်ကောင်းသော
တိရစ္ဆာန်တို့မှာ ဘော်ဖြူဖတ်၍ အပြီးတွင် နှုတ်တက်ရကြသည်။
ထို့နောက် ဘော်ဖြူသည် စုတ်တံကို အောက်သို့ ပစ်ချလိုက်ပြီးလျှင်
''ကိုင်း ရဲဘော်တို့ စပါးသွားရိတ်ကြရအောင်။ ဦးသာခေါင်တို့
ဆရာတပည့်တွေထက် ပိုပြီးမြန်အောင် ကြိုးစားပြီး ရိတ်ဖို့ဟာ
ရဲဘော်တို့တာဝန်နော်'' ဟု နာပျော်ဖွယ် ပြောသည်။
ထိုအခိုက်တွင် နို့ညှစ်နွားမကြီး သုံးကောင်မှာ မအီမသာဖြစ်နေ၍
ပြင်းထန်စွာ အော်လျက်ရှိကြသည်။ ဦးသာခေါင်ရှိစဉ်က မနက်စောစောတိုင်း
နို့ညှစ်သော်လည်း ဦးသာခေါင်ကို တော်လှန်လိုက်ပြီးနောက် လွတ်လပ်ခြင်းရ၍
ဘယ်သူမှ နို့ညှစ်မည့်သူမရှိသဖြင့် နို့တွေတောင့်ပြီး နို့အုံကြီးတွေ
ကွဲမတတ်ဖြစ်ကာ မချိမဆန့်ဖြစ်နေကြသည်။ တခဏတာမျှ တွေ၍
ဖြစ်နေကြပြီးလျှင် ဝက်များက အကြံရ၍ နို့ပုံးများကို ယူစေပြီးနောက်
ခွါကြားနှင့်ညှပ်၍ နို့ညှစ်ကြရာ အတော်ကလေးဟန်သည်။ မကြာမီ ပုံးငါးပုံးနှင့်
နို့အပြည့်ရ၍ အားလုံးသော တိရစ္ဆာန်တို့ သွားရည်တများများနှင့်
ဖြစ်နေကြသည်။
''ဒီနို့တွေ ဘယ်လိုလုပ်ကြမလဲ။ ဦးသာခေါင် ရှိတုန်းကတော့
တခါတလေ ဒို့စားတဲ့ အစာထဲ ထည့်ကျွေးတယ်'' ဟု တိရစ္ဆာန် တကောင်က
ပြောသည်။ ထိုအခါ ဗန္ဓုလက နို့ပုံးများရှေ့တွင် ရပ်၍ ''ရဲဘော်တို့
ဒီနို့အတွက်ဟာက ကိစ္စမရှိပါဘူး။ ငါကြည့်ပြီး စီမံပါ့မယ်။ စပါးရိတ်ဖို့က
ပိုအရေးကြီးပါတယ်။ ရဲဘော် ဘော်ဖြူနောက်ကို လိုက်ကြပါ။ ငါ အခုဘဲ
လိုက်လာခဲ့ပါမယ်။ ကိုင်း သွားကြပေတော့။ အရိတ်နောက်ကျသွားယင်
စပါးတွေ ပျက်ကုန်မယ်'' ဟု ဆိုသည်။
အားလုံးသော တိရစ္ဆာန်တို့လည်း ဗန္ဓုလ ပြောသည့်အတိုင်း ဘော်ဖြူကို
ခေါင်းဆောင်ပြု၍ စပါးရိတ်သွားကြသည်။ ညနေ စပါးရိတ်ပြီး ပြန်လာကြသော
အခါ နို့ပုံးများကို မတွေ့ကြရတော့။