အခန်း (၉)
ဂျိုကား၏ ဒဏ်ရာမှာ ရုတ်တရက် မပျောက်။ တိရစ္ဆာန်တို့သည်
အောင်ပွဲ ကျင်းပပြီး နောက်တနေ့တွင်ပင် ဓါတ်မီးစက်ကို စ၍ တည်ကြသည်။
ဂျိုကားသည် အနားတရက်မှ မယူ။ သူ၏ ဒဏ်ရာများကြောင့် နာသည်
ကျဉ်သည်ကိုပင် အများမသိအောင် ကြိတ်၍ ခံသည်။ အခြားတိရစ္ဆာန်များ
ကွယ်ရာကျမှသာ ဂျိုကားက ခွါဖြူအား သူ၏ ဒဏ်ရာများက နာကျဉ်ကြောင်း
ပြောပြသည်။ ခွါဖြူသည် သစ်ရွက်များကို ဝါး၍ ဂျိုကား၏ ဒဏ်ရာများကို
အုံပေးသည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကားအား အလုပ်အနည်းငယ်လျှော့၍
လုပ်ဖို့ ပြောကြသည်။ ခွါဖြူကလည်း ''နွားဆိုသည်မှာလည်း သွေးနှင့်ကိုယ်
သားနှင့်ကိုယ် ဖြစ်သဖြင့် အလုပ်ကို နည်းနည်း ရှော့ပါအုံး ဂျိုကားရယ်'' ဟု
နားချသည်။ ဂျိုကားသည် မည်သူ့စကားကိုမျှ နားမထောင်။
''ငါအသက်ကြီးသွားလို့ အနားမယူခင် ဓါတ်မီးစက်ကြီး တော်တော်
ပြီးသွားတာကိုဘဲ ငါမြင်ချင်တယ်'' ဟု ဂျိုကားက ပြောသည်။
ပထမခြေလေးချောင်းကွင်း၏ အခြေခံစည်းမျဉ်း ဥပဒေများကို ရေးဆွဲစဉ်
အခါက နွားများမှာအသက် ၁၂ နှစ် မြင်းများမှာ ၁၄ နှစ်။ ခွေးများမှာ ၉
နှစ်။ သိုးများဆိတ်များမှာ ရ နှစ်။ ကြက်များ ဘဲများမှာ ၅ နှစ်ရှိလျှင် ပင်စင်
ယူနိုင်ကြောင်း ပြဋ္ဌာန်းကြသည်။ ပင်စင်လစာကိုလည်း လုံလောက်စွာပေးဖို့
သဘောတူကြသည်။ ထိုအချိန်အထိ ပင်စင်ရသော တိရစ္ဆာန်များကား မရှိသေး။
သို့ရာတွင် ပင်စင်အကြောင်းနှင့် ပတ်သက်၍ တနေ့တခြား ပို၍
ဆွေးနွေးလာကြသည်။ မူလက ပင်စင်ရသော တိရစ္ဆာန်များအတွက်
သတ်မှတ်ထားသော မြေကွက်ကို အရက်ချက်ဖို့ ကောက်ညှင်းစိုက်ရန်
ဆုံးဖြတ်လိုက်သဖြင့် စားကျက်ထဲမှ တနေရာကိုပင်
ပင်စင်ရသောတိရစ္ဆာန်များအတွက် ဝင်းခတ်ကာ သတ်မှတ်ပေးလိမ့်မည်ဟု
သတင်းထွက်၍လာသည်။ ပင်စင်ရသောအခါ မြင်းများ နွားများကို တနေ့လျှင်
စပါးနှစ်ပြည် ပြောင်းရိုး တထုံးနှင့် ကောက်ရိုးအလုံအလောက် ပေးလိမ့်မည်။
အလုပ်ပိတ်ရက်များတွင် နှမ်းဖတ်ပါပေးလိမ့်မည်ဟု ကြားရသည်။ နောက်တနှစ်
မိုးကျခါနီးတွင် ဂျိုကားမှာ အသက် ၁၂ နှစ် ပြည့်မည်ဖြစ်၍ ပင်စင်
သွားနိုင်လိမ့်မည်။
ထိုအတောအတွင်း၍ တိရစ္ဆာန်များမှာ အလုပ်များ၍ အစားအသောက်
ချောင်လည်ခြင်း မရှိကြ။ နေ့စဉ် အစာဝေရာ၌လည်း ဝက်များ ခွေးများမှတပါး
ကျန်တိရစ္ဆာန်များကို လျှော့၍ ဝေသည်။ အားလုံးသော တိရစ္ဆာန်များကို
ညီတူညီမျှ အစာဝေမည်ဆိုလျှင် တိရစ္ဆာန်ဝါဒနှင့် ဆန့်ကျင်လိမ့်မည်
ဖြစ်ကြောင်းနှင့်လည်း သံကြောင်က ပြောသည်။ တိရစ္ဆာန်များကို အစာလျှော့၍
ဝေခြင်းမှာ စင်စစ်အားဖြင့် အစာရှားပါး၍ မဟုတ်ကြောင်းကိုလည်း သံကြောင်က
အကြောင်းခိုင်လုံစွာပြ၍ ပြောသည်။ အခိုက်အတန့်အဖို့တွင် အစာကို ပြင်၍
ဝေရခြင်းသာဖြစ်သည်။ သံကြောင်က ''ပြင်၍ဝေရခြင်း'' ဆိုသောစကားကိုသာ
သုံးသည်။ ''လျှော့၍ ဝေရခြင်း'' ဆိုသောစကားကို မသုံး။
သံကြောင့်အလိုအားဖြင့် ဦးသာခေါင်၏ လက်ထက်ကနှင့် စာလျှင်
ခြေလေးချောင်းကွင်း၏ အခြေအနေမှာ များစွာတိုးတက်၍လာသည်။
ထို့နောက် သံကြောင်က ''ရဲဘော်တို့ အခု ငါတို့ဟာ ဦးသာခေါင်၏
လက်ထက်ကနှင့် မတူ။ စပါးလည်း ပို၍ ထွက်သည်။ ပြောင်းလည်းပို၍
ထွက်သည်။ နှမ်းတို့မြေပဲတို့လည်း ပို၍ထွက်သည်။ ငါတို့
သောက်ရသည့်ရေလည်း ပို၍ ကောင်းလာသည်။ ငါတို့သက်တမ်းလည်း
ယခင်ကထက် ပို၍ ရှည်လာသည်။ နို့စို့ တိရစ္ဆာန်အသေအပျောက်လည်း
အများကြီး လျော့၍ သွားသည်။ ခင်း၍ အိပ်ဖို့ ကောက်ရိုးများလည်း
ပို၍ရသည်။ မှက်ခြင်ယင် အကိုက်လည်း သက်သာသွားသည်။
ဦးသာခေါင်သာရှိလျှင် ယခုလို ဘဝမျိုးကို ငါတို့ရကြမှာ မဟုတ်ဘူး'' ဟု
စာရင်းအင်းများကို ဖတ်ပြကာ စာစာ စာစာနှင့် ပြောပြသည်။
တိရစ္ဆာန်များလည်း သံကြောင်ပြောသမျှကို တလုံးမကျန် ယုံကြသည်။
တိရစ္ဆာန်များ၏ စိတ်ထဲတွင် ဦးသာခေါင်နှင့် ပတ်သက်သမျှသော
အကြောင်းတို့ကို မေ့၍ကုန်ကြပြီ။ ဦးသာခေါင်မရှိသည့်နောက်တွင် အလုပ်လည်း
ပင်ပန်း။ အစားအသောက်လည်း လောက်လောက်ငင မရှိ။ မျက်စိနှစ်လုံး
မှိတ်သည့်အခါမှတပါး အလုပ်နှင့် ကိုယ်နှင့်မပြတ်အောင် လုပ်နေကြရသဖြင့်
အနေရ ကြပ်တည်း ကြသည်မှာ မှန်သည်။ သို့ရာတွင်
ဦးသာခေါင်လက်ထက်က ထို့ထက်ပင် ဆိုးသေးသည်ဟု ယုံကြသည်။
ထိုသို့ယုံကြသဖြင့် စိတ်ချမ်းသာမှုရကြသည်။ တိရစ္ဆာန်များမှာ ဦးသာခေါင်
ရှိစဉ်က ကျွန်အဖြစ်နှင့်သာ နေကြရ၍ ယခုမူ လွတ်လပ်စွာနေကြရသည်။
လွတ်လပ်ခြင်းသည် ကျွန်အဖြစ်နှင့် နေရခြင်းထက်ကောင်းသည်။ ဤသို့
သံကြောင်က တိရစ္ဆာန်များအား တရားပြသည်။
လွတ်လပ်ခြင်း ရပြီးနောက် တိရစ္ဆာန်များမှာ စားမည့်သူ
ပိုများလာသည်။ ဝက်မလေးကောင်ကလည်း စုစုပေါင်း ဝက်ကလေး
သုံးဆယ့်တကောင် မွေးသည်။ အားလုံးသော ဝက်ကလေးများမှာ ဗန္ဓုလကဲ့သို့
ဝက်ကျားကလေးများချည်း ဖြစ်သည်။ ခြေလေးချောင်းကွင်းတွင် ဗန္ဓုလ
တကောင်သာ ဝက်သိုးရှိသဖြင့် ထိုဝက်ကလေးများ၏ ဖခင်မှာ
မည်သူဖြစ်သည်ကိုလည်း အလွယ်နှင့် သိနိုင်သည်။ အုတ်နှင့်
ပျဉ်များရသောအခါ ဝက်ကလေးများအတွက် ကျောင်းဆောက်ပေးမည်ဟု
ဗန္ဓုလက ကျေညာသည်။ ကျောင်းမဆောက်ရမီ အတောအတွင်း၌
ဝက်ကလေးများအား မီးဖိုဆောင်ထဲ၌ ဗန္ဓုလကိုယ်တိုင်က စာသင်ပေးနေသည်။
ဝက်ကလေးများကို ပန်းခြံထဲ၌သာကစားစေပြီးလျှင် အခြားတိရစ္ဆာန်ငယ်များနှင့်
ရောနှောခွင့်မပြု။ ထိုအချိန်အခါလောက်တွင် လမ်း၌ ဝက်နှင့်
အခြားတိရစ္ဆာန်များ တွေ့ကြလျှင် အခြားတိရစ္ဆာန်များက လမ်းဖယ်ပေးကြရမည်
ဟု အမိန့်ထုတ်လိုက်သည်။ ထို့ပြင်တနင်္ဂနွေနေ့များတွင် ဝက်မှန်သမျှ အကြီး
အငယ် အရွယ်အလတ်မရွေး အမြီးတွင် ဖဲကြိုးအစိမ်း တပ်ဆင်နိုင်သော
အထူးအခွင့်အရေး ရရှိစေရမည်ဟုလည်း အမိန့်ထုတ်ထားသည်။
ထိုနှစ်တွင် ခြေလေးချောင်းကွင်းမှာ ငွေစအလုံအလောက် မရှိသော်လည်း
အခြေအနေမှာ မဆိုးလှ။ ကျောင်းဆောက်ဖို့ အုတ် အင်္ဂတေ ဝယ်ရန်နှင့်
ဓါတ်မီးစက်အတွက် စက်ကရိယာဝယ်ရန် စရိတ်ငွေရဖို့အတွက် ချွေတာနိုင်သမျှ
ချွေတာရလိမ့်မည်။ ထိုမှတပါး မီးထွန်းဖို့ ရေနံဆီ ဖယောင်းတိုင် စသည်တို့
အတွက်လည်း ငွေစလိုလိမ့်မည်။ ဗန္ဓုလအတွက် သကြားလည်း ဝယ်ရလိမ့်မည်။
(အခြားဝက်များမှာ သကြားစားလျှင် ဝတတ်သည် ဆိုသော
အကြောင်းပြချက်ဖြင့် သကြားစားခွင့် မရကြ) ထို့ပြင် လက်နက်ကရိယာများ
ထင်းများ ကြိုးများ သံချောင်းများ သံတိုမယ်န စသည်များ နောက်ထပ်
ဝယ်ဖို့အတွက်လည်း ငွေစလိုလိမ့်ဦးမည်။ ထို့ကြောင့် ကောက်ရိုးပုံကြီး
တပုံကိုလည်း ရောင်းလိုက်ရသည်။ နောက်ထပ် နှမ်းများကိုလည်း
ရောင်းလိုက်ရသည်။ ကြက်ဥများကိုလည်း တနင်္ဂနွေတပတ်လျှင် လုံးရေ
ခြောက်ရာအထိ တိုး၍ ရောင်းရသဖြင့် ကြက်မများမှာ ကြက်ကလေး
မဖေါက်ရသောကြောင့် ကြက်ကလေး အရေအတွက် လျှော့မသွားဖို့ပင်
ခဲယဉ်းလျက်ရှိသည်။ အစာဝေရာ၌လည်း ပထမလျှော့၍ ဝေပြီးသားကိုပင်
နောက်ထပ်လျှော့၍ ဝေပြန်သည်။ နွားခြံ ဆိတ်ခြံ သိုးခြံများ၌ ထွန်းနေကြ
မီးခွက်များကိုလည်း ရေနံဆီအကုန်သက်သာစေခြင်းငှာ မထွန်းရဟု
အမိန့်ထုတ်ထားသည်။ သို့ရာတွင် ဝက်များမှာ စည်းစိမ်မပျက်ကြ။ အမှန်မှာ
ဝက်များသည် ယခင်ကထက်ပင် ပို၍ ဆူဖြိုးနေကြသည်။
တညနေတွင် တိရစ္ဆာန်များသည် အလွန်သွားရည်ယိုချင်စရာကောင်းသော
အနံ့တခုကို ရကြသည်။ထိုအနံ့မှာ အရက်ချက်ရန် ကောက်ညှင်းပေါင်းသောအနံ့
ဖြစ်သည်။ တိရစ္ဆာန်များသည် သူတို့ကို ကျွေးလိုကျွေးငြား
ကောက်ညှင်းပေါင်းနံ့ကို နှာခေါင်း တပွပွနှင့် အနံ့ခံကာနေကြသည်။ သို့ရာတွင်
ကောက်ညှင်းပေါင်းကို မစားကြရရုံမျှမက နောက်တနင်္ဂနွေနေ့ကျသောအခါ
ကောက်ညှင်းစပါး ရှိသမျှကို ဝက်များအတွက် သီးသန့်ထားရမည်ဟုပင်
အမိန့်ထုတ်ပြန်သည်။ ယခင်က မြက်ခြံလုပ်ဖို့ မြေကွက်ကိုလည်း
ကောက်ညှင်းကြဲလိုက်ပြီ။ ထိုအခိုက်တွင် ဝက်များမှာ နေ့စဉ် အုန်းမှုတ်ခွက်နှင့်
တခွက်ကျ အရက်ဝေစုရကြကြောင်း ဗန္ဓုလကိုယ်တိုင်မှာ မြူအိုးနှင့်
တဝက်စာခန့်ရကြောင်း သောက်သည့်အခါတွင် ဖန်ချိုင့်နှင့်ထည့်၍
သောက်ကြောင်းနှင့် သတင်းဖြစ်ပေါ်လာသည်။
သို့ရာတွင် တိရစ္ဆာန်များမှာ ယခင်ကထက် အခြေအနေဂုဏ်မြင့်လာသဖြင့်
စားရသောက်ရ စိတ်ဆင်းရဲရသော်လည်း စိတ်ဖြေနိုင်ကြသည်။
ပွဲလမ်းသဘင်လည်း ယခင်ကထက် များလာသည်။ ဟောပြောပွဲများလည်း
ယခင်ကထက် ပေါလာသည်။ စီတန်းလှည့်လည်ခြင်းများလည်း ယခင်ကထက်
တိုးလာသည်။ ထို့နောက် တနင်္ဂနွေတပတ်လျှင် တကြိမ်ကျ စေတနာအင်အားပြပွဲ
ကျင်းပရမည်ဟု ဗန္ဓုလက အမိန့်ထုတ်ပြန်သည်။ ထိုအင်အားပြပွဲ ကျင်းပခြင်း၏
ရည်ရွယ်ချက်မှာ ခြေလေးချောင်းကွင်း ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခဲ့မှုများ
ခြေလေးချောင်းကွင်း၏ အောင်မြင်မှုများကို ပေါ်လွင်ထင်ရှားစေရန်ဖြစ်သည်။
စေတနာအင်အားပြပွဲကျုင်းပသည့် အခါတွင် တိရစ္ဆာန်တို့သည် ချိန်းဆိုထားသော
အချိန်တွင် မိမိတို့နေရာခြံမှ စစ်ချီသကဲ့သို့ စီတန်းထွက်လာကြရသည်။
ဝက်များက ရှေ့ဆုံးကနေကြသည်။ သူတို့နောက်မှ မြင်းများ မြင်းများနောက်မှ
နွားများ နွားများနောက်မှ သိုးများ ဆိတ်များ သိုးများဆိတ်များနောက်မှ
ကြက်များဘဲများက အစဉ်အတိုင်း လိုက်ကြရသည်။ ဂျိုကားနှင့် ခွါဖြူတို့က
''ရဲဘော်ဗန္ဓုလ သက်တော်ရာကျော် ရှည်ပါစေသော်'' ဟူသော
ကဗျည်းထိုးထားသည့် ဂျိုနှင့်ခွါအလံကြီးကို တဘက်တချက်ကိုင်၍
လိုက်ကြသည်။ အင်အားပြပွဲပြီးသောအခါ ဗန္ဓုလ၏ ဘုန်းတော်ဘွဲ့ကို
သီဆိုကြသည်။ ထို့နောက် သံကြောင်က ခြေလေးချောင်းကွင်းတွင်
ကောက်ပဲသီးနှံ ယခင်ကထက် ပို၍ထွက်သည့် အကြောင်းကို စာရင်းအင်းများ
ပြကာ တရားဟောသည်။ ရံဖန်ရံခါလည်း သေနတ်ဖေါက်သည်။
စေတနာအင်အားပြပွဲကို သိုးများက သဘောအကျဆုံးဖြစ်သည်။
ဝက်များ ခွေးများ မမြင်ကွယ်ရာကျလျှင် အချို့သောတိရစ္ဆာန်တို့က
အင်အားပြပွဲလုပ်ခြင်းမှာ နေပူကြဲကြဲကြီးထဲ၌ အလကား မတ်တပ်ရပ်၍
နေရခြင်းနှင့် အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ပြောကြသည့်အခါတွင် သိုးများက
''ခြေလေးချောင်းကောင်းတယ် ခြေနှစ်ချောင်းမကောင်းဘူး'' ဟု ဆူညံစွာ
အော်၍ပစ်ကြသည်။ သို့ရာတွင် မည်သူက မည်ကဲ့သို့ ပြောကြသည်
ဖြစ်စေကာမူ တိရစ္ဆာန်တို့သည် အင်အားပြပွဲကျင်းပရခြင်းကို သဘောအကျကြီး
ကျကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အင်အားပြပွဲကျင်းပရခြင်းဖြင့်
မိမိတို့သည် သခင်မရှိသူများဖြစ်ပြီးလျှင် မိမိတို့ အလုပ်လုပ်ကြရသည်မှာ
သူတပါးအကျိုးအတွက် မဟုတ်ဘဲ မိမိတို့အကျိုးအတွက် လုပ်ရခြင်းသာ
ဖြစ်သည်ကို ထင်ရှားစေသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့် တိရစ္ဆာန်တို့မှာ
ပွဲလမ်းသဘင်ကြည့်ရှု့ရခြင်း စီတန်းလှည့်လည်ရခြင်း သံကြောင်၏
စာရင်းအင်းများကို ကြားနာရခြင်း သေနတ်ဖေါက်သံကြားရခြင်း ဗန္ဓုလ၏
ရှေ့တော်ပြေး ကြက်ဖနက်ကလေး တွန်သံကြားရခြင်း အလံဝင့်ရခြင်း
ကြွေးကြော်သံအော်ရခြင်းတို့ဖြင့် အချိန်မအား လပ်နိုင်ကြသောကြောင့် မိမိတို့မှာ
ဝမ်းဟောင်းလောင်းဖြစ်နေကြသည့်အဖြစ်ကို သတိမရကြ။
တန်ခူးလတွင် ခြေလေးချောင်းကွင်းကို လွတ်လပ်သော
သမတနိုင်ငံအဖြစ်ကျေညာကြသည်။ ထိုအခါ သမတတင်မြှောက်ဖို့လိုလာသည်။
သမတအရွေးခံမည့် ခြေလေးချောင်းမှာ ဗန္ဓုလတကောင်တည်းရှိသည်။
တိရစ္ဆာန်တို့သည် ဗန္ဓုလကို တညီတညွတ်တည်း သမတတင်မြှောက်ကြသည်။
ဗန္ဓုလ သမတဖြစ်သည့်နေ့တွင် ဘော်ဖြူသည် ဦးသာခေါင်နှင့်ပေါင်း၍
ခြေလေးချောင်းကွင်းကို ကြံနေသည့်အကြောင်း အကျယ်တဝင့် ဖေါ်ပြသော
စာတမ်းတခုကို တွေ့ရပြန်သည်။ ထိုစာတမ်းအရဆိုလျှင် ဘော်ဖြူသည်
နွားတင်းကုပ်တိုက်ပွဲ၌ တိရစ္ဆာန်များ အရေးရှံုးနိမ့်စေရန် ပရိယာယ်ဖြင့်
ကြံရုံသာမဟုတ်။ ဦးသာခေါင်ဖက်မှ အထင်အရှား ဝင်၍ပါနေသည်။
စင်စစ်ဆိုသော် ဘော်ဖြူသည် လူသားလက်နက်ကိုင်တပ်တို့၏
ဗိုလ်ချုပ်ကြီးပင်ဖြစ်ပြီးလျှင် သူ့ပါးစပ်က ''ခြေလေးချောင်းမှန်လျှင် အကုန်သတ်။
လူသားတို့က အောင်ရမည်''ဟု ကြွေးကြော်ကာ ရှေ့မှနေ၍ တိုက်ခဲ့သည်။
ဘော်ဖြူ၏ ကျောတွင် ဒဏ်ရာရသည်မှာလည်း ဦးသာခေါင်၏
သေနတ်ကျည်ဆံ ထိ၍ မဟုတ်။ ဗန္ဓုလက ကိုက်လိုက်၍သာဖြစ်သည်။
တောကျီးကန်း ငအောသည် သုံးလေးနှစ်လောက် ပျောက်နေပြီးမှ
နွေခေါင်ခေါင်ကြီးတွင် ခြေလေးချောင်းကွင်းသို့ ပြန်၍ပေါ်လာသည်။
ငအောသည် ယခင်ကကဲ့သို့ပင် ပုံပန်းမပျက်။ အလုပ်လည်း မလုပ်။
သကာတောင်အကြောင်းကိုလည်း ပြောမြဲဆက်ပြောသည်။ ငအောသည်
တိုင်ငုတ်ပေါ်တွင် နား၍ အတောင်နှစ်ဖက်ကို ခတ်ပြီးလျှင် နှုတ်သီးကို
ကောင်းကင်သို့ချိန်၍ သူ့စကားကို နားထောင်လိုသော တိရစ္ဆာန်များအား
နှစ်နာရီသုံးနာရီ မရပ်မနား တရားဟောသည်မှာ ''ရဲဘော်တို့ ကြည့်ကြလော့။
ဟိုတိမ်ပုပ် အထက်နားတွင် သကာတောင် ရှိသည်။ သကာတောင်သည်ကား
ငါတို့ တိရစ္ဆာန်များ၏ ဘေးဒုက္ခအပေါင်းတို့ ထာဝရငြိမ်းရာ ကုန်ရာ
အေးမြသော သောင်ကမ်းပင်တည်း'' ဟူ၍ ဖြစ်သည်။ငအောက သကာတောင်သို့
သူကိုယ်တိုင်ပင် တခေါက်ရောက်ဖူးကြောင်း။ သကာတောင်တွင် နှမ်းဖတ် ပဲ
ပြောင်း စသည်တို့ အလွန်ပေါကြောင်း။ သစ်ပင် ချံုနွယ်တို့တွင် နှမ်းဖတ် ပဲ
ပြောင်းစသည်တို့သည် မစိုက်ပျိုးရဘဲ ဆယ့်နှစ်ရာသီ အလေ့ပေါက်သီးလျက်
ရှိကြောင်းကို စီကာပတ်ကုံး ပြောပြရာ အချို့သောတိရစ္ဆာန်တို့က
ယုံကြည်ကြသည်။
ဤလောကကြီး၌ နေရသည်မှာ အလုပ်လည်း မအားအောင်လုပ်ရ။
အစာလည်း ဝအောင်မစားရ။ ဒုက္ခအင်မတန်ကြီးဘိရကား ဆင်းရဲရှိလျှင်
ချမ်းသာရှိရမည် ဖြစ်သည့်အတိုင်း သကာတောင်ကဲ့သို့ ချမ်းသာသော
နေရာတခုရှိရမည်မှာ မုချဖြစ်သည်ဟုလည်း ငအောက ဟောသည်။ ငအောသည်
ထိုကဲ့သို့ ဖေါက်ပြန်ရေးတရားကို အမြဲဟောနေပါလျှက်နှင့် ဝက်တို့သည်
ခြေလေးချောင်းကွင်း၌ ငအောကို မည်သည့်အတွက် လက်ခံထားသည်ဟု
မပြောတတ်နိုင်အောင်ရှိသည်။ ငအောသည် ဖေါက်ပြန်ရေးတရားများကိုသာ
တွင်တွင်ဟောနေသည် မဟုတ်။ အလုပ်လည်း ဘာမျှ မလုပ်။ တနေ့ကို
အရက်တမှုတ်လောက်လည်း မှန်မှန်သောက်လျှက်နေသည်။
ဂျိုကားသည် သူ့ဒဏ်ရာပျောက်သည်နှင့် တပြိုင်နက် ယခင်ကထက်
ဆထက်တပိုးတိုး၍ အလုပ်လုပ်သည်။ စင်စစ်အားဖြင့် ထိုနှစ်တွင်
အားလုံးသောတိရစ္ဆာန်တို့သည် မခိုမကပ် အလုပ်ကြိုးစား၍ လုပ်ကြသည်။
တိရစ္ဆာန်တို့မှ မိမိတို့ လုပ်မြဲအလုပ်များအပြင် ဓါတ်မီးစက်ကိုလည်း
ပြန်၍တည်ရသည်။ ဝက်ကလေးများအတွက် ကျောင်းကိုလည်း
ဆောက်ကြရသည်။ အစာကို ဝအောင် မစားရသည့်အပေါ်တွင် အလုပ်ကို
အချိန်ပို၍ လုပ်ကြရပြန်သောအခါ တိရစ္ဆာန်များမှာ မခံမရပ်နိုင်လောက်အောင်
ရှိကြသည်။ သို့ရာတွင် ဂျိုကားသည် ညည်းညူခိုကပ်ခြင်း မရှိ။
သူပြောသံကြားရခြင်း သူလုပ်ထာမြင်ရခြင်းအားဖြင့် ဂျိုကား၌
အင်အားဆုတ်ယုတ်သည့် လက္ခဏာကို မတွေ့ရ။ သို့ရာတွင် သူ့ရုပ်မှာ
အိုရုပ်အနည်းငယ် ပေါ်၍ လာပြီ။ သူ့အသားအရေများမှာ ယခင်ကလောက်
ပြည့်ဖြိုးပြောင်လက်ခြင်းမရှိ။ တင်ပါးရိုးများလည်း ပေါ်စပြုလာပြီ။ ''မိုးဦးကျ
မြက်နုတွေ ထလာလျှင် ဂျိုကားကြီး ဝလာမှာဘဲ'' ဟု အချို့တိရစ္ဆာန်များက
ပြောကြသည်။ သို့ရာတွင် မိုးဦးကျပြီးလည်း ဂျိုကားမှာ ဝဖြိုးလာခြင်းမရှိ။
ကမ်းပါးယံမှ ကျောက်တုံးကြီးများကို အောက်သို့ လိမ့်ကျမသွားစေခြင်းငှါ
ဂျိုကားက နံပါးဖြင့်ဖေး၍ ထားပြန်ပါလျှင်လည်း ဂျိုကားမှာ စိတ်သာပါ၍
ကိုယ်မပါတော့ကြောင်းကိုသိသာသည်။ ပင်ပင်ပန်းပန်း လုပ်ရသည့်
အခါတွင်လည်း ဂျိုကားမှာ ''ငါပိုပြီး ကြိုးစားမယ်'' ဟု အသံထွက်အောင်
မပြောနိုင်တော့ဘဲ နှုတ်ခမ်းလှုပ်ရုံသာ လှုပ်နိုင်တော့သည်။ ခွါဖြူနှင့်
မဟော်တို့က ဂျိုကားအား ကျန်းမာအောင် သတိထားဖို့ ပြောကြပြန်သော်လည်း
ဂျိုကားသည် သူတို့နှစ်ကောင်၏ စကားကို မနာယူ။ ဂျိုကားစိတ်ထဲ၌
သူအသက်ကြီး၍ ပင်စင်မယူခင် ကျောက်တုံးများကို စုပုံပေးခဲ့ရလျှင်တော်ပြီ။
သည့်ပြင် ဘာဖြစ်ဖြစ်ဟု သဘောထားသည်။
နွေရာသီတနေ့သော ညနေခင်းတွင် ဂျိုကားအတွက် စိုးရိမ်စရာသတင်း
ထွက်ပေါ်လာသည်။ ထိုသတင်းမှာ သတင်းမှန်ဖြစ်၍နေသည်။ ဂျိုကားသည်
ဓါတ်မီးစက်အတွက် ကျောက်တုံးများသွား၍ သယ်နေစဉ် အားပြတ်၍
လဲသွားသည်။ ထိုအကြောင်းကို ခိုနှစ်ကောင်က အမြန်ပျံလာပြီး တိရစ္ဆာန်များကို
ပြောပြသည်။ ဂျိုကားမှာ လဲသည့် နေရာတွင် တုံးလုံးကြီးဖြစ်၍ နေသည်။
ထိုသတင်းကို ကြားရသောအခါ တိရစ္ဆာန် ထက်ဝက်ကျော်ကျော်လောက်
ဂျိုကားရှိရာသို့ ပြေး၍ ကြည့်ကြသည်။ ဂျိုကားမှာ ထမ်းပိုးရုန်းယင်း
စင်းစင်းကြီးလဲ၍ နေသည်။ ခေါင်းလည်း မထောင်နိုင်။ မျက်စိများလည်း
ပြာနေသည်။ ချွေးတွေလည်း ရွှဲ၍ နေသည်။ ပါးစပ်ထဲမှလည်း
သွေးများထွက်နေသည်။ ထိုအခါ ခွါဖြူသည် ဂျိုကားနားသို့ဝပ်ပြီးလျှင်
''ဂျိုကားရေ ဘာဖြစ်သလဲ။ ဘယ်လိုနေသလဲ'' ဟုမေးသည်။ ဂျိုကားက
''ကိစ္စမရှိပါဘူး။ ငါအမောလွန်သွားလို့ဖြစ်တာပါ။ အခုတော့ ဓါတ်မီးစက်အတွက်
ကျောက်တုံးတွေ တော်တော်များများ စုမိပြီးလို့ ငါမရှိလဲ ကိစ္စမရှိတော့ဘူး
ထင်ပါရဲ့။ ခွါဖြူရေ အမှန်ပြောရမယ်ဆိုယင် ငါလဲနောက်တလလောက်ကြာရင်
ပင်စင်ယူတော့မှာဘဲ။ မဟော်တကောင်လဲ ငါ့လိုဘဲ အသက်ကြီးပြီ။ သူလဲ ငါနဲ့
အတူတူဘဲ ပင်စင်ယူလိမ့်မယ် ထင်တယ်။ ငါနဲ့တော့ အဖေါ်ရမှာဘဲ''
ဟုပြောသည်။ ခွါဖြူက ''ဟဲ့ လာကြစမ်းပါဟဲ့။ သံကြောင်ကို အကျိုးအကြောင်း
သွားပြောကြစမ်းပါ'' ဟု ဆိုသည်။
ခွါဖြူ၏ စကားကို ကြားသောအခါ တိရစ္ဆာန်များသည် အကုန်လုံးပြေး၍
သံကြောင်ကို သွားပြောကြသည်။ ဂျိုကားအနား၌ ခွါဖြူနှင့် မဟော်
နှစ်ကောင်သာ ကျန်ရစ်သည်။ မဟော်က ဘာစကားမျှမပြောဘဲ ဂျိုကား၏
အပါးတွင် ဝပ်၍ ဂျိုကားအား သူ့အမြီးနှင့် ယင်များကို ချောက်ပေးသည်။
တဆယ့်ငါးမိနစ်ခန့်ကြာသောအခါ သံကြောင်သည် စိုးရိမ်ပူပန်သောမျက်နှာနှင့်
ပေါက်၍ လာသည်။ သံကြောင်က ရဲဘော်ဗန္ဓုလဟာ ဂျိုကားခုလိုဖြစ်သည့်
သတင်းကိုကြားရလို့ အင်မတန် စိတ်မချမ်းသာ ဖြစ်ပါတယ်။ ဂျိုကားလို
အလုပ်ကို ကြိုးစားပြီး လုပ်တဲ့ တိရစ္ဆာန်အလုပ်သမားဟာလဲ ရှာမှရှားတယ်
လို့လဲ ပြောပါတယ်။ တာကြောင့် ဂျိုကားကို ရွာသစ်ကြီးဆေးရုံကို ပို့ဖို့လဲ
စီမံပြီးပါပြီ'' ဟုပြောသည်။ ဂျိုကားအား လူသားတို့၏ ဆေးရုံသို့
ပို့မည့်အကြောင်းကို ကြားကြရသောအခါ တိရစ္ဆာန်များ စိတ်မကောင်းကြ။
မယ်သီနှင့် ဘော်ဖြူနှစ်ကောင်ကလွဲ၍ ဘယ်တိရစ္ဆာန်မျှ ခြေလေးချောင်းကွင်းက
ခွါမသွားဘူးကြသဖြင့် ယခု ဂျိုကားအား ဆေးကုရန် အလို့ငှာ လူသားတို့
ဆေးရုံပို့မည် ဆိုခြင်းကို ဘယ်တိရစ္ဆာန်မျှ သဘောမကျကြ။ ထိုအကြောင်းကို
သံကြောင်က သိသဖြင့် တိရစ္ဆာန်များအား စိတ်မပူဖို့ ပြောပြီးလျှင် ဂျိုကားကို
ကိုယ့်ဟာကိုယ် ကုခြင်းထက် ရွာသစ်ကြီးဆေးရုံသို့ ပို့ခြင်းက ကောင်းကြောင်း
ပြောပြသဖြင့် တိရစ္ဆာန်တို့ ကျေနပ်ကြသည်။ နာရီဝက်လောက်ကြာသောအခါ
ဂျိုကားမှာ အနည်းငယ် သက်သာလာသဖြင့် ကြိုးစားကာ သူ့နေရာသို့သူ
ယိုင်တိုင်ယိုင်တိုင်နှင့် သွားသည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကားအိပ်ရန်
ကောက်ရိုးများ ခင်းပေးကြသည်။
ဂျိုကားသည် နောက်နှစ်ရက်တွင် သူ့ခြံထဲမှာပင်နေသည်။ ဝက်များက
ဦးသာခေါင်၏ အိမ်ခန်းတွင်းမှတွေ့သော ဆေးနီမှုန့်ပုလင်းတလုံးကိုယူ၍
ဂျိုကားထံသို့ ပို့လိုက်သည်။ ခွါဖြူက ထိုဆေးကို ဂျိုကားအား
အစာစားအပြီးတွင် တနေ့နှစ်ကြိမ်တိုက်သည်။ ညနေညနေတွင် ခွါဖြူက
ဂျိုကားအနားသို့ လာ၍ စကားစမြီပြောကာ နေသည်။ မဟော်က သူ့အမြီးနှင့်
ယင်ကောင်များကို ချောက်၍ ပေးသည်။ ဂျိုကားက သူ အားပြတ်၍
မကျန်းမမာ ဖြစ်ရခြင်းအတွက် ဝမ်းမနည်းကြောင်း ပြောပြပြီးလျှင် အကယ်၍
သူပြန်ပြီး ကျန်းမာလာမည်ဆိုလျှင် နောက်သုံးနှစ်လောက် နေရလိမ့်ဦးမည်ဖြစ်၍
ပင်စင်ယူကာ သီးသန့်ထားသော မြက်ခင်း၌ အေးချမ်းစွာနေဖို့
အာသီသရှိကြောင်းကိုလည်း ပြောပြသည်။ အကယ်၍ ဂျိုကားသည် ကျန်းမာ၍
ပင်စင်ယူကာ အေးအေးသာသာ နေရပါမည်ဆိုလျှင် သူ့တသက်တွင် ပထမဆုံး
အနားယူရခြင်း ဖြစ်သဖြင့် စာပေကို ကောင်းစွာလေ့လာလိုသော ဆန္ဒရှိသည်။
''ငါမသေခင် အတွင်းသင်ပုန်းကြီး ကုန်အောင် သင်သွားချင်သေးတယ်''
ဟုလည်း ဂျိုကားက ပြောသည်။
ခွါဖြူနှင့် မဟော်တို့မှာ နေ့ခင်း နေ့ခင်းတွင် အလုပ်လုပ်နေကြရသဖြင့်
ညနေညနေမှာသာ ဂျိုကားအနား၌ နေနိုင်ကြသည်။ တနေ့ မွန်းတည့်အချိန်တွင်
တိရစ္ဆာန်များသည် ဝက်များ၏ အစီအမံကိုခံ၍ အလုပ်လုပ်နေကြစဉ် ဂျိုကားကို
ရွာသစ်ကြီး ဆေးရုံသို့ တင်သွားရန် ဘေးက အလုံကာထားသော
မော်တော်ကားကြီးတစီး ရောက်လာသည်။ ထိုအခိုက်တွင် မဟော်သည်
သံကုန်ဟစ်၍ အော်ပြီးလျှင် ခွါစုံပေါက်၍ တိရစ္ဆာန်များ အလုပ်လုပ်နေရာသို့
ပြေးလာသည်။ မဟော်သည် ဘယ်တော့မျှ ကျယ်လောင်စွာလည်း မအော်ဘူး။
ခွါစုံ ပေါက်၍လည်း မပြေးဘူးသဖြင့် တိရစ္ဆာန်များမှာ အံ့အားသင့်၍
နေကြသည်။ မဟော်က ''ရဲဘော်တို့ မြန်မြန်လာကြ။ မြန်မြန်လာကြ။ ဂျိုကားကို
ခေါ်သွားတော့မလို့။ မြန်မြန်လာကြ'' ဟု ပြောသည်။ တိရစ္ဆာန်များလည်း
မဟော်ခေါ်သံကြားသည်နှင့် တပြိုင်နက် ဝက်တို့ထံမှ အခွင့်မတောင်းဘဲ
အလုပ်ခွင်ကထွက်၍ ဝက်တို့နေသောအိမ်ဖက်ဆီသို့ အတင်းပြေး၍
သွားကြသည်။ ရောက်သောအခါ မဟော်ပြောသည့်အတိုင်း ဂျိုကားကို
တင်၍ခေါ်သွားဖို့ ဘေးက အလုံပိတ်ထားသော မော်တော်ကားကြီးကို
တွေ့ကြသည်။ ဂျိုကားလည်း သူ့ခြံထဲမှာ မရှိတော့။
တိရစ္ဆာန်တို့သည် မော်တော်ကားကြီး ဘေးက ဝိုင်း၍ ''ဂျိုကားရေ
သွားပေတော့။ ဂျိုကားရေ သွားပေတော့'' ဟု နှုတ်ဆက်ကြသည်။
ထိုအခိုက်တွင် မဟော်သည် မော်တော်ကားကြီးကို အသေအချာကြည့်၍
မြေကြီးကို ခွါနှင့်ပေါက်ပြီးလျှင် ''မော်တော်ကားဘေးက စာကို သေသေချာချာ
ဖတ်ကြစမ်းပါဦးဟ'' ဟုပြောသည်။ ထိုအခါ တိရစ္ဆာန်တို့သည် ငြိမ်၍
သွားပြီးလျှင် စာကို ဖတ်ကြသည်။ မုတ်ဆိတ်က စာလုံးများကို
တလုံးချင်းပေါင်း၍ ဖတ်နေသောအခါ မဟော်က တွန်း၍ ပစ်ပြီးလျှင်
''ရွာသစ်ကြီး သားသတ်ကုမ္ပဏီ သားရေနှင့် အမဲရိုးရောင်းသူများ'' ဟု
ရေးထားသောစာကို တိရစ္ဆာန်များ အားဖတ်ပြသည်။ တိရစ္ဆာန်များလည်း ''ဟာ
တခါဖြင့် အကျိုးနဲကုန်ပြီ'' ဟု အော်ကြသည်။ ထိုအခိုက်တွင်
မော်တော်ကားကြီးလည်း စက်နှိုး၍ ထွက်သွားသည်။ တိရစ္ဆာန်တို့သည်
မော်တော်ကားကြီးနောက် ဝိုင်း၍ လိုက်ကြသည်။ ခွါဖြူက ရှေ့ဆုံးက ပြေး၍
လိုက်ပြီးလျှင် ''ဂျိုကားရေ ဟေ့ ဂျိုကား ဂျိုကားရေ ခုန်ချ ခုန်ချ'' ဟု
အသံကုန်ဟစ်၍ ပြောသည်။ ဂျိုကားလည်း ခွါဖြူ၏ အော်သံကို
ကြားသည့်ဟန်ဖြင့် နောက်ဖက် ပြူတင်းပေါက်ကလေးမှ ခေါင်းပြူ၍
ကြည့်သည်။
တိရစ္ဆာန်တို့ကလည်း ''ဂျိုကားရေ ခုန်ချ ခုန်ချ'' ဟု သံပြိုင် ဝိုင်း၍
အော်ကြသည်။ မော်တော်ကားလည်း အရှိန်ပြင်း၍ လာပြီ။ ဂျိုကားသည်
တိရစ္ဆာန်များ အော်ပြောသည်ကို သဲကွဲစွာ ကြားမှ ကြားပါလေစ။ ထိုနောက်
ခဏကြာသောအခါ ပြူတင်းပေါက်ကလေးမှ ဂျိုကားခေါင်း ကွယ်သွားသည်။
ထိုနောက် မော်တော်ကားအတွင်းမှ ဗျုန်းဗျုန်း ဒိုင်းဒိုင်း အသံကြားရသည်။
ဂျိုကားသည် မော်တော်ကားနံရံကို ခွါနှင့်ပေါက် ချိုနှင့်ဝှေ့၍ နေသည်။
ဂျိုကားသည် ယခင်ကကဲ့သို့သာ ကျန်းမာပျိုရွယ်သည် ဖြစ်ပါမူ
မော်တော်ကားနံရံများမှာ ကြေမွ၍ သွားရာသည်။ သို့ရာတွင် ဂျိုကားမှာ
အသက်ကလည်းကြီး မာကလည်း မမာသဖြင့် လွတ်ရန် ကြိုးစားသော်လည်း
အချည်းနှီးသာ ဖြစ်သည်။ နောက်ဆုံးတွင် ဂျိုကားမှာ အားပြတ်၍
မော်တော်ကားထဲ၌ လဲကျသွားသည်။ တိရစ္ဆာန်တို့သည် အားမလျှော့ကြသေးဘဲ
မော်တော်ကားနောက်က ပြေး၍ လိုက်ကြသည်။ သို့ရာတွင် မော်တော်ကား
အရှိန်ပြင်းလာသောအခါ ကျန်ရစ်ခဲ့ကြသည်။ ထိုအခါသည် တိရစ္ဆာန်တို့က
ဂျိုကားကို နောက်ဆုံး မြင်ကြရသော အခါတည်း။
နောက်သုံးရက်ကြာသောအခါ သံကြောင်က တိရစ္ဆာန်များအား
''ဂျိုကားကို ဆရာကောင်း သမားကောင်းများနှင့် ကုပါတယ်။ တာပေမဲ့
ဘယ်လိုမှ ကု၍ မရဘဲ ယခု ဂျိုကားဟာ ရွာသစ်ကြီးဆေးရုံမှာ အနိစ္စ
ရောက်ရှာပါပြီ။ ဂျိုကားသေသည့် အချိန်တွင် ငါကိုယ်တိုင် သူ့အနားမှာ
ရှိပါတယ်'' ဟုပြောပြသည်။ ထိုနောက်သံကြောင်က ဆက်၍ ''ဂျိုကား
သေခါနီးမှာသွားတဲ့စကားများဟာ အင်မတန်ကြေကွဲစရာကောင်းပါတယ်။ ငါလဲ
သူအသက်ထွက်တဲ့ အချိန်အထိ သူ့အနားမှာ ရှိပါတယ်။ ဂျိုကားက
ဓါတ်မီးစက် မပြီးခင် သူသေရတဲ့အတွက်ဘဲ ဝမ်းနည်းပါတယ်တဲ့။ ပြီးတော့
ကျန်ရစ်ခဲ့တဲ့ ရဲဘော်များကိုလဲ ခြေလေးချောင်း တော်လှန်ရေးကြီးရဲ့ မျက်နှာကို
ထောက်ပြီး အစစကို ကြိုးစားလုပ်ကြဖို့ ပြောလိုက်ပါတဲ့။ ပြီးတော့ သူ့ပါးစပ်က
မပြောနိုင် ပြောနိုင်နဲ့ ပြောသွားပါသေးတယ်။ ခြေလေးချောင်းကွင်းဟာလဲ ကမ္ဘာ
အဓွန့်ရှည်ပါစေတဲ့။ ရဲဘော်ဗန္ဓုလလဲ သက်တော်ရာကျော် ရှည်ပါစေတဲ့။
ပြီးတော့ နောက်ဆုံး ပြောသွားတဲ့စကားကတော့ ဗန္ဓုလဟာ မမှားနိုင်တဲ့
ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ စကားပါဘဲ'' ဟုပြောပြီးလျှင် မျက်ရည်များကို
ရှေ့လက်ဖြင့် သုတ်ကာနေသည်။
ထို့နောက် သံကြောင်သည် မျက်နှာထားပြောင်း၍ ခဏ စကားမပြောဘဲ
နေပြီး မယုံသင်္ကာရှိသည့် ဟန်ဖြင့် ဟိုဟိုဒီဒီ စူးစိုက်ကြည့်သည်။ ပြီးမှ
''ဟိုနေ့က ဂျိုကားကို ခေါ်သွားတုန်းက တချို့ ခြေလေးချောင်းတွေက ဂျိုကားကို
သားသတ် ကုမ္ပဏီက မော်တော်ကားနဲ့ သတ်ဖို့ ခေါ်သွားတယ်လေး ဘာလေးနဲ့
ပြောကြတယ်။ ဒီစကားဟာ သက်သက်မဲ့လုပ်ကြံပြီး ပြောတဲ့စကားပါ။
ခြေလေးချောင်းထဲမှာ ဒီလိုယုတ်ယုတ်မာမာ ပြောတတ်မဲ့အကောင် မရှိဘူးလို့
ထင်မိတယ်။ လက်စသတ်တော့ ဒို့ခြေလေးချောင်းထဲမှာလဲ လူသားတွေလို
ယုတ်မာတဲ့အကောင်တွေ ရှိတာကို။ တကယ်ဆိုရင် ဒီလိုပြောချင်အုံးတော့
ဒို့ခေါင်းဆောင်ကြီး ရဲဘော်ဗန္ဓုလရဲ့ မျက်နှာကို ထောက်ဖို့ ကောင်းတယ်။
ဂျိုကားကိုတင်သွားတဲ့ မော်တော်ကားကြီးဘေးက သားသတ်ကုမ္ပဏီ
ဆိုတဲ့စာပါတာ တခြားကြောင့် မဟုတ်ပါဘူး။ ဒီမော်တော်ကားဟာ
အစတုန်းကတော့ သားသတ်ကုမ္ပဏီပိုင်တဲ့ မော်တော်ကားပါဘဲ။ နောက်ကို
ဆေးရုံကို လှူလိုက်တော့ အရင်က သားသတ်ကုမ္ပဏီဆိုတဲ့ စာကို
မဖျက်ရသေးလို့ သားသတ်ကုမ္ပဏီက ကားလို့ ထင်စရာဖြစ်နေတာပါ။
တကယ်ဆိုတော့ ဆေးရုံကားပါ။ ကိုင်းရဲဘော်တို့ ရှင်းပြီ မဟုတ်လား'' ဟု
ဒေါနှင့် မောနှင့်ပြောပြသည်။ တိရစ္ဆာန်တို့လည်း သံကြောင်၏စကားကို
ကြားရသဖြင့် စိတ်သက်သာရာရကြသည်။ ထိုနောက် သံကြောင်က
ဂျိုကားသေခါနီး ဆေးရုံသို့ သူရောက်သွားပုံ ဂျိုကားကို ဆရာဝန်နှင့်
ဆရာမများက ယုယုယယ ပြုစုကုသကြပုံ စရိတ်စကကို ပမာဏ မထားဘဲ
အဖိုးထိုက် အဖိုးတန်ဆေးများဖြင့် ဂျိုကားကို ကုစေဖို့ ဗန္ဓုလက စီမံပုံများကို
ကွက်ကွက်ကွင်းကွင်း မြင်လောက်အောင် ထပ်၍ ပြောပြသောအခါ
တိရစ္ဆာန်တို့၏ စိတ်ထဲတွင် ''ဪ တာလောက်တောင် ဂရုတစိုက် ကုလို့မှ
မရတော့လည်း ဘယ်တတ်နိုင်တော့မလဲ။ သူကံပေါ့'' ဟု အောက်မေ့ကာ
အပူသိမ်းကြရသည်။
နောက်တနင်္ဂနွေမနက် အစည်းအဝေးတွင် ဗန္ဓုလကိုယ်တိုင် လာပြီးလျှင်
ဂျိုကားကို ခြီးကျူးစကား ပြောသည်မှာ ''ရဲဘော်တို့ သွားလေသူ သင်တို့၏
ရဲဘော်ဂျိုကား၏ ရုပ်အလောင်းကို ခြေလေးချောင်းကွင်းသို့ ယူ၍
မသဂြင်္ိုလ်နိုင်သဖြင့် ငါ အင်မတန်ဝမ်းနည်းပါတယ်။ သို့သော် သူသေတဲ့
နေရာမှာဘဲ သိုက်သိုက်မြိုက်မြိုက် သဂြင်္ိုလ်နိုင်အောင်လို့ ဒို့ကွင်းက ထွက်တဲ့
ပန်းများဖြင့် မွမ်းမံအပ်တဲ့ လွမ်းသူ့ပန်းခွေကိုလဲ ငါကိုယ်တိုင်ကြပ်မပြီး
အပို့လွှတ်လိုက်ပါတယ်။ ပြီးတော့ နောက်နှစ်ရက် သုံးရက်နေရင် ဂျိုကားကို
ဂုဏ်ပြုရန်အတွက် ဝက်များက ထမင်းစားပွဲကြီး ကျင်းပပါလိမ့်မယ်။
နောက်ဆုံးပိတ် ရဲဘော်တို့ကို မှာချင်တာကတော့ ဂျိုကားရဲ့
လက်သုံးကြွေးကြော်သံ နှစ်ခုကို မမေ့ကြဖို့ပါဘဲ။ ဂျိုကားရဲ့ ကြွေးကြော်သံ
နှစ်ခုဟာ ''ငါအလုပ်ပို ကြိုးစားမယ်'' ဆိုတာနဲ့ ''ရဲဘော်ဗန္ဓုလက ဘယ်တော့မှ
မမှားဘူး'' ဆိုတာပါဘဲ။ အဲတာကို ရဲဘော်တို့ မမေ့ကြပါနှင့်'' ဟု ပြောသည်။
ဝက်များသည် ထမင်းစားပွဲကြီး ကျင်းပမည့်နေ့တွင် ရွာသစ်ကြီး
ကုန်စုံဆိုင်မှ အထဲတွင် ပုလင်းများပါသော ထင်းရူးသေတ္တာကြီးတစ်လုံး
ရောက်လာသည်။ ထိုညတွင် ဝက်များနေသောအိမ်ပေါ်မှ ဖန်ခွက်သံ တချွင်ချွင်
ကြားရပြီးလျှင် အော်ကြ ဟစ်ကြသည့်အသံ သီချင်းဆိုကြသည့်အသံများကို
ကြားရသည်။ သန်ကောင်လောက်ထိအောင် ဖန်ခွက်သံများ မစဲဖြစ်သည်။
နောက်နေ့တွင် မွန်းတည့်ချိန်အထိ ဝက်များနေသော အိမ်မှ မည်သူမျှ အိပ်ရာက
မထကြ။ ထိုနောက် ဝက်များသည် တနည်းနည်းနှင့် ပိုက်ဆံရပြီး အရက်များ
ဝယ်၍ သောက်ကြသည်ဟု ကောလဟာလပြောကြသည်။