အခန်း (၁၀) ဇာတ်သိမ်း
နှစ်ပေါင်း များစွာ ကြာ၍ နွေ မိုး ဆောင်းတို့လည်း အလှည့်ကျ
ကုန်လတ်သော် သက်တမ်းတိုသော တိရစ္ဆာန်တို့လည်း ကွယ်ပျောက်၍ ကုန်ခဲ့ပြီ။
နောင်လာ နောက်သားတိရစ္ဆာန်တို့အနက် တော်လှန်ရေး မပေါ်မီ
အဖြစ်အပျက်များကို မှီလိုက်ကြသူတို့လည်း မရှိကြတော့။ ခွါဖြူတို့ မဟော်တို့
ငအောတို့ ဝက်များထဲကတချို့တို့ ကလွဲ၍ တော်လှန်ရေးမပေါ်မီက
အဖြစ်အပျက်များကို မှတ်မိသူ မရှိကြတော့။
မုတ်ဆိတ်လည်း သေပြီ။ ဝါမတို့ နီပါးတို့လည်း မရှိကြတော့ပြီ။
ဦးသာခေါင်ကြီးပင် ယစ်ထုပ်ကြီး ဘဝနှင့် တရပ်တကျေးသို့ ရောက်၍
အနိစ္စရောက်ခဲ့ပြီ။ ဘော်ဖြူအကြောင်းကိုလည်း မေ့ကြပြီ။ ဂျိုကားကိုလည်း
တကောင်တလေကလွဲ၍ အားလုံးမေ့ကြပြီ။ ခွါဖြူလည်း အသက်ကြီး၍
အရေတွေတွန့်ပြီး မျက်ခမ်းစပ်နှင့် ဖြစ်နေပြီ။ သို့ရာတွင် အသက်ကြီးသော
တိရစ္ဆာန်များအနက် ဘယ်တိရစ္ဆာန်မျှ ပင်စင်မရကြ။ တိရစ္ဆာန်အိုများအတွက်
မြက်ခင်းတခု လုပ်ပေးဖို့ စီမံကိန်းကိုလည်း ဖျက်သိမ်းပစ်လိုက်ပြီ။ ဗန္ဓုလမှာ
အရွယ်ကောင်း၍ ဆူဖြိုးတုန်း ရှိသေးသည်။ သံကြောင်မှာ ဝလွန်းနေသဖြင့်
မျက်စိပေါက်များပင် ပိတ်၍ နေမလောက် ဖြစ်နေပြီ။ မဟော်ကြီးမှာ
နှုတ်သီးနားတွင် အမွေးဖြူများ အနည်းငယ်ပေါက်လာခြင်းမှတပါး ပြောင်းလွဲခြင်း
များစွာမရှိ။ မဟော်သည် ဂျိုကားသေသည့် အချိန်ကစ၍ ပျော်ပါးရွှင်ပြခြင်း
မရှိ။ စကားလည်း အလျင်ကထက် နည်းသွားသည်။
ခြေလေးချောင်းကွင်းတွင် ယခင်ကထက် တိရစ္ဆာန်အရေအတွက် တိုး၍
လာသည်။ သို့ရာတွင် အားလုံးက မြှော်လင့်ခဲ့ကြသလောက် တိုးခြင်းမရှိ။
နောက်ပေါက်တိရစ္ဆာန်များမှာ ခြေလေးချောင်းတော်လှန်ရေး အကြောင်းကို
တဆင့်စကားဖြင့် နားစွန်နားဖျားသာ ကြားဘူးကြသည်။ အခြားမှ
နောက်ထပ်ရောက်လာကြသော တိရစ္ဆာန်များကမူ တော်လှန်ရေးအကြောင်း
အရိပ်အြွမက်မျှပင် မကြားဘူးကြ။ ခွါဖြူမှတပါး နောက်ထပ်
နွားသုံးကောင်လည်း တိုးလာသည်။ ထိုနွားသုံးကောင်မှာ အားအင်သန်စွမ်း၍
အလုပ်ကောင်းစွာလုပ်ကြသော်လည်း အသိဉာဏ်အင်မတန် ခေါင်းပါးကြသည်။
စာသင်ရာ၌လည်း ကကြီးနှင့် ခကွေး နှစ်လုံးသာ မှတ်မိကြသည်။ ကျန်ဗျည်း
၃၁လုံးကို ပုတ်လောက်ရေးပြသော်လည်း နားမလည်ကြ။ တော်လှန်ရေး
အကြောင်းနှင့် တိရစ္ဆာန်ဝါဒအကြောင်းကိုလည်း ခွါဖြူပြောသမျှကို အမှန်ဟု
ယူကြသည်။ အဓိပ္ပါယ်ကိုမူကား ကောင်းစွာ သိဟန်မရ။ နွားသုံးကောင်သည်
ခွါဖြူကို ဆွေရင်း မျိုးချာကဲ့သို့ပင် ချစ်ခင်ကြသည်။
ခြေလေးချောင်းကွင်းသည် ယခင်ကထက် တိုးတက်၍လာပြီးလျှင်
စီမံအုပ်ချုပ်ပုံလည်း ကောင်း၍ လာသည်။ ဦးပေါက်ကျော်ထံမှ လယ်နှစ်ပွဲ
ဝယ်လိုက်သဖြင့် ယခင်ကထက်လည်း ကျယ်၍လာသည်။ ဓါတ်မီးစက်လည်း
တည်၍ ပြီးပြီ။ ကောက်ရိတ်စက်များလည်း ဆင်၍ထားသည်။
အဆောက်အဦသစ် အမျိုးမျိုးလည်း ထပ်၍တိုးလာသည်။ သံကြောင်ကလည်း
ကိုယ်ပိုင်ရထားနှင့် ဖြစ်၍ နေပြီ။ ဓါတ်မီးစက်ကို လက်ဦးရည်မှန်းသလို
ဓါတ်အားရဖို့ အသုံးမပြုဘဲ စပါးကြိတ်ဖို့ အသုံးပြုသည်။ အမြတ်ငွေလည်း
အမြောက်အမြားရသည်။ နောက်ထပ် ဓါတ်မီးစက်တခု တည်ပြန်သဖြင့်
တိရစ္ဆာန်တို့မှာ ပို၍ အလုပ်လုပ်ကြရသည်။ ထိုစက်တည်ပြီးသောအခါ
ဓါတ်အားပေးဖို့ စက်များဆင်မည်ဟု ပြောသည်။ သို့ရာတွင်
ဓါတ်မီးစက်ပြီးသောအခါ ဘော်ဖြူရှိစဉ်က ပြောသလို နွားခြံ ဆိတ်ခြံ
ကြက်ခြံစသည်တို့တွင် ဓါတ်မီးများ ထွန်းပေးမည်။ ရေပူရေအေးပြွန်များ
သွယ်ပေးမည်။ တနင်္ဂနွေ တပတ်လျှင် သုံးရက်သာ အလုပ်လုပ်ရမည်
စသောစကားများကို မကြားရတော့။ ဓါတ်မီးစက်နှင့် နေခြင်း
ရေပူရေအွေးပြန်များတပ်ဆင်ခြင်း တနင်္ဂနွေတပတ်လျှင် သုံးရက်သာ
အလုပ်လုပ်ခြင်း စသည်တို့မှာ တိရစ္ဆာန်ဝါဒနှင့် ဆန့်ကျင်သော
သဘောတရားများ ဖြစ်သည်ဟု ဗန္ဓုလက ပြောသည်။ ဗန္ဓုလအလိုအားဖြင့်
အလုပ်ကို မနားနေလုပ်၍ အစာကို ခြိုးခြံစွာ စားခြင်းသာလျှင် ချမ်းသာသုခ
အစစ်အမှန်ဖြစ်ပေသည်။
ခြေလေးချောင်းကွင်းမှာ ချမ်းသွာကြယ်ဝ၍ လာသော်လည်း
တိရစ္ဆာန်တို့အနက် ဝက်များနှင့် ခွေးများမှတပါး ဘယ်တိရစ္ဆာန်မှ
ချမ်းသွာကြယ်ဝလာပုံမရ။ ထိုသို့ဖြစ်ရခြင်းမှာ တစိတ်တဒေသအားဖြင့် ဝက်များ
ခွေးများ ဦးရေတိုးလာခြင်းကြောင့်ဖြစ်ဟန်တူသည်။ ဝက်များနှင့် ခွေးများမှာ
အလုပ်မလုပ်ဘဲ နေကြသည်မဟုတ်။ သူတို့ဆိုင်ရာ အလုပ်ကို
သူတို့လုပ်ကြသည်။ သံကြောင်က မမောမပန်းနိုင် ပြောလေ့ရှိသည့် အတိုင်း
ဝက်များ ခွေးများမှာ စီမံအုပ်ချုပ်သည့် ဘက်က အတောမသတ် အမြဲလုပ်၍
နေကြသည်။ ဝက်နှင့် ခွေးတို့ လုပ်သောအလုပ်ကို အခြားတိရစ္ဆာန်တို့
လုပ်တတ်ကြသည်မဟုတ်။ ဥပမာဆိုသော် ဝက်များနေ့တိုင်းနေ့တိုင်း
ပင်ပန်းကြီးစွာ လုပ်ရသော ''အစီရင်ခံစာရေးခြင်း မှတ်တမ်းရေးခြင်း
မှတ်ချက်ရေးခြင်း အမိန့်ချခြင်း'' စသော သိရန်ခက်သော အလုပ်များကို
အခြားတိရစ္ဆာန်ထဲမှ မည်သူလုပ်နိုင်ပါမည်နည်း။ အစီရင်ခံစာများ မှတ်တမ်းများ
မှတ်ချက်များ အမိန့်များ ဆိုသည်မှာ စာရွက်ကြီးကြီးပေါ်တွင်
စာအပြည့်ရေးထားပြီးနောက် ပြီးသည်နှင့်တပြိုင်နက် မီးရှို့ပစ်ရသော
အရာများဖြစ်၍ ခြေလေးချောင်းကွင်းအတွက် အင်မတိအင်မတန် အရေးကြီးသော
အရာများဖြစ်သည်ဟု သံကြောင်ကပြောသည်။ ဝက်တို့ ခွေးတို့သည်
အခြားတိရစ္ဆာန်တို့နည်းတူ အလုပ်လုပ်ကြသည်ကားမှန်သည်။ သို့ရာတွင်
သူတို့လုပ်ကြသောအလုပ်များမှာ အစားအစာထွက်သော အလုပ်များ မဟုတ်ချေ။
ထို့ပြင် ဝက်နှင့်ခွေးတို့မှာ ခံတွင်း အမြဲကောင်း၍ ကောင်ရေကလည်း
အင်မတန်များပြားကြသည်။
အခြားတိရစ္ဆာန်တို့၏ ဘဝမှာမူ ကမ္ဘာတည်ဦးက အတိုင်းပင်ဖြစ်သည်။
ဘာမျှတိုးတက်ခြင်းမရှိ။ အမြဲမွတ်သိပ်၍သာနေကြသည်။ အိပ်တော့လည်း
မြေကြီးပေါ်မှာ အိပ်ကြရသည်။ ရေသောက်တော့လည်း ရွှံ့အိုင်ထဲမှာ
သောက်ကြရသည်။ အလုပ်ကိုလည်း လယ်ထဲ ယာထဲ၌ မပြတ်အောင်
လုပ်ကြရသည်။ ဆောင်းတွင်း၌လည်း အအေး၏ အနှိပ်စက်ခံကြရသည်။
နွေ၌လည်း အပူ၏ အညှင်းပန်းကို ခံကြရသည်။ မိုးတွင်း၌လည်း
မိုးခိုစရာမရှိကြ။ အသက်အရွယ်ကြီးသော တိရစ္ဆာန်အချို့က ယခုမိမိတို့၏
ဘဝနှင့် ဦးသာခေါင်ကို တော်လှန်ပြီးကာစက ဘဝသည် ဘယ်ဘဝက
ပို၍ဆိုးသည်ကို ပြန်၍ တွေးကြည့်ကြသည်။ သို့ရာတွင် တွေး၍မရ။ ယခင်က
ဘဝနှင့် ယခုဘဝကို နှိုင်းယှဉ်ကြည့်စရာ အမှတ်အသားလည်း ဘာမျှမရှိ။
သူတို့အားလုံးမှာ သံကြောင်တွက်ချက်ပြသမှုနှင့်ပင် ကျေနပ်နေကြသည်။
သံကြောင်တွက်ချက်ပြသည့် အတိုင်းဆိုလျှင် သူတို့၏ လက်ရှိဘဝမှာ ယခင်က
ဘဝထက် တနေ့တခြား တိုး၍ တိုး၍ ကောင်းလျက်ရှိသည်။
သို့ဖြစ်ရာ တိရစ္ဆာန်တို့မှာ ထိုပြဿနာကို မဖြေတတ်အောင်ရှိသည်။
အယုတ်သဖြင့်ဆိုသော် ဖြေဖို့အချိန်လည်း မရကြ။ မဟော်တကောင်သာ
အသက်အရှည်ဆုံးဖြစ်သဖြင့် ယခင်က အဖြစ်အပျက်များကို အကျယ်တဝင့်
သတိရဟန်တူသည်။ သူသတိရသည့်အတိုင်းဆိုလျှင် ငတ်မွတ်ခြင်း ဆင်းရဲခြင်း
မြှော်လင့်ချက် မကိုက်ခြင်းတို့မှာ လောကကြီး၏ ဓမ္မတာသာဖြစ်သည်။
တိရစ္ဆာန်တို့လည်း လောကကြီး၏ ဓမ္မတာကို မလွန်ဆန်နိုင်ကြသဖြင့်
တိရစ္ဆာန်တို့အဖို့ ယခင်ဘဝသည်လည်း ထူး၍မဆိုး။ ယခုဘဝသည်လည်း ထူး၍
မကောင်းဖြစ်သည်။
သို့နှင့်လည်း တိရစ္ဆာန်တို့သည် နောက်ကို ကောင်းလိမ့်ဦးမည်ဆိုသော
မြှော်လင့်ချက်ကို မစွန့်ပစ်ကြ။ မစွန့်ပစ်ကြရုံမျှမက ခြေလေးချောင်းကွင်းသား
ဖြစ်ရခြင်း၏ ထူးမြတ်သော အဖြစ်နှင့် ဆင်းရဲခြင်းကို ရွှင်ပျစွာ ခံယူတတ်သော
စိတ်ဓါတ်ကိုလည်း တခဏသော်မျှ မေ့လျော့ခြင်း မရှိကြ။ နိုင်ငံတော်
တဝန်းလုံးတွင် တိရစ္ဆာန်တို့ ကိုယ်တိုင်ပိုင်၍ တိရစ္ဆာန်တို့ ကိုယ်တိုင်
အုပ်ချုပ်သောကွင်းဟူ၍ ခြေလေးချောင်းကွင်းမှတပါး အခြားကွင်းမည်သည်မရှိ။
တိရစ္ဆာန်အားလုံးအနက် အသက်အငယ်ဆုံးနှင့်တကွ နောက်မှ အဝေးက
ရောက်လာကြသော တိရစ္ဆာန်များပါမကျန် မိမိတို့ ခြေလေးချောင်းကွင်းကို
အော်အံ့ဖွယ်ရှိစွ။ အော်အံ့ဖွယ်ရှိစဟုသာ အောက်မေ့ကြသည်။ ထို့အပြင် ချိုနှင့်ခွါ
အလံစိမ်းကို တင်၍ သေနတ်သံပေးလိုက်သောအခါ အားလုံးသော
တိရစ္ဆာန်တို့သည် ဇာတိမာန်တက်ကြွ၍ လာပြီးလျှင် ယခင်က
လူသားဦးသာခေါင်ကို တော်လှန်လိုက်ကြစဉ်က ရဲဝံ့စွန့်စားခဲ့ကြခြင်းများ
အကြောင်းကို သူ့ထက်ငါ စကားဖေါင်လောက်အောင် ပြော၍ အချိန်ကုန်လွန်စေ
ကြသည်။ ယခင်က သူတို့ထားခဲ့ကြသော မြှော်လင့်ချက်များ ကိုလည်း ထားမြဲ
ဆက်၍ ထားကြသည်။ ဗိုလ်ကြီး ဗျာဒိတ်ပေးခဲ့သော တိရစ္ဆာန်သမတနိုင်ငံကြီး
ပေါ်ထွန်းလာသည့်အခါ တနိုင်ငံလုံးရှိ လယ်တွေ ယာတွေသည် လူသားတို့
မရောက်မပေါက်ရာ ဖြစ်ရလိမ့်မည်ဟုလည်း ဆက်လက် ယုံကြည်လျက်
ရှိကြသည်။ တချို့က တိရစ္ဆာန်သမတနိုင်ငံကြီး ပေါ်ထွန်းလာလိမ့်မည်ဟု
ပြောကြသည်။ တချို့လည်း ပေါ်ထွန်းလာဖို့ မကြာတော့ဟု ပြောကြသည်။
တချို့ကလည်း ယခုရှိနေကြသော တိရစ္ဆာန်တို့ တသက်တွင် ပေါ်လာဦးမည်
မဟုတ်ဟု ပြောကြသည်။ သို့သော် တနေ့နေ့တွင် ပေါ်လာလိမ့်မည်မှာ
သေချာသည်။
ဒို့တိရစ္ဆာန်သီချင်း၏ အသွားကို မမေ့ကြဘဲ တိုးတိုးဆို၍ နေကြသော
တိရစ္ဆာန်များလည်း ရှိသေးသည်။ ဒို့တိရစ္ဆာန်သီချင်းကို ပါးစပ်ကဖွင့်၍
မဆိုရဲကြသည့်တိုင်အောင် အားလုံးသောတိရစ္ဆာန်တို့သည် မမေ့ကြသေး။
သူတို့၏ ဘဝမှာ ဆင်းရဲ၍ သူတို့၏ မြှော်လင့်ချက်များလည်း အကုန်
မပြည့်ဝသေးသည်မှာ မှန်သည်။ သို့ရာတွင် သူတို့၏ ဘဝမှာ အခြားသော
တိရစ္ဆာန်တို့၏ ဘဝထက် အဆပေါင်းများစွာ သာသည် မဟုတ်ပါလော။
အကယ်၍ သူတို့မှာ အစာကို ဝလင်အောင် မစားရခြင်းမှာ
လူသားငယုတ်မာများကို ကျွေးမွေးရခြင်းကြောင့် မဟုတ်သဖြင့် ကျေနပ်ကြသည်။
အကယ်၍ အလုပ်ပင်ပန်းစွာ လုပ်ရလျှင်လည်း သူတို့အတွက်
သူတို့လုပ်ရခြင်းသာ ဖြစ်သဖြင့် ဝမ်းနည်းစရာ မဟုတ်။ သူတို့ထဲတွင်
မင်းမူမည့် ခြေနှစ်ချောင်း သတ္တဝါလည်း မရှိ။ ဘယ်အကောင်က
ဘယ်အကောင်ကိုမျှ ''သခင်'' ဟုခေါ်ဖို့လည်း မလို။ အားလုံးသော
တိရစ္ဆာန်တို့သည် တန်းတူဖြစ်သည်။
နွေဦးပေါက်စ နေ့တနေ့တွင် သံကြောင်သည် သိုးများကို မိုးနံပင်များ
ပေါက်လျက်ရှိသော ကွင်းတခုသို့ ခေါ်သွားသည်။ သိုးများသည် တနေ့လုံး
ပြန်မလာကြ။ ညနေကျ၍ သံကြောင် ပြန်လာသောအခါလည်း သိုးများပါမလာ။
စင်စစ်ဆိုသော် သိုးများသည် တနင်္ဂနွေတပတ်လုံးလုံး မိုးနံတော၌ပင်
နေကြသည်။ သံကြောင်သည် တနေ့တနေ့တွင် သိုးများရှိရာသို့လာ၍
ညနေညနေကျမှ ပြန်သည်။ သံကြောင်၏ အပြောမှာ သူသည် သိုးများကို
သီချင်းအသစ်တပုဒ် သင်ပေးနေသည်။ ထိုသီချင်းကို အခြားတိရစ္ဆာန်များအား
အသိမပေးအပ်သေးသဖြင့် သိုးများကို မိုးနံတော၌ အခိုက်အတန့်အားဖြင့်သာ
ပို့ထားခြင်းဖြစ်သည်။
တနေ့သ၌ သာယာသော ညနေခင်း တိရစ္ဆာန်များ အလုပ်ပြီးချိန်တွင်
သိုးများ မိုးနံတောမှ ပြန်လာကြသည်။ ထိုအခိုက်တွင် ဝမ်းဘဲ ဝမ်းဘဲဟု
နွားတကောင်လန့်၍ အော်သံကြားရသည်။ တိရစ္ဆာန်များလည်း
နွားအော်သံကြားသဖြင့် လန့်ပြီး နားရွက်စွေ၍ ကြည့်နေကြသည်။ လန့်၍
အော်သောနွားမှာ ခွါဖြူဖြစ်သည်။ ခွါဖြူသည် ဆက်၍ အော်ပြန်သည်။
တိရစ္ဆာန်များလည်း လန့်၍ ဟိုပြေးသည်ပြေး ပြေးကြသည်။ ထိုနောက်
ခွါဖြူလန့်၍ အော်သောအရာကို အခြားတိရစ္ဆာန်များလည်း မြင်ကြရသည်။
ခွါဖြူ လန့်၍ အော်သောအခြင်းအရာမှာ အခြားမဟုတ်။
ဝက်တကောင်သည် လူသားများကဲ့သို့ နောက်ခြေနှစ်ချောင်းပေါ်တွင်
မတ်တတ်ထပြီး လမ်းလျှောက်၍နေသည်ကို မြင်ရခြင်းပင်ဖြစ်သည်။
ခြေနှစ်ချောင်းနှင့် မတ်တတ်ထ၍ လမ်းသလားနေသောဝက်မှာ
အခြားမဟုတ် သံကြောင်ပင်ဖြစ်သည်။ သံကြောင်သည် ဝလည်းဝ
ခြေနှစ်ချောင်းနှင့်လည်း လမ်းလျှောက်လေ့မရှိသဖြင့် ယိုင်တီးယိုင်ဖယ်
အနည်းငယ် ဖြစ်သေးသော်လည်း လဲကျခြင်း မရှိ။ ထိုနောက် တခဏမျှ
ကြာသောအခါ အခြားသော ဝက်များလည်း ခြေနှစ်ချောင်းဖြင့် မတ်တတ်ထ၍
တစီတတန်းကြီး လျှောက်၍ လာကြသည်။ အချို့ဝက်များမှာ ခြေနှစ်ချောင်းနှင့်
အလျှောက် ကျင်လည်ကြ၍ အချို့မှာ များစွာကျင့်သားရဟန် မတူသေးချေ။
အချို့လည်း လဲမကျစေရန် တောင်ဝှေး ထောက်ချင်ကြဟန်ပင် တူသည်။
သို့ရာတွင် အားလုံးပင် စည်းရိုးတွင်း၌ တပတ်ပြည့်အောင် လျှောက်နိုင်ကြသည်။
ထို့နောက် ခဏကြာသောအခါ ဆူညံစွာ ခွေးများ အူသံကြားရသည်။
ကြက်ဖနက်ကလည်း ကျယ်လောင်စွာတွန်သည်။ ခွေးများအူခြင်းနှင့်
ကြက်ဖနက်တွန်ခြင်းမှာ ဗန္ဓုလထွက်ရန် စည်တော်သံတီးခြင်းဖြစ်သည်။
ဗန္ဓုလသည် ရာဇ ဣန္ဒြေဖြင့် ခြေနှစ်ချောင်းပေါ်တွင် မတ်တတ်ထကာ ခံ့ညားစွာ
လျှောက်၍လာသည်။ နောက်တော်ပါ ခွေးတို့လည်း ဝန်းရံ၍ ခုန်ပေါက်
မြူးတူးကာ ပါလာသည်။ ဗန္ဓုလ၏ လက်တွင် ရာဇနှင်တံကို ကိုင်၍
လာသည်။
ဗန္ဓုလ ခြေနှစ်ချောင်းဖြင့် လျှောက်၍လာသောအခါ တိရစ္ဆာန်ထုကြီးသည်
အားလုံးငြိမ်၍နေကြသည်။ ထို့နောက် ခြေနှစ်ချောင်းဖြင့် စီတန်း၍
လျှောက်လာကြသော ဝက်တို့ကို ထိတ်လန့်ကြောက်ရွံ့သော မျက်နှာထားနှင့်
တကောင့် တကောင် တိုးဝှေ့ ပူးကပ်၍ နေကြသော တိရစ္ဆာန်တို့က ကြည့်၍
နေကြသည်။ တိရစ္ဆာန်တို့ အထင်တွင် ကောင်းကင်မှာ ရေစီး၍ မြေကြီးက
မိုးရွာလျက်ရှိလေသည်။ တခဏကြာသောအခါ တိရစ္ဆာန်များမှာ
အကြောက်အနည်းငယ်ပြေကြပြီးလျှင် ယခင်က ဝက်များလုပ်သမျှကို ဘာမျှ
ပြောရကောင်း ဆိုရကောင်းမှန်းမသိဘဲ ခေါင်းငုံ၍ ခံနေခဲ့ကြသော်လည်း
ဝက်များသည် ယုတ်မာသော လူသားတို့၏ အတုကိုလိုက်၍ ခြေနှစ်ချောင်းနှင့်
သွားကြသည်ကို မြင်ရသောအခါ မသင့်လျော်သည့်အကြောင်းကို
ပြောလိုက်ကြတော့မည်ဟုပင် ကြံမိကြသည်။ သို့ရာတွင် မပြောလိုက်မိကြ။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်တွင် သိုးများက
''ခြေလေးချောင်းကောင်းတယ်။ ခြေနှစ်ချောင်းက ပိုကောင်းတယ်။
ခြေလေးချောင်းကောင်းတယ်။ ခြေနှစ်ချောင်းက ပိုကောင်းတယ်'' ဟု
နားကွဲမတတ် သံပြိုင်အော်ကြသောကြောင့်တည်း။
သိုးများသည် ငါးမိနစ်ခန့် မရပ်မနားအော်ကြသည်။ သိုးများ
အသံတိတ်သွားသောအခါ ဝက်များသည် အိမ်ထဲသို့ ပြန်၍
ဝင်သွားကြပြီးဖြစ်သဖြင့် တိရစ္ဆာန်များက ဘာမျှ မပြောလိုက်နိုင်ကြတော့။
မဟော်၏ ပခုံးကို တိရစ္ဆာန်တကောင်က နှုတ်သီးနှင့် လာထိုးသည်။
မဟော်က လှည့်ကြည့်လိုက်သောအခါ နှုတ်သီးနှင့်ထိုးနေသူမှာ ခွါဖြူဖြစ်သည်ကို
တွေ့ရသည်။ ခွါဖြူသည် အသက်ကြီးသဖြင့် မျက်စိများလည်း ယခင်ကထက်
ပို၍ မှုန်နေပြီ။ ခွါဖြူက မဟော်၏ လည်ဆံကို ဖြည်းညှင်းစွာကိုက်၍
တရားကြီးခုနှစ်ပါး ကဗျည်းထိုး၍ ထားသော စပါးကျီဖက်သို့ ခေါ်၍သွားသည်။
စပါးကျီနားသို့ရောက်ကြသောအခါ နှစ်ကောင်သား ဘာမျှ မပြောကြဘဲ
ကဗျည်းထိုးထားသည် နံရံကို နှစ်မိနစ်ခန့် တွေ၍ ကြည့်နေကြသည်။
ထိုနောက် ခွါဖြူက ''မဟော်ရေ ငါ့မျက်စိတွေကလဲ မှုန်လိုက်တာဟယ်။
နင်တဆိတ် ကြည့်ပေးစမ်းပါအုံး။ ငါ့မျက်စိက အယင်တုန်းကတောင်မှဘဲ
တာလောက် ဝေးဝေးဆိုရင် ဘာမှ ကောင်းကောင်း မမြင်ရဘူး။ တာပေမဲ့
ငါ့အထင်ပြောရယင် နံရံက ကဗျည်းစာဟာ တမျိုးကြီး ဖြစ်နေတယ် ထင်တယ်။
ငါဘဲ မျက်စိမကောင်းလို့လားတော့ မပြောတတ်ဘူး။ ဒို့တရားကြီး ခုနှစ်ပါးဟာ
အယင်တုန်းကလိုဘဲလားဟ ကြည့်စမ်းပါအုံး'' ဟု ဆိုသည်။
မဟော်သည် ယခင်က နှုတ်ဟလေ့မရှိသော်လည်း သည်တခါတွင်
ခွါဖြူကို အားနာသဖြင့် ကျီနံရံက ကဗျည်းစာကို ဖတ်ပြသည်။ ထိုစာတွင်
ယခင်ကကဲ့သို့ တရားကြီး ခုနှစ်ပါး မရှိတော့ဘဲ
အားလုံးသော တိရစ္ဆာန်တို့မှာ တန်းတူဖြစ်သည်။ သို့ရာတွင်
အချို့တိရစ္ဆာန်တို့မှာ ပို၍တန်းတူဖြစ်ပြီးလျှင် အချို့တိရစ္ဆာန်တို့မှာ လျှော့၍
တန်းတူဖြစ်သည် ဟူ၍သာတွေ့ရတော့သည်။
သို့ဖြစ်ရာ နောက်တနေ့တွင် ဝက်များသည် အလုပ်ခွင်သို့ လက်ထဲ၌
နှင်တံတခုစီကိုင်၍ ဆင်းလာကြသည်။ ထိုအခါတိရစ္ဆာန်တို့စိတ်၌ ဆန်းသည်ဟု
မထင်ကြတော့ချေ။ ထို့ပြင် ဝက်များသည် ကိုယ်စီကိုယ်င အသံဖမ်းစက်များ
ဝယ်ယူကြကြောင်း စကားပြော ကြေးနန်းများလည်း ကိုယ်စီကိုယ်င
တပ်ဆင်ထားကြောင်း လူသားတို့ထုတ်သော သတင်းစာတို့ကို ဝယ်၍
ဖတ်နေကြကြောင်းကို ကြားရပြန်သောအခါ၌လည်း တိရစ္ဆာန်များသည် ဘာမျှ
မအံ့ဩကြတော့ချေ။ ထို့နောက် ဗန္ဓုလသည် ဆေးတံကိုခဲ၍ ပန်းခြံထဲ၌
လမ်းလျှောက်နေသည်ကို မြင်ကြရပြန်သည်။ ထိုမျှမကသေး ဗန္ဓုလသည်
ဦးသာခေါင်၏ ပုဆိုးအင်္ကျီများကို ဝတ်၍ ခေါင်း၌လည်း ဦးသာခေါင်၏
ခေါင်းပေါင်းကို ပေါင်းထားသည်ကို မြင်ကြရပြန်သည်။ ထို့နောက်
ဗန္ဓုလမြတ်နိုးသော ဝက်မတကောင်သည် ဦးသာခေါင်မိန်းမဝတ်သော
ပဒုမ္မာအင်္ကျီနှင့် အတွင်းခံ ဇာဘော်လီကို ဝတ်၍ ဦးသာခေါင်မိန်းမ၏
ဗလာလုံချည်ကို ဝတ်ကာ ဗန္ဓုလ၏ အပါးမှ ကနွဲ့ကယ ပါလာသည်ကို
တွေ့ကြရပြန်သည်။ သို့ရာတွင် ထိုသို့ မြင်ရသော အခြင်းအရာများသည်
အံ့ဩစရာကောင်းသည်ဟု တိရစ္ဆာန်တို့က မထင်ကြတော့ချေ။ ဝက်တို့သည်
ပင်လျှင် မွန်မြတ်သော တိရစ္ဆာန်ဘဝမှ ယုတ်ညံသော လူသားတို့၏
အဖြစ်မျိုးသို့ ကူးပြောင်း၍ သွားချေပြီ။
နောက်တနင်္ဂနွေတပတ်လောက်ကြာသောအခါ အနီးအနားရှိ
လူသားများကို ဗန္ဓုလက အခြေလေးချောင်းကွင်းသို့ ထမင်းစားလာဖို့
ဘိတ်ကြားလိုက်သဖြင့် လူသားတို့သည် သည်နေခင်းတွင် မြင်းရထားများဖြင့်
ရောက်၍ လာကြသည်။ လူသားဧည့်သည်တို့သည် ခြေလေးချောင်းကွင်းကို
အနှံအစပ် လှည့်လည် ကြည့်ရှုကြပြီးလျှင် ခြေလေးချောင်းကွင်း၏
စည်ပင်တိုးတက်ခြင်းကို အားလုံး ဝိုင်း၍ ခြီးမွမ်းကြသည်။ အထူးသဖြင့်
ဓါတ်မီးစက်ကို ခြီးမွမ်းကြသည်။ ထိုအခိုက်တွင် တိရစ္ဆာန်တို့မှာ ယာထဲ၌
ပေါင်းသင်၍ နေကြသည်။ တိရစ္ဆာန်တို့သည် ခေါင်းမဖေါ်ဘဲ အလုပ်ကို
ကြိုးစားပမ်းစား ကုန်း၍ လုပ်နေကြသည်။ ထိုအခါမျိုးတွင် သူတို့ စိတ်ထဲ၌
ဝက်တို့က ပို၍ ကြောက်စရာကောင်းသလား။ လူသားတို့က ပို၍ ကြောက်စရာ
ကောင်းသလားဟု မပြောတတ်လောက်အောင်ပင် ရှိကြသည်။
ထိုနေ့ညနေတွင် ဝက်တို့နေသော အိမ်ဖက်ဆီမှ ရယ်မောသံ
သီချင်းဆိုသံများ ကြားကြရသည်။ ဝက်တို့၏ အသံနှင့် လူသားတို့၏
အသံများရော၍ ပေါ်လာသောအခါ တိရစ္ဆာန်တို့မှာ အကြောင်းမည်ကဲ့သို့ဟု
သိလိုသောစိတ် များစွာပေါ်၍ လာကြသည်။ ဝက်တို့သည် လူသားတို့နှင့်
တန်းတူဆက်ဆံ၍ နေကြပြီ။ ဤအကြိမ်ကား တိရစ္ဆာန်နှင့်လူသားတို့ ပထမဆုံး
တန်းတူဆက်ဆံခြင်းပေတည်း။ တိရစ္ဆာန်တို့သည် ဝက်နှင့်လူသားတို့ အသံများ
ထွက်ပေါ်လာရာ အိမ်ဖက်သို့ တစုတရုံးကြီး ဖြည်းညှင်းစွာ သွား၍
ကြည့်ကြသည်။
ဝင်းတံခါးဝတွင် ခဏတန့်၍ နေကြပြီးနောက် ခွါဖြူက ရှေ့ဆောင်၍
ဝင်းထဲသို့ ဝင်ကြသည်။ ခြေသံမကြားစေခြင်းအကျိုးငှာ တိရစ္ဆာန်တို့သည်
ခြေဖျားထောက်၍ နင်းကြသည်။ အရပ်မြင့်သောတိရစ္ဆာန်များက
ထမင်းစားခန်းပြူတင်းပေါက်မှ လှမ်း၍ ကြည့်ကြသည်။ ထမင်းစားခန်း
စားပွကြီးတွင် ဝက်ထဲမှ ထင်ရှားသော ဝက်ခြောက်ကောင်နှင့် လူသား
ဧည့်သည် ခြောက်ယောက်ခန့် ဝိုင်း၍ ထိုင်နေကြသည်။ ဗန္ဓုလက
အမှတ်တစ်နေရာဖြစ်သော စားပွဲထိပ်က ထိုင်သည်။ ဝက်တို့မှာ ရှက်ကိုး
ရှက်ကန်း မဖြစ်ကြ။ ဝက်နှင့် လူသားတို့သည် ဖဲရိုက်၍ နေကြသည်။ ပြီးလျှင်
ဖဲဝိုင်းကို ရပ်၍ အရက်သောက်ဖို့ ပြင်ကြသည်။ ထိုနောက်
ဖန်ချိုင့်ကြီးတခုထဲမှ ဗျစ်ရည်များကို ဖန်ခွက်များထဲသို့ ထည့်၍ ဝက်ရော
လူသားပါ အားလုံးသောက်ကြသည်။ အိမ်ဘေးမှ အံ့ဩသောမျက်နှာထားနှင့်
ချောင်း၍ ကြည့်နေကြသော တိရစ္ဆာန်များကိုကား ဝက်နှင့်လူများထဲက
ဘယ်သူမှ မမြင်ကြ။
ထို့နောက် ဦးပေါက်ကျော်က သူ့ဖန်ခွက်ကို ကိုင်၍မတ်တတ်ထပြီးလျှင်
အရက်ခွက်ကို မြှောက်၍ ဆုတောင်းစကားပြောသည်။ ဦးပေါက်ကျော်က
အနည်းငယ်စကားပလဒင်ခံပြီးပြောသည်မှာ ''ယနေ့ ဤထမင်းစားဝိုင်းကြီးကို
လာရသည့်အတွက် ကျွန်တော်နှင့်တကွ လူသားမိတ်ဆွေများသည် အားလုံးပင်
လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြပါသည်။ ယနေ့ကစ၍ ခြေလေးချောင်းကွင်းနှင့်
လူသားတို့ တဦးနှင့် တဦး အထင်အမြင်လွဲခဲ့ခြင်းများ ပပျောက်သွားသဖြင့်
အထူးပင် ကျွန်တော်တို့ နှစ်ထောင်းအားရ ရှိပါသည်။
ခြေလေးချောင်းကွင်းသားတို့ကလည်း ကျွန်တော်တို့ လူသားများကဲ့သို့ပင်
နှစ်ထောင်းအားရ ရှိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ယခင်က
ခြေလေးချောင်းကွင်း ပိုင်ရှင်များအပေါ်တွင် ကျွန်တော်တို့လူသားအချို့က
အထင်အမြင်လွဲနေခဲ့ကြပါသည်။ ထိုအထဲတွင် ကျွန်တော်ကိုယ်တိုင် မပါပါ။
ထိုကဲ့သို့ အထင်အမြင်လွဲနေခဲ့ကြသည့် အတွက် ဝမ်းနည်းဖွယ်ကိစ္စများ
ပေါ်ခဲ့ပါသည်။ ခြေလေးချောင်းကွင်းကို ဝက်များက စီမံအုပ်ချုပ်နေခြင်းသည်
ဓမ္မတာတရားနှင့် ဆန့်ကျင်ပြီးလျှင် လူသားတို့ အကျိုးယုတ်ရာယုတ်ကြောင်း
ဖြစ်သည်ဟုလည်း အချို့လူသားများက အထင်မှားခဲ့ကြပါသည်။
အချို့လူသားများက စုံစမ်းစစ်ဆေးခြင်း မပြုဘဲနှင့် ခြေလေးချောင်းကွင်း
တွင် အရှက်အကြောက် ကင်းမဲ့စွာ အရမ်းဖြစ်ချင်သလို ဖြစ်၍နေသည်ဟုလည်း
ထင်ခဲ့ကြပါသည်။ ထိုကဲ့သို့ ပေါက်လွှတ်ပဲစားဖြစ်နေခြင်းသည် အနီးအနားရှိ
လူသားကွင်းများသို့ပင် ကူးစက်သွားလိမ့်မည်ဟု စိုးရိမ်မကင်း
ဖြစ်ကြသူများလည်း မနည်းပါ။ အချို့က အလုပ်သမားများသည်ပင်
ခြေလေးချောင်းကွင်း၏ အတုကို ယူပြီးလျှင် အလုပ်ရှင်များအား
တော်လှန်ကြလိမ့်မည်ဟုလည်း ပူပန်မိကြပါသည်။ ယခုကျွန်တော်တို့ ကိုယ်တိုင်
ခြေလေးချောင်းကွင်းကို လာကြည့်သောအခါကျမှ ထိုကဲ့သို့ လူသားတို့စိတ်က
တွေးတော်ပူပန်နေကြခြင်းများသည် တောရမ်းမယ်ဘွဲ့များ ဖြစ်သည်ကို
သိရပါသည်။ ခြေလေးချောင်းကွင်းမှာ နောက်ဆုံးပေါ်နည်းစနစ်များကို သုံး၍
စည်းကမ်းလည်း အင်မတန်သေဝပ်ပြီးလျှင် ကျွန်တော်တို့လူသားများက
အတုခိုးစရာများပင် အများအပြားရှိကြောင်းကို ကျွန်တော် တွေ့ရပါသည်။
ကျွန်တော်ကိုယ်တိုင် တွေ့ရပြီး အလွန်သဘောကျသောအချက်တခုမှာ
ခြေလေးချောင်းကွင်းရှိ အောက်တန်းစား တိရစ္ဆာန်များမှာ အလုပ်ကို ပို၍
လုပ်ရပြီးလျှင် အစားကို လျှော့၍ စားရခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့
လူသားကွင်းများက တိရစ္ဆာန်များတောင် ခြေလေးချောင်းကွင်းက
အောက်တန်းစားတိရစ္ဆာန်များလောက် အစာကို လျှော့၍ မစားရသည်ကို
တွေ့ရပါသည်။ ဤအချက်တွင် ကျွန်တော်တို့လူသားများသည် ရှက်ကြောက်နေဖို့
မလိုပါ။ ခြေလေးချောင်းကွင်း၏ နမူနာကို ယူဖို့ထိုက်ပါသည်။
ကျွန်တော်တို့လူသားများသည် ခြေလေးချောင်းကွင်းက ပြန်သွားသည့်အခါတွင်
ခြေလေးချောင်းကွင်းက ထူးခြားသော နမူနာများကို လိုက်နာကျင့်သုံးကြမည်မှာ
အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နောင်အဖို့တွင် တိရစ္ဆာန်နှင့် လူသားတို့
မဟာမိတ်ကဲ့သို့ သဘောထားသင့်ပါသည်။ သဘောထားကြလိမ့်မည်ဟုလည်း
ယုံကြည်ပါသည်။
ဝက်နှင့်လူသားတို့မှာ စီးပွါးလုဖက်များဟု သဘောထားစရာ
အကြောင်းမရှိပါ။ ဝက်တို့၏ ဒုက္ခလည်း လူသားတို့၏ ဒုက္ခပင်ဖြစ်၍
လူသားတို့၏ ဒုက္ခလည်း ဝက်တို့၏ ဒုက္ခပင်ဖြစ်ပါသည်။ ဥပမာဆိုသော်
အလုပ်သမားပြဿနာတွင် ဝက်တို့အဖို့ လူသားတို့အဖို့ ဘာမျှ
ခြားနားခြင်းမရှိပါ။ အသင်ဝက်လူကြီးမင်းတို့တွင် အောက်တန်းစားတိရစ္ဆာန်တို့ကို
နိုင်နင်းအောင်လုပ်ဖို့ ပြဿနာရှိသလိုဘဲ ကျွန်တော်တို့လူသားများမှာလည်း
အောက်တန်းစားလူသားများ၏ ပြဿနာရှိပါသည်'' ဟု ပြောသည်။ ထိုအခါ
ထမင်းစားပွဲက ပရိသတ်တို့က ကျယ်လောင်စွာ ဩဘာပေးကြသည်။ ထိုနောက်
ဦးပေါက်ကျော်က ''ယခု ခြေလေးချောင်းကွင်းသို့ ကျွန်တော်တို့လူသားများ
လာကြည့်သည့်အခါတွင် အောက်တန်းစား တိရစ္ဆာန်များမှာ ရာရှင်(ရိက္ခာ)
လျှော့၍ရခြင်း အလုပ်ချိန်ပို၍လုပ်ကြရခြင်း သက်တောင့်သက်သာမှုများနှင်
ကင်းဝေးရခြင်းများကို တွေ့ရသဖြင့် ဝက်ခေါင်းဆောင်ကြီးတို့၏ စီမံအုပ်ချုပ်ပုံကို
ကျွန်တော်တို့လူသားများက မခြီးကျူးဘဲ မနေနိုင်အောင် ဖြစ်ပါသည်ခင်ဗျား။
ထို့ကြောင့် လူကြီးမင်းများအားလုံးတို့၏ ဖန်ခွက်များတွင် ဗျစ်ရည်
အပြည့်ထည့်ကြပြီးလျှင် ''ခြေလေးချောင်းကွင်း သာယာဝပြောရှိစေသော'' ဟု
ဆုတောင်း၍ သောက်ကြပါမည့်အကြောင်း ကျွန်တော်လူသား ဦးပေါက်ကျော်က
အကြံပေးစကား ပြောကြားပါသည်'' ဟုဆိုကာ နိဂုံးချုပ်လိုက်သည်။
ထိုအခါ ဆူညံစွာ ဩဘာပေးကာ ကြမ်းကို ခြေနှင့် ဆောင့်၍
ကောင်းခြီးပေးသူကလည်း ပေးကြသည်။ ဦးပေါက်ကျော်၏ စကားကို ဗန္ဓုလက
သဘောကျလှသဖြင့် ဗန္ဓုလသည် ဦးပေါက်ကျော်ရှိသည့် ဖက်သို့လှည့်၍
သွားပြီးလျှင် ဦးပေါက်ကျော်နှင့် ဖန်ခွက်ခြင်း ဆတ်ကာဗျစ်ရည်ကို
သောက်သည်။ ဆူညံစွာ ဩဘာပေးခြင်းများ ရပ်စဲသွားသောအခါ
မတ်တတ်ထလျှက်ပင်ရှိသေးသော ဗန္ဓုလက သူလည်း စကားအနည်းငယ်
ပြောလိုသေးကြောင်း ပြောသည်။
ဗန္ဓုလသည် စကားတိုတို ပြောတတ်သည့်အတိုင်း တိုတိုနှင့်
အချက်ကျကျ ပြောသည်။ ဗန္ဓုလက ပြောသည်မှာ ''ကျွန်တော်တို့သည်
ယခင်က လူသားများနှင့် အထင်အမြင် လွဲမှားကာ မတဲ့မရှုဖြစ်ခဲ့ရာမှ ယခုကဲ့သို့
မဟာမိတ်ပြန်၍ ဖြစ်ရသည့်အတွက် အလွန်အကျူး အထူးပင် ဝမ်းသာပါတယ်။
ကျွန်တော်တို့ ဝါဒဟာ လူသားများကို တော်လှန်ဖို့ ဝါဒဆိုပြီးလဲ တချို့က
ပြောကြပါတယ်။ တာဟာ သက်သက်မဲ့ မဟုတ်မမှန်လုပ်ကြံပြီးပြောကြတာပါ။
ကျွန်တော်နှင့် တကွ ကျွန်တော်ရဲ့လုပ်ဖေါ်လုပ်ဖက်များဟာ ဘယ်အခါကမျှ
လူသားများကို တော်လှန်ဖို့ စိတ်မကူးခဲ့ကြပါဘူး။ ကျွန်တော်တို့
အနီးအနားတဝိုက်ရှိ လူသားများပိုင်သော တိရစ္ဆာန်များကို တော်လှန်အောင်
ကျွန်တော်တို့က လှံု့ဆော်ပေးနေတယ်ဆိုတာလဲ ကျွန်တော်တို့ကို
မလိုတဲ့ရန်သူများက လွှင့်တဲ့သတင်းပါ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုသာ
အလိုရှိပါတယ်။ ယခုမှသာ ငြိမ်းချမ်းရေးကို အလိုရှိတာ မဟုတ်ပါဘူး။
ယခင့်ယခင်ကလဲ အလိုရှိခဲ့တာပါဘဲ။ နောက်နောင်ကိုလဲဘဲ ငြိမ်းချမ်းရေးကိုသာ
အလိုရှိမှာပါဘဲ။ ကျွန်တော်တို့ရဲ့ တခုတည်းသော အာသီသမှာ ကျွန်တော်တို့
ပတ်ဝန်းကျင်မှာရှိတဲ့ လူသားများနဲ့ ရွှေလမ်းငွေလမ်းဖေါက်ပြီး ငြိမ်းချမ်းစွာ
နေဖို့ဘဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ယခုဦးစီး အုပ်ချုပ်လျက်ရှိတဲ့
ခြေလေးချောင်းကွင်းကိုလည်း သမဝါယမစနစ်အရ ဖွဲ့စည်းထားတယ် ဆိုတာကို
ယခုကြွလာကြတဲ့ လူသားလူကြီးမင်းများ သိစေလိုပါတယ်။
ခြေလေးချောင်းကွင်းရဲ့ ''ဂရန်'' များဟာ ကျွန်တော့် နာမည်နဲ့ပင် ရှိသော်လည်း
ကျွန်တော် တဦးတည်းပိုင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝက်များ စုပေါင်း၍
ပိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။
ကျွန်တော်တို့ အပေါ်မှာ လူသားလူကြီးများက သင်္ကာယန
မကင်းမဖြစ်ကြတော့ဘူး ဆိုတာတော့ ကျွန်တော် ယုံကြည်ပါတယ်။ တာပေမဲ့
ကျွန်တော်တို့ အပေါ်မှာ လူသားလူကြီးမင်းများ ပို၍ယုံကြည်သည်ထက်
ယုံကြည်အောင် ကျွန်တော် ခြေလေးချောင်းကွင်းက တချို့ ဓလေ့ထုံးစံများကိုလဲ
မကြာခင်ကဘဲ ပြုပြင်ပြောင်းလဲပစ်လိုက်ပါပြီ။ ဥပမာဆိုပါစို့ ယခင်က
ကျွန်တော်တို့ အထဲက တချို့ အမြော်အမြင်မရှိကြသူတို့ကြောင့် ကျွန်တော်တို့
အချင်းချင်း တဦးနှင့် တဦး ရဲဘော်လို့ ခေါ်ကြပါတယ်။ ယခု ကျွန်တော့
အမိန့်အရ တိရစ္ဆာန်အချင်းချင်း တဦးနှင့်တဦးရဲဘော်လို့ မခေါ်ရတော့ပါဘူး။
နောက်ပြီးတော့ ဝက်ခေါင်းရိုးကြီးတခုကို တိုင်ငုတ်ပေါ်မှာတင်ပြီး တနင်္ဂနွေနေ့
မနက်တိုင်း တိရစ္ဆာန်အားလုံး စီတန်းသွားပြီး အရိုအသေပေးရတဲ့ ထုံးစံကိုလဲ
ဖျက်ပစ်လိုက်ပါပြီ။ ဒီထုံးစံဟာ ဘယ်နည်းဘယ်ပုံနဲ့ ဘယ်သူက စခဲ့လို့
ပေါ်လာတယ်ဆိုတာ ကျွန်တော်လဲ မပြောတတ်ပါဘူး။ ယခုတော့ အဲဒီ
ဝက်ခေါင်းရိုးကြီးကိုလဲ မြေကြီးထဲ တခါထဲ မြှုပ်ပစ်လိုက်ပါပြီ။ ပြီးတော့
လူသားလူကြီးမင်းများ သတိထားပြီး အလံတိုင်ပေါ်က ကျွန်တော်တို့ရဲ့ အလံကို
ကြည့်မိမယ်ဆိုယင်လဲ အယင်ကနှင့် မတူဘဲ ပြောင်းလဲထားတာကို
တွေ့ရပါလိမ့်မယ်။
ယခင်ကဆိုလျှင် ကျွန်တော်တို့အလံမှာ အစိမ်းခံရောင်ပေါ်တွင်
အဖြူရောင်ဖြင့် ချိုနှင့်ခွါပုံ ရေးထားပါတယ်။ ယခု ကျွန်တော့် အမိန့်အရ ချိုနှင့်
ခွါပုံကို ဖြုတ်လိုက်ပြီး အစိမ်းရောင် သက်သက်ဘဲ ထားပါတော့တယ်။
ဦးပေါက်ကျော်ရဲ့ မွန်မြတ်တဲ့ မိန့်ခွန်းထဲမှာ ကျွန်တော် စောဒကတက်စရာ
တခုဘဲ ရှိပါတယ်။ ဦးပေါက်ကျော်က ကျွန်တော်တို့ ကွင်းကို
ခြေလေးချောင်းကွင်းလို့ ခေါ်ပါတယ်။ အဲဒါကိုလဲ ကျွန်တော် ယခုကစပြီး
ပြင်လိုက်ပါမယ်။ နောင်ကို ကျွန်တော်တို့ ခြေလေးချောင်းကွင်းလို့ မခေါ်တော့ဘဲ
မူလနာမည်မှန် နာမည်ရင်းအတိုင်း ယင်းမာပင်ကွင်းလို့ ခေါ်ဖို့ ယခုကစပြီး
ကျွန်တော်ပြုပြင်လိုက်ပါ့မယ်။ နောင်အဖို့ တိရစ္ဆာန်နှင့် လူသား ခြားနားခြင်း
မရှိစေရပါဘူး။ တာကြောင့် လူကြီးမင်းများမှာ ကိုယ်ဖန်ခွက်ကို ကိုယ်ဗျစ်ရည်
ပြည့်အောင် ထည့်ထားကြပါ။ ယခု ကျွန်တော်က ''ယင်းမာပင်ကွင်း
သာယာဝပြောရှိစေသော'' ဟု ဆိုလိုက်တဲ့အခါမှာ အားလုံး ဖန်ခွက်ချင်းဆတ်၍
သောက်တော်မူကြပါ'' ဟု ပြောသည်။
ထိုအခါ သောင်းသောင်းဖျဖျ ဩဘာပေးကြပြီးလျှင် ဖန်ခွက်များကို
တဦးနှင့်တဦး ဆတ်၍ အသီးသီးမော့ကာ သောက်ကြသည်။ ဘေးမှ
ချောင်းကြည့်နေကြသော တိရစ္ဆာန်များအဖို့မှာကား ဝက်များပြုလုပ်ပုံသည်
ထူးဆန်းလွန်းသဖြင့် မစဉ်းစားတတ်အောင် ဖြစ်လျက်ရှိသည်။ ဝက်များ၏
မျက်နှာမှာ ယခင်ကနှင့် လုံးဝမတူဘဲ တမျိုးတဖုံ ပြောင်းလဲလျက်ရှိသည်။
ခွါဖြူသည် ဟိုမျက်နှာကြည့် သည်မျက်နှာကြည့် ကြည့်၍နေသည်။
မျက်စိမှုန်နေသဖြင့် သဲသဲကွဲကွဲ မမြင်ရ။ တချို့ဝက်များမှာ အရက်တန်ခိုးကြောင့်
ဝဖြိုး၍ မေးအောက်က ထစ်၍ပင်နေသည်။ အချို့ဝက်များမှာ မေးစေ့ ငါးထပ်
အချို့မှာ လေးထပ် အချို့မှာသုံးထပ် စသဖြင့် တိုး၍နေသည်။
ဩဘာပေးသံများငြိမ်သွားသောအခါ ဗျစ်ရည် မသောက်ခင်က ရပ်ထားသော
ဖဲဝိုင်းကို ဆက်၍ ကစားကြသည်။ ဘေးကချောင်းကြည့်နေကြသော
တိရစ္ဆာန်တို့လည်း ကိုယ်စီ ကိုယ်င တိတ်ဆိတ်စွာ ပြန်ကြသည်။
သို့ရာတွင် အနည်းငယ် သွားမိကြသောအခါ ဆူညံသံကြားသဖြင့်
တိရစ္ဆာန်များသည် ကပြာကရာ ပြန်လှည့်လာကြပြီးလျှင် ပြူတင်းပေါက်မှ
ချောင်း၍ ကြည့်ကြပြန်သည်။ ဖဲဝိုင်းတွင် ရန်ဖြစ်လျက်ရှိသည်။ ဆဲသူက ဆဲ
ဆူသူက ဆူ စားပွဲကို လက်သီးနှင့် ထုသူကထု စားတောမလို ဝါးတော့မလို
ကြည့်သူကကြည့်နှင့် အတော် ကမောက်ကမ ဖြစ်လျက်ရှိသည်။ အကြောင်းမှာ
ဗန္ဓုလလက်ထဲတွင်လည်း တစ်သုံးလုံး ဦးပေါက်ကျော် လက်ထဲတွင်လည်း
တစ်သုံးလုံး ရောက်နေသောကြောင့် ဖြစ်လေသည်။
ဝက်ခြောက်ကောင်နှင့် လူသားခြောက်ဦးတို့မှာ တဖက်နှင့် တဖက်
စားမလို ဝါးမလို ဖြစ်၍ နေကြပြီ။ ထိုအချိန်တွင် ဝက်နှင့်လူသားမှာ
ခြားနားခြင်းမရှိတော့။ မွန်မြတ်သော ဝက်တို့သည် ယုတ်ညံ့သွား၍ လူသားနှင့်
ခြားနားခြင်း မရှိလေသလော။ သို့မဟုတ် ယုတ်ညံ့သော လူသားတို့သည်
ဝက်တို့ကဲ့သို့ မွန်မြတ်လာ၍ ခြားနားခြင်း မရှိလေသလော။ ဘေးက
ချောင်းကြည့်နေကြသော တိရစ္ဆာန်တို့သည် ဝက်များမျက်နှာကို ကြည့်လိုက်
လူသားများမျက်နှာကို ကြည့်လိုက်နှင့် အပြန်ပြန် အလှန်လှန်ကြည့်ကြသည်။
သို့ရာတွင် ဝက်နှင့်လူသား လူသားနှင့်ဝက် ဘယ်ဒင်းကဝက် ဘယ်ဒင်းက
လူသား ဘယ်ဒင်းကလူသား ဘယ်ဒင်းကဝက်ဟု ခွဲခြား၍ မရအောင်
ရှိလေတော့သတည်း။