အခန်း (၇)

တိရစ္ဆာန်များ​​သည် တတ်နိုင်သမျှ ကြိုး​​စား​​၍ ဓါတ်မီး​​စက်ကို
တည်ကြသည်။ လူသား​​​တွေကလည်း​​ သူတို့​​ကို ​​စောင့်​​၍ ကြည့်​​​နေကြသည်။
သတ်မှတ်ထား​​သည့်​​ အချိန်အတွင်း​​ ပြီး​​​အောင်တည်နိုင်လျှင် တည်နိုင်။
မတည်နိုင်လျှင် လူသား​​မနာလိုအိုး​​တို့​​က ဝိုင်း​​၍ ​​လှောင်ကြလိမ့်​​မည်။

လူသား​​တို့​​သည် တိရစ္ဆာန်တို့​​အ​​ပေါ်တွင် စိတ်​​ကောင်း​​မရှိကြသဖြင့်​​
ဓါတ်မီး​​စက်ကို ​​ဘော်ဖြူလာပြီး​​ ဖျက်သွား​​သည်ဆိုခြင်း​​ကိုပင် မယုံကြ။
''စပြီး​​တည်ကထဲက အုတ်ထရံက ပါး​​ပါး​​က​​လေး​​ ပျက်မှာ​​ပေါ့​​''ဟု
​​ပြောကြသည်။ ထရံပါး​​၍ ပျက်ခြင်း​​မဟုတ်သည်ကို တိရစ္ဆာန်များ​​သိကြသည်။
သို့​​ဖြစ်ငြား​​လည်း​​ ထရံကို အယင်ကထက် နှစ်ဆတိုး​​၍ ထူ​​အောင်လုပ်ကြသည်။
အယင်က ထရံမှာ တ​​တောင်သာထူသည်။ သည်တခါ နှစ်​​တောင်ထူ​​အောင်
လုပ်ထား​​သည်။ ​​ဆောင်း​​တွင်း​​ကြီး​​ဖြစ်၍ အလွန်ချမ်း​​​သော​​ကြောင့်​​
အလုပ်လုပ်ရတာ အင်မတန် ကြပ်သည်။ ချမ်း​​ကလဲ အင်မတန်ချမ်း​​သည်။
အစာကလည်း​​ ခါတိုင်း​​​လောက်မ​​ပေါ။ အလုပ်ကလည်း​​ မတွင်သဖြင့်​​
တိရစ္ဆာန်များ​​မှာ အား​​​ပျော့​​​ပျော့​​ဖြစ်၍ ​​နေသည်။ ဂျိုကား​​နှင့်​​ ခွါဖြူနှစ်​​ကောင်မှာမူ
ဘယ်​​တော့​​မှ စိတ်ပျက်သည်ဟု မရှိကြ။ သံ​​ကြောင်က အကျိုး​​​ဆောင်ရခြင်း​​၏
​​ပျော်ရွှင်ဖွယ်​​ကောင်း​​ဟန်နှင့်​​ အလုပ်လုပ်ရခြင်း​​၏ ဂုဏ်ဒြဗ် ကြီး​​မြင့်​​ဟန်တို့​​ကို
အလွန့်​​အလွန် နား​​​ထောင်​​ကောင်း​​​အောင် တရား​​​ဟောသည်။ တိရစ္ဆာန်များ​​မှာ
သံ​​ကြောင်၏ တရား​​ကို နာရခြင်း​​ထက် 'ငါပိုအလုပ်လုပ်မယ်' ဟု
အမြဲ​​ပြော​​နေ​​သော ဂျိုကား​​၏ အသံကို ကြား​​ရသည့်​​အတွက် ပို၍
အား​​ရှိကြ​​လေသည်။

တ​​ပေါင်း​​တန်ခူး​​ကျ​​သောအခါ အစာပို၍ ရှား​​ပါး​​သွား​​ပြန်သည်။
​​ပြောင်း​​ရိုး​​​ကျွေး​​ခြင်း​​ကိုလည်း​​ အများ​​ကြီး​​​လျှော့​​ပစ်လိုက်သည်။ ​​ကောက်ရိုး​​ကို
ခု၍စား​​ရန်အတွက်လည်း​​ ​​ကောက်ရိုး​​များ​​​အောက်ကုန်သဖြင့်​​ အခက်နှင့်​​
​​တွေ့​​ကြရသည်။ တိရစ္ဆာန်များ​​မှာ ဖွဲကြမ်း​​များ​​ ​​မြေပဲခွံများ​​နှင့်​​သာ
ရက်​​ပေါင်း​​များ​​စွာ ​​ရောင့်​​ရဲကြရသည်။ ငတ်မွတ်ခြင်း​​​ဘေး​​နှင့်​​ ​​တွေ့​​မည်ကဲ့​​သို့​​ပင်
ထင်ရသည်။

ဤအ​​ကြောင်း​​ကို အပြင်က လူသား​​များ​​ မကြား​​မသိရ​​အောင်
ဖုံး​​ဖိနိုင်မှဖြစ်မည်။ ဓါတ်မီး​​စက် တည်​​နေယင်း​​ ပျက်သွား​​သဖြင့်​​ လူသား​​များ​​က
အား​​အရကြီး​​ရပြီး​​လျှင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​အ​​ကြောင်း​​ မဟုတ်မတရား​​
​​နောက်ထပ်​​ပြောကြသည်။ လူသား​​တို့​​ အ​​ပြောမှာ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​တွင်
ငတ်ပြတ်​​နေကြပြီ။ အချို့​​လည်း​​ငတ်။ အချို့​​လည်း​​ ကပ်သင့်​​၍ ​​သေကုန်ကြပြီ။
တ​​ကောင်နှင့်​​ တ​​ကောင်လည်း​​ အမြဲခိုက်ရန်ဖြစ်၍ ​​နေကြသည်။
ဇာတ်တူသား​​ချင်း​​လည်း​​ စား​​ကုန်ကြပြီ။ နို့​​စို့​​ရွယ်တိရစ္ဆာန်များ​​ကိုလည်း​​
မ​​ကျွေး​​​မွေး​​နိုင်သဖြင့်​​ သတ်ပစ်ကြရပြီ စသည်တို့​​တည်း​​။ ထို့​​​ကြောင့်​​ ဗန္ဓုလက
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​တွင် အစာရှား​​ပါး​​​နေသည့်​​ အ​​ကြောင်း​​ကို မှန်သည့်​​အတိုင်း​​
လူသား​​များ​​သိသွား​​လျှင် ကိုယ်ကျိုး​​နည်း​​ကုန်မည်ဖြစ်သဖြင့်​​ ဦး​​သာရာကို​​ခေါ်၍
မလိမ့်​​တပတ် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၌ အင်မတန် သာယာဝ​​ပြောဖြစ်​​နေသည်ဟု
အထင်​​ရောက်​​အောင် ဝါဒဖြန့်​​ခိုင်း​​ဖို့​​ စီစဉ်သည်။

ဗန္ဓုလသည် နွား​​စား​​ခွက် ဝက်စား​​ခွက်စသည်များ​​ကို ​​အောက်က
သဲမပြည့်​​တပြည့်​​ ထည့်​​ပြီး​​လျှင် အ​​ပေါ်က စပါး​​ ​​ပြောင်း​​ဖူး​​​စေ့​​ ​​ပြောင်း​​ရိုး​​
နှမ်း​​ဖတ် စသည်တို့​​နှင့်​​ အ​​မောက်အလျှံကြီး​​ဖုံး​​ထား​​ရန် အမိန့်​​ထုတ်ပြီး​​​နောက်
လက်​​ရွေး​​စဉ် သိုး​​များ​​နှင့်​​ အခြား​​တိရစ္ဆာန် ကိုး​​​ကောင် ဆယ်​​ကောင်ကို​​ခေါ်၍
အစာစား​​ခိုင်း​​ထား​​ပြီး​​လျှင် ဦး​​သာရာကို ထိုတိရစ္ဆာန်များ​​ အစာစား​​​နေသည်ကို
မြင်နိုင်​​လောက်သည့်​​ ​​နေရာသို့​​ ထိ​​အောင်ပရိယာယ်ဆင်၍ ​​ခေါ်လာ​​စေသည်။
ဦး​​သာရာသည် ဗန္ဓုလ၏ ပရိယာယ်ကို နား​​မလည်သဖြင့်​​ အစာပြည့်​​လျှံ​​နေ​​သော
စား​​ခွက်များ​​၌ တိရစ္ဆာန်များ​​ စား​​​နေသည်ကို မြင်​​သောအခါ
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ အစာ​​တွေ ​​ပေါပါကလား​​ဟု ​​အောက်​​မေ့​​ကာ
အပြင်သို့​​​ရောက်သွား​​လျှင် ​​ရောက်ခြင်း​​ သူနှင့်​​​တွေ့​​သည့်​​ လူသား​​တိုင်း​​ကို
​​ပြောပြသည်။

ကဆုန်နယုန်ကျ​​သောအခါ အပြင်မှ တနည်း​​နည်း​​နှင့်​​ စပါး​​မရလျှင်
အခက်​​တွေ့​​ရဖို့​​ ​​ဘေး​​ဆိုက်၍ ​​နေသည်။ ထိုအ​​တောအတွင်း​​ ဗန္ဓုလမှာ
ခါတိုင်း​​ကဲ့​​သို့​​ အပြင်သို့​​ထွက်ခြင်း​​မရှိဘဲ ဦး​​သာ​​ခေါင်အိမ်ထဲမှာသာ​​နေသည်။
တံခါး​​ဝ၌လည်း​​ ​​ကြောက်မက်ဖွယ်​​ကောင်း​​​သော ​​ခွေး​​ကြီး​​များ​​ကို
အ​​စောင့်​​ထား​​သည်။ တခါတရံ အပြင်သို့​​ ထွက်ပြန်ပါလည်း​​ ​​ခွေး​​များ​​ နီး​​ကပ်စွာ
ခြံရံပြီး​​လျှင် အခမ်း​​အနား​​နှင့်​​ ထွက်သည်။ ​​ခွေး​​များ​​သည် ဗန္ဓုလအနား​​သို့​​
နီး​​​အောင်ကပ်လာ​​သော တိရစ္ဆာန်တိုင်း​​ကို ဆီး​​၍ ဟိန်း​​သည်။ ထို့​​ပြင်
ဗန္ဓုလသည် တနင်္ဂ​​နွေ​​နေ့​​ မနက်တွင် အမိန့်​​​ပေး​​စရာရှိသည်များ​​ကို ခါတိုင်း​​ကဲ့​​သို့​​
ကိုယ်တိုင်ထွက်၍ ​​ပေး​​ချင်မှ ​​ပေး​​ပြီး​​လျှင် သံ​​ကြောင်ကိုသာ အမိန့်​​​ပေး​​၍
တဆင့်​​ခိုင်း​​သည်။

တ​​နေ့​​​သော တနင်္ဂ​​နွေ​​နေ့​​ မနက်တွင် သံ​​ကြောင်က
ဥခါစကြက်မများ​​သည် ဥသမျှ ကြက်ဥများ​​ကို ​​ပေး​​ကြရမည်ဟု
အမိန့်​​ထုတ်သည်။ ဗန္ဓုလသည် လူသား​​များ​​ထံသို့​​ တနင်္ဂ​​နွေ တပတ်လျှင်
ကြက်ဥ​​လေး​​ရာသွင်း​​ရန် ဦး​​သာရာနှင့်​​ စာချုပ်ထား​​သည်။ ဗန္ဓုလ၏ အကြံမှာ
ကြက်ဥ​​ရောင်း​​ရ​​သော​​ငွေစနှင့်​​ စပါး​​ ​​ပြောင်း​​ရိုး​​ စသည်တို့​​ အလုံအ​​လောက်
ဝယ်ရန်ဖြစ်သည်။ သို့​​မှသာ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏ ငတ်မွတ်ခြင်း​​ပြဿနာမှာ
​​ပြေ​​ပျောက်နိုင်​​ချေမည်။

သူတို့​​ဥသမျှ ကြက်ဥများ​​ကို အကုန်​​ပေး​​ရမည်ဟု ​​ပြော​​သောအခါ
ကြက်မများ​​က ကျယ်​​လောင်စွာ ကန့်​​ကွက်ကြသည်။ သူတို့​​ဥသမျှ ကြက်ဥများ​​ကို
ယူရလိမ့်​​မည်ဖြစ်​​ကြောင်း​​နှင့်​​ တင်ကြို၍ ​​ပြောထား​​သည်မှာ မှန်​​သော်လည်း​​
ကြက်မများ​​က တကယ်ယူလိမ့်​​မည်ဟု မထင်မိခဲ့​​ကြ။ ကြက်မများ​​က
သူတို့​​ဥသမျှကို အကုန်ယူမည်ဆိုလျှင် မျိုး​​ကို ပြုတ်စား​​သည်နှင့်​​
တူလိမ့်​​မည်ဖြစ်​​ကြောင်း​​နှင့်​​ ​​ပြောကြသည်။ ဤကိစ္စမှာ အ​​တော်အ​​ရေး​​ကြီး​​သည်။
ဦး​​သာ​​ခေါင်ကို ​​တော်လှန်လိုက်ပြီး​​​နောက် ဤကိစ္စ​​လောက် အ​​ရေး​​ကြီး​​​သောကိစ္စ
မ​​ပေါ်ဘူး​​​သေး​​။ ကြက်မသုံး​​​ကောင်က ​​ခေါင်း​​​ဆောင်၍ ဗန္ဓုလ၏ အစီအစဉ်ကို
မပျက်ပျက်​​အောင် ဖျက်ကြဖို့​​လုပ်သည်။ အား​​လုံး​​​သောကြက်မများ​​က
ဥခါနီး​​ကျလျှင် ဥကျင်း​​ထဲ၌ မဥဘဲ ထုပ်​​ပေါ်သို့​​ ပျံတက်ပြီး​​ ထုပ်​​ပေါ်က
ဥ၍ချရန် စီစဉ်ထား​​ကြသည်။ ဤနည်း​​ဖြင့်​​ ဥသမျှ ကြက်ဥတို့​​မှာ အား​​လုံး​​
ကွဲကုန်ကြသည်။

ထိုအခါ ဗန္ဓုလက ကြက်မများ​​ကို အစာမ​​ကျွေး​​ဘဲ ထား​​ဖို့​​ ချက်ချင်း​​
အမိန့်​​ထုတ်လိုက်သည်။ ဗန္ဓုလသည် လျင်လည်း​​ လျင်သည်။ ရက်လည်း​​
ရက်စက်သည်။ ​​တော်လှန်​​နေကြ​​သော ကြက်မများ​​ကို ဆန်တ​​စေ့​​ စပါး​​တလုံး​​
​​သော်မျှ​​ပေး​​မိခဲ့​​​သော် ထိုသို့​​ ​​ပေး​​မိ​​သော တိရစ္ဆာန်များ​​ကို
​​သေဒဏ်​​ပေး​​မည်ဟုလည်း​​ ဗန္ဓုလက အမိန့်​​ထုတ်ထား​​သည်။ ဗန္ဓုလ၏
​​သေဒဏ်အမိန့်​​ကို တိရစ္ဆာန်များ​​ ကြပ်တည်း​​စွာ လိုက်နာကြရန် ​​ခွေး​​များ​​ကို
အ​​စောင့်​​ခိုင်း​​သည်။ ကြက်များ​​သည် ငါး​​ရက်တိုင်​​အောင် ​​တော်လှန်ကြပြီး​​​နောက်
ဆဋ္ဌမ​​နေ့​​တွင် လက်​​မြှောက်ကာ ဥကျင်း​​သို့​​ ပြန်၍ ဥကြရသည်။
ထိုအ​​တောအတွင်း​​ ကြက်မကိုး​​​ကောင်​​သေသွား​​သည်။ သူတို့​​၏
ရုပ်အ​​လောင်း​​များ​​ကို ခြံစည်း​​ရိုး​​​ထောင့်​​တွင် မြှုပ်ပြီး​​လျှင် သူတို့​​​သေခြင်း​​မှာ
ကြက်နာကျ၍ ​​သေခြင်း​​ဖြစ်သည်ဟု ​​ပြောသည်။ ဦး​​သာရာမှာ
ဤအ​​ကြောင်း​​များ​​နှင့်​​ ပတ်သက်၍ ဘာမျှ မကြား​​မသိရ။ ဗန္ဓုလသည်
စာချုပ်ရှိသည့်​​အတိုင်း​​ ကြက်ဥ​​လေး​​ရာကို တနင်္ဂ​​နွေတပတ်တခါကျ
ဦး​​သာရာလာယူတိုင်း​​ ဆီး​​၍ ​​ပေး​​သည်။ ဦး​​သာရာက လှည်း​​နှင့်​​ လာယူသည်။

ထိုအ​​တောအတွင်း​​၌ ​​ဘော်ဖြူအ​​ကြောင်း​​ ဘာမျှ သတင်း​​မကြား​​ရ။
​​ဘော်ဖြူသည် ဦး​​​ပေါက်​​ကျော်ကွင်း​​ဖက်၌ ပုန်း​​​နေသလိုလို
ဦး​​​အောင်ပန်း​​ကွင်း​​ဖက်၌ ပုန်း​​​နေသလိုလို ​​ကောလဟာလ ​​ပြောသံကြား​​ရသည်။
ထိုအခါတွင် ဗန္ဓုလမှာ အနီး​​အနား​​ရှိလူသား​​များ​​နှင့်​​ ယခင်ကထက် ပို၍
သဟဇာတဖြစ်​​နေသည်။ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​က ပျဉ်​​ထောင်အိမ်ကြီး​​ကို
ဖျက်၍ထား​​​သော သစ်သား​​ပုံကြီး​​တစ်ခုရှိသည်။ ထိုသစ်သား​​ပုံကြီး​​ကို ​​ရောင်း​​လျှင်
​​ဈေး​​​ကောင်း​​ရလိမ့်​​မည်ဟု ဦး​​သာရာက ဗန္ဓုလကို ​​ပြောသည်။ ဦး​​​ပေါက်​​ကျော်နှင့်​​
ဦး​​​အောင်ပန်း​​ နှစ်​​ယောက်လုံး​​က ထိုသစ်သား​​များ​​ကို အင်မတန်
လိုချင်​​နေကြသည်။ ဘယ်သူ့​​ကို ​​ရောင်း​​ရမည်ဟု ဗန္ဓုလစိတ်ထဲတွင်
မဆုံး​​ဖြတ်ရ​​သေး​​။ သစ်သား​​များ​​ကို ဦး​​​ပေါက်​​ကျော်ကိုဘဲ ​​ရောင်း​​လိုက်​​တော့​​မည်
ဟု လုပ်လိုက်ပြန်လျှင် ​​ဘော်ဖြူမှာ ဦး​​​ပေါက်​​ကျော် ကွင်း​​၌ပုန်း​​​နေသည်ဟု
ဖြစ်ရပြန်သည်။ တဖန် ဦး​​​အောင်ပန်း​​သို့​​ ​​ရောင်း​​လိုက်​​တော့​​မည် လုပ်လိုက်
ပြန်​​သောအခါလည်း​​ ​​ဘော်ဖြူမှာ ဦး​​​အောင်ပန်း​​ကွင်း​​၌ ပုန်း​​၍​​နေသည်ဟု
ဖြစ်ရပြန်သည်။

တ​​နေ့​​​သော ​​နွေဦး​​​ပေါက်မနက်ခင်း​​တွင် ရုတ်တရက်
ထိတ်လန့်​​ဖွယ်သတင်း​​တခု ကြား​​ရသည်။ ထိုသတင်း​​အရ ​​ဘော်ဖြူသည် ည
ညတွင် ခဏခဏ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​သို့​​ တိတ်တိတ်ပုန်း​​လာလာ​​နေသည်။
​​ဘော်ဖြူသည် ညတိုင်း​​လာ၍ စပါး​​ကိုခိုး​​ နို့​​ပုံး​​ကို​​မှောက် ကြက်ဥ​​တွေကိုခွဲ
ပျိုး​​ခင်း​​​တွေကိုနင်း​​ သစ်ပင်​​တွေကို ကိုက်ပစ်​​နေသည်။ ထိုသတင်း​​​ကြောင့်​​
တိရစ္ဆာန်များ​​မှ ည ညတွင် အိပ်မ​​ပျော်နိုင်​​အောင် ရှိကြသည်။ တခုခု
မ​​ကောင်း​​တာဖြစ်လျှင် ​​ဘော်ဖြူကိုဘဲ ချကြသည်။ ပြူတင်း​​​ပေါက်
တခုခုပျက်သွား​​သည် ဖြစ်​​စေ ​​ရေ​​မြောင်း​​တခုပိတ်​​နေသည်ဖြစ်​​စေ တာဟာ ညက
​​ဘော်ဖြူ လာလုပ်သွား​​တာဘဲဟု ​​ပြောကြသည်။ စပါး​​ကျီက​​သော့​​
​​ပျောက်သွား​​လျှင်လည်း​​ ညက ​​ဘော်ဖြူလာပြီး​​ ခိုး​​သွား​​သည်ဟု
တိရစ္ဆာန်အား​​လုံး​​က ယုံကြသည်။ ​​သော့​​မှာ အထား​​မှား​​၍ ရှာမ​​တွေ့​​ခြင်း​​
ဖြစ်ပြီး​​လျှင် ​​နောက်နှမ်း​​ဖတ်အိပ်နား​​က ပြန်၍ ​​တွေ့​​တာ​​တောင် ​​သော့​​ကို
​​ဘော်ဖြူခိုး​​သွား​​သည် ဟုပင် ဆက်၍ယုံကြသည်။ နွား​​မများ​​ကလည်း​​ သူတို့​​
အိပ်​​ပျော်​​နေကြတုန်း​​ ​​ဘော်ဖြူတိတ်တိတ်လာပြီး​​ သူတို့​​နို့​​ကို ညှစ်ယူ
သွား​​ပါသည်ဟု တညီတညွတ်တည်း​​ ​​ပြောကြသည်။

ဗန္ဓုလက ​​ဘော်ဖြူလုပ်ကိုင်​​နေသမျှ အကုန်သိ​​အောင် စုံစမ်း​​ရမည်ဟု
အမိန့်​​ထုတ်သည်။ ဗန္ဓုလသည် ​​နောက်လိုက်​​နောက်ပါ​​ခွေး​​များ​​နှင့်​​
တကွင်း​​လုံး​​နှံ​​နေ​​အောင် လိုက်၍စစ်​​ဆေး​​သည်။ အခြား​​တိရစ္ဆာန်များ​​က
ခပ်လှမ်း​​လှမ်း​​က​​နေ၍ လိုက်ကြသည်။ ဗန္ဓုလသည် ​​လေး​​ငါး​​လှမ်း​​သွား​​မိရင်း​​
တခါအနံခံရင်း​​ လုပ်သည်။ ပြီး​​လျှင် ​​ဘော်ဖြူ့​​အနံကို သူသိသည်ဟု ​​ပြောသည်။
ကုန်း​​​စောင်း​​မှာ​​ရော ကျီထဲမှာ​​ရော ကြက်ခြံထဲမှာ​​ရော ချဉ်​​ပေါင်ခင်း​​ထဲမှာ​​ရော
ဘယ်​​နေရာမှာမဆို ​​ဘော်ဖြူ့​​အနံရသည်ဟု ဗန္ဓုလက ​​ပြောသည်။
​​နောက်ဆုံး​​တွင် ဗန္ဓုလသည် ​​မြေကြီး​​ကို နှုတ်သီး​​နှင့်​​ ​​လေး​​ငါး​​​ခြောက်ခါ
နမ်း​​ပြီး​​လျှင် ''ဒီ​​နေရာကို ​​ဘော်ဖြူ​​ရောက်တယ်။ သူ့​​အနံကို ငါ​​ကောင်း​​​ကောင်း​​
သိတယ်'' ဟုကျယ်​​လောင်စွာ ​​ပြောသည်။ ​​ဘော်ဖြူနာမည်ကို ​​ပြောသံ
ကြား​​လိုက်သည်နှင့်​​ တပြိုင်နက် ​​ခွေး​​များ​​က သွား​​များ​​ကို ဖြီး​​ပြီး​​လျှင်
​​ကြောက်မက်ဖွယ်ဟိန်း​​ကြသည်။

​​ဘော်ဖြူသည် မမြင်ကွယ်ရာမှ​​နေ၍ တိရစ္ဆာန်တို့​​အား​​
အမြဲရန်ရှာ​​နေသည်ဟု အထင်​​ရောက်ကာ တိရစ္ဆာန်များ​​သည် ​​ဘော်ဖြူကို
အလွန်​​ကြောက်ရွံ့​​ကြသည်။ ည​​နေ​​စောင်း​​တွင် သံ​​ကြောင်သည် မျက်စိပျက်ပျက်
မျက်နှာပျက်ပျက်နှင့်​​လာ၍ တိရစ္ဆာန်များ​​ကို စု​​ဝေး​​​စေပြီး​​လျှင် အ​​ရေး​​ကြီး​​​သော
သတင်း​​တရပ်ကို ​​ပြောပြသည်။

သံ​​ကြောင်က ''ရဲ​​ဘော်တို့​​ ဦး​​​အောင်ပန်း​​သည် ငါတို့​​
​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို လာ၍တိုက်ဖို့​​ စီစဉ်လျက်ရှိသည်။ ​​ဘော်ဖြူသည်
ဦး​​​အောင်ပန်း​​၏ ​​ငွေကိုစား​​၍ ဦး​​​အောင်ပန်း​​ဖက်မှ တပ်ဦး​​ဘီလူး​​အဖြစ်နှင့်​​ ဝင်၍
တိုက်လိမ့်​​မည်။ ​​ဘော်ဖြူဟာ တ​​ကောင်​​ကောင်း​​စိတ်နှင့်​​သာ ငါတို့​​ကို
​​တော်လှန်သွား​​တယ်လို့​​ ထင်ခဲ့​​မိတယ်။ လက်စသတ်​​တော့​​ ဘယ်ဟုတ်မလဲ။
အစကနဦး​​ကဘဲ ​​ဘော်ဖြူဟာ ဦး​​သာ​​ခေါင်ရဲ့​​ သူလျှိုဘဲ။ ​​ဘော်ဖြူဟာ
ဦး​​သာ​​ခေါင်ရဲ့​​သူလျှိုဆိုတာ သူထွက်​​ပြေး​​ပြီး​​​နောက် ကျန်​​နေရစ်တဲ့​​စာ​​တွေအရ
ထင်ရှား​​​နေပြီ။ ဒီစာ​​တွေကို ဒို့​​က အခုမှ​​တွေ့​​ရတယ်။ အစတုန်း​​က​​တော့​​ ငါတို့​​လဲ
မစဉ်း​​စား​​မိကြဘူး​​။ နွား​​တင်း​​ကုပ်တိုက်ပွဲတုန်း​​က ငါတို့​​ကို ​​ဘော်ဖြူက
အ​​ရေး​​နိမ့်​​​အောင် ကြံ​​သေး​​တယ်။ ​​မောင်မင်း​​ကြီး​​သာ အကြံအထမ​​မြောက်
​​ပေလို့​​​ပေါ့​​။ သူ့​​အကြံသာ အထ​​မြောက်မယ်ဆိုရင် ငါတို့​​တ​​တွေမှာ
အကြီး​​အကျယ်ဒုက္ခဘဲ'' ဟု တုန်တုန်ရီရီနှင့်​​ ​​ပြောသည်။

တိရစ္ဆာန်များ​​သည် ပါး​​စပ်အ​​ဟောင်း​​သား​​နှင့်​​ ဘာမျှမ​​ပြောနိုင်ကြ။ ယခု
​​ဘော်ဖြူ၏အကြံမှာ ဓါတ်မီး​​စက်ကို ဖျက်သည့်​​အကြံထက်ပင် ဆယ်ပြန်
ဆယ့်​​ငါး​​ပြန် ဆိုး​​သည်။ နွား​​တင်း​​ကုပ်တိုက်ပွဲတွင် ​​ဘော်ဖြူသည် တပ်ဦး​​မှ ချီ၍
ရဲဝံ့​​စွာ တိုက်ခဲ့​​သည်။ ဦး​​သာ​​ခေါင်၏ ​​သေနတ်နှင့်​​ ပစ်လိုက်​​သောအခါလည်း​​
​​ဘော်ဖြု၏ ​​ကျောကိုမှန်သွား​​သည်။ သို့​​နှင့်​​လည်း​​ ​​ဘော်ဖြူသည် ဦး​​မသုံ
လည်မလှည့်​​ တိုက်ခဲ့​​သည်။ ဤအ​​ကြောင်း​​များ​​ကို တိရစ္ဆာန်များ​​အား​​လုံး​​ကပင်
မှတ်မိကြသည်။ ယခုအခါ ​​ဘော်ဖြူသည် ဦး​​သာ​​ခေါင်၏
သူလျှိုဖြစ်သွား​​ပြီဆိုခြင်း​​မှာ ယုံကြည်နိုင်ဖို့​​ ခဲယဉ်း​​သည်။ ဘာမျှ မ​​မေး​​မစမ်း​​
​​နေ​​လေ့​​ရှိ​​သော ဂျိုကား​​က​​တောင်ပင် ​​ဘော်ဖြူ၏အ​​ကြောင်း​​ကို
မယုံနိုင်​​အောင်ရှိသည်။ ဂျိုကား​​သည် ဝပ်၍ မျက်စိကို စုံမှိတ်၍
စဉ်း​​စား​​ကြည့်​​ပြီး​​လျှင် ''​​ဘော်ဖြူဟာ သူလျှိုလုပ်​​နေတယ်ဆိုတာ ငါ​​တော့​​
မယုံဘူး​​။ နွား​​တင်း​​ကုပ်တိုက်ပွဲတုန်း​​က ​​ရှေ့​​ဆုံး​​က​​နေတိုက်တာ
​​ဘော်ဖြူဘဲမဟုတ်လား​​။ တာကို ငါကိုယ်တိုင်မြင်တာဘဲ။ ပြီး​​​တော့​​ အဲဒီတိုက်ပွဲ
ပြီး​​ပြီး​​ချင်း​​ဘဲ ​​ဘော်ဖြူကို ငါတို့​​က တိရစ္ဆာန်ဇာနည် ပထမတန်း​​ဘွဲ့​​နဲ့​​
ငါတို့​​ခြီး​​မြှင့်​​ကြတာဘဲ မဟုတ်လား​​'' ဟု​​ပြောသည်။

ထိုအခါ သံ​​ကြောင်က ''တာက ဒို့​​မှား​​လို့​​ပါ။ အခု ​​ဘော်ဖြူ
ကျန်​​နေရစ်ခဲ့​​တဲ့​​ စာ​​တွေထဲမှာ အ​​သေအချာ ​​တွေ့​​ရတာက ​​ဘော်ဖြူဟာ
ဦး​​သာ​​ခေါင်ရဲ့​​သူလျှိုဘဲ။ သူ့​​အကြံက ငါတို့​​အကုန်ပျက်စီး​​​အောင်
​​သွေး​​​ဆောင်ဖို့​​ဘဲ'' ဟုဆိုသည်။ သည်​​တော့​​ ဂျိုကား​​က ''​​ဘော်ဖြူ
ဒဏ်ရာရတာကို ငါတို့​​ အကုန်မြင်ကြရတာဘဲ။ သူ့​​တ​​ကောင်လုံး​​ ​​သွေး​​​တွေရွဲလို့​​''
ဟု ​​ပြောသည်။ ထိုအခါ သံ​​ကြောင်က ''ဒါက တမင်သက်သက် ယုတ္တိရှိ​​အောင်
ဆင်ထား​​တာပါ။ ဦး​​သာ​​ခေါင်က တမင်အ​​ပေါ်ကို ရှပ်ပြီး​​ပစ်လိုက်လို့​​
​​ဘော်ဖြူ​​ကျောကို ရှပ်မှန်သွား​​တယ် မဟုတ်လား​​။ ​​ဘော်ဖြူကျန်ခဲ့​​တဲ့​​ စာ​​တွေထဲမှာ
အဲဒီလိုကို တမင်ရှပ်ပြီး​​ပစ်ဖို့​​ စီစဉ်ထား​​တယ်ဆိုတာ အတည့်​​အလင်း​​ပါတယ်။
ရဲ​​ဘော်တို့​​ကလဲ စာမဖတ်တတ်ဘဲကိုး​​။ စာသာဖတ်တတ်ယင် ​​ဘော်ဖြူ
ကိုယ်တိုင်ရဲ့​​ လက်​​ရေး​​နဲ့​​ ​​ရေး​​ထား​​တဲ့​​စာကို ငါပြနိုင်ပါတယ်။ ​​ဘော်ဖြူက
တိုက်ပွဲအ​​ရေး​​ကြီး​​တဲ့​​ အချိန်မှာ ငါတို့​​ဖက်က ကစဉ့်​​ကရဲ ထွက်​​ပြေး​​ကြပြီး​​
ဦး​​သာ​​ခေါင်ကို အနိုင်​​ပေး​​ဖို့​​ကြံတာ။ ငါတို့​​ ကံ​​ကောင်း​​ကြလို့​​သာ
​​ဘော်ဖြူ့​​အကြံမ​​အောင်တာ။ သူ့​​အကြံ ​​အောင်​​တော့​​မလို့​​ လက်မတင်က​​လေး​​ဘဲ
လို​​တော့​​တယ်။ သူ့​​အကြံမ​​အောင်တာလဲ စင်စစ်​​တော့​​ ငါတို့​​ ​​ခေါင်း​​​ဆောင်ကြီး​​
ဗန္ဓုလရဲ့​​ သူရသတ္တိ​​ကြောင့်​​ပါ။ ရဲ​​ဘော်တို့​​ မှတ်မိကြတယ်မဟုတ်လား​​။
ဦး​​သာ​​ခေါင်တို့​​ ဝင်လာတုန်း​​က​​လေ။ ​​ဘော်ဖြူက ​​ရှေ့​​ဆုံး​​က​​နေ​​ပြေး​​လို့​​
​​နောက်ကတိရစ္ဆာန်​​တွေ အား​​လုံး​​လိုက်​​ပြေး​​ကြတာ။ ဒီလိုဖြစ်​​နေ​​တော့​​မှ
​​ခေါင်း​​​ဆောင်ကြီး​​ ဗန္ဓုလက တခါတည်း​​ ​​ပြေး​​ထွက်လာပြီး​​ 'လူသား​​​တွေ
​​သေ​​ပေ​​တော့​​' ဆိုပြီး​​ ဦး​​သာ​​ခေါင်ရဲ့​​ ​​ခြေသလုံး​​ကို တအား​​ကျံုး​​ပြီး​​
ပက်လိုက်တယ် မဟုတ်လား​​'' ဟု ဆိုကာ ဟိုဖက်သည်ဖက် ယိမ်း​​၍
​​ပြောသည်။

သံ​​ကြောင်က ထိုကဲ့​​သို့​​ ကွက်ကွက်ကွင်း​​ကွင်း​​ မြင်​​လောက်​​အောင်
​​ပြော​​သောအခါ တိရစ္ဆာန်တို့​​၏ စိတ်ထဲ၌ သံ​​ကြောင် ​​ပြောသည်များ​​ကို
အကယ်ပင်မြင်​​ယောင်၍ လာကြသလိုဖြစ်ပြီး​​လျှင် ​​ဘော်ဖြူသည် အ​​ရေး​​ကြီး​​သည့်​
အချိန်တွင် ထွက်​​ပြေး​​သည်ဟု ​​အောက်​​မေ့​​ကြသည်။ သို့​​ရာတွင် ဂျိုကား​​မှာမူ
သံ​​ကြောင်​​ပြောပြသည်များ​​ကို မ​​ကျေနပ်။

ထို့​​​နောက် ဂျိုကား​​က ''​​ဘော်ဖြူဟာ ​​အေအစကနဦး​​ကထဲက
သစ္စာ​​ဖောက်လာခဲ့​​တာက​​တော့​​ မဖြစ်နိုင်ဘူး​​။ အခု​​တော့​​လဲ သစ္စာ​​ဖေါက်ချင်
​​ဖေါက်မ​​ပေါ့​​။ တာ​​တော့​​ ငါမ​​ပြောတတ်ဘူး​​။ ငါသိသ​​လောက်
​​ပြောရမယ်ဆိုရင်​​တော့​​ နွား​​တင်း​​ကုပ် တိုက်ပွဲ တိုက်စဉ်တုန်း​​က ​​ဘော်ဖြူဟာ
သစ္စာရှိ ရဲ​​ဘော်တ​​ကောင်ဘဲ'' ဟု ​​ပြောသည်။

ထိုအခါ သံ​​ကြောင်က ''​​ဘော်ဖြူဟာ ​​တော်လှန်​​ရေး​​ကို ဘယ်သူမှ
စိတ်ကူး​​မထဲ့​​ကြခင် ​​ရှေး​​ပ​​ဝေသဏီကြီး​​ကစပြီး​​ ဦး​​သာ​​ခေါင်ရဲ့​​ သူလျှိုဘဲဆိုတာကို
ဒို့​​​ခေါင်း​​​ဆောင်ကြီး​​ဗန္ဓုလက အတည့်​​အလင်း​​​ပြောတယ်။ ကိုင်း​​ ဘယ်သူက
ဘာ​​ပြောချင်​​သေး​​သလဲ'' ဟု မျက်နှာထား​​တည်တည်ကြီး​​နှင့်​​ ​​ပြောသည်။
သည်​​တော့​​ ဂျိုကား​​က ''အို ဒီလိုဆိုရင်​​တော့​​ ဟုတ်တာ​​ပေါ့​​။ ရဲ​​ဘော်ဗန္ဓုလက
မဟုတ်ဘဲနဲ့​​ ဘယ်​​ပြောပမလဲ'' ဟု ဆိုသည်။ ထိုအခါ သံ​​ကြောင်က
''ဂျိုကား​​​ပြောတာ မှန်တယ်။ တခြား​​ရဲ​​ဘော်များ​​လဲ ဂျိုကား​​လို
စိတ်ထား​​မြင့်​​မြတ်ကြပါ'' ဟု ​​ကျေနပ်ဟန်ဖြင့်​​ ​​ပြောသည်။ သို့​​ရာတွင်
သံ​​ကြောင်က သူ၏ မျက်လုံး​​ကျဉ်း​​ကျဉ်း​​က​​လေး​​နှစ်လုံး​​နှင့်​​ ဂျိုကား​​အား​​
​​ပေကလပ် ​​ပေကလပ်နှင့်​​ ​​စောင်း​​ကြည့်​​ပုံကို ​​ထောက်ရသဖြင့်​​ သံ​​ကြောင်သည်
ဂျိုကား​​အ​​ပေါ်၌ တကယ်စိတ်​​ကျေနပ်သွား​​ပုံ မရ။ ထို့​​​ကြောင့်​​သံ​​ကြောင်သည်
သွား​​​တော့​​မည် ဟန်ပြုပြီး​​မှ ပြန်၍ လှည့်​​တဲ့​​ပြီး​​လျှင် ''ရဲ​​ဘော်တို့​​အား​​လုံး​​
သတိနှင့်​​​နေကြပါ။ ​​ဘော်ဖြူက လျှို့​​ဝှက်စွာ လွှတ်ထား​​တဲ့​​သူလျှိုများ​​ဟာ အခုပင်
ငါတို့​​ အထဲမှာ ​​ရောက်​​နေကြပြီ'' ဟု ​​လေး​​နက်စွာ သတိ​​ပေး​​စကား​​​ပြောသည်။

ထို့​​​နောက် ​​လေး​​ရက်ကြာ​​သော​​နေ့​​ ည​​နေပိုင်း​​တွင် ဗန္ဓုလသည်
တိရစ္ဆာန်များ​​အား​​ စု​​ဝေး​​​စေရန် အမိန့်​​​ပေး​​သည်။ တိရစ္ဆာန်များ​​ အစုံအညီ
စု​​ဝေး​​၍ လာကြ​​သောအခါ ဗန္ဓုလသည် ဝက်များ​​​နေရာအိမ်မှ ​​ခွေး​​ကြီး​​ကိုး​​​ကောင်
ခြံရံ၍ ထွက်လာသည်။ ဗန္ဓုလမှာ မကြာမီက 'တိရစ္ဆာန်ဇာနည် ပထမတန်း​​'
ဘွဲ့​​နှင့်​​ 'တိရစ္ဆာန်ဇာနည် ဒုတိယတန်း​​' ဘွဲ့​​များ​​ကို သူ့​​ကိုယ်သူ
​​ပေး​​ထား​​ပြီး​​ဖြစ်သည့်​​ အား​​​လျော်စွာ ယခုအကြိမ်ထွက်လာ​​သောအခါ အဆိုပါ
ဘွဲ့​​တံဆိပ်နှစ်ခုကို တပ်ဆင်၍ လာသည်။ စု​​ဝေး​​လာကြ​​သော တိရစ္ဆာန်များ​​မှာ
​​ခွေး​​ကြီး​​ကိုး​​​ကောင်ကို မြင်ရသဖြင့်​​ အား​​လုံး​​ကုပ်၍ ​​နေကြသည်။
အသဲနှလုံး​​တုန်စရာ တခုခု​​တော့​​ ဖြစ်လိမ့်​​မည်ဟုလည်း​​ ​​တွေး​​မိကြသည်။

ဗန္ဓုလသည် တိရစ္ဆာန်ပရိသတ်ကို မျက်နှာထား​​ဆိုး​​ဆိုး​​နှင့်​​ ကြည့်​​ပြီး​​လျှင်
ကျယ်​​လောင်စွာ အီသံ​​ပေး​​ လိုက်သည်။ ထိုအခါ ​​ခွေး​​များ​​သည်
ဝက်​​လေး​​​ကောင်ကို ​​ပြေး​​၍ကိုက်ကြပြီး​​လျှင် ဗန္ဓုလဆီသို့​​ ဒရွတ် ဒရွတ်နှင့်​​ ချီ၍
ဆွဲလာကြသည်။ ဝက်​​လေး​​​ကောင်လည်း​​ နာကျင်သဖြင့်​​ ငယ်သံပါ​​အောင်
​​အော်ကြသည်။ ဝက်​​လေး​​​ကောင်မှာ နား​​ရွက်များ​​မှ ​​သွေး​​များ​​ထွက်၍​​နေသည်။
​​ခွေး​​များ​​သည် ဝက်​​သွေး​​ကို မြီး​​မိကြသည်နှင့်​​ တပြိုင်နက် သရဲစီး​​သကဲ့​​သို့​​
ဖြစ်သွား​​သည်။ ထို​​နောက် ​​ခွေး​​သုံး​​​ကောင်က ဖြုန်း​​ကနဲထ၍ ဂျိုကား​​ကို
ကိုက်မည်လုပ်ကြသည်။ ဂျိုကား​​သည် ကပြာကရာ ​​ခွေး​​တ​​ကောင်ကို ​​ရှေ့​​ခွါနှင့်​​
အုပ်၍ ဖမ်း​​လိုက်ပြီး​​ ​​မြေကြီး​​​ပေါ်တွင် ဖိ၍ထား​​သည်။ ဂျိုကား​​ခွါ​​အောက်
​​ရောက်​​နေ​​သော​​ခွေး​​သည် ပြင်း​​ထန်စွာဟစ်​​အော်သဖြင့်​​ ကျန်​​ခွေး​​နှစ်​​ကောင်မှာ
အမြီး​​ကုပ်၍ ​​ပြေး​​ကြသည်။ ထို​​နောက် ဂျိုကား​​က ''ဒီ​​ခွေး​​ကို
တခါထဲ​​သေသွား​​​အောင် နင်း​​သတ်လိုက်ရမလား​​ ချမ်း​​သာ​​ပေး​​လိုက်ရမလား​​'' ဟု
​​မေး​​ဟန်ဖြင့်​​ ဗန္ဓုလကို လှမ်း​​၍ကြည့်​​လိုက်သည်။ ဗန္ဓုလက ဂျိုကား​​အား​​
မျက်နှာချို​​သွေး​​၍ သူ့​​ခွါ​​အောင် ​​ရောက်​​နေ​​သော​​ခွေး​​ကို ချမ်း​​သာ​​ပေး​​လိုက်ဖို့​​​ပြောမှ
ဂျိုကား​​က ချမ်း​​သာ​​ပေး​​လိုက်သည်။ ထို​​ခွေး​​လည်း​​ ဂျိုကား​​၏ ခွါဒဏ်ရာ​​ကြောင့်​​
ကိန် ကိန်နှင့်​​ ​​အော်ကာ ​​တော်ရာသို့​​​ပြေး​​​လေသည်။

မကြာမီစု​​ဝေး​​လာ​​သော တိရစ္ဆာန်ပရိသတ်များ​​လည်း​​ ငြိမ်သွား​​သည်။
ဝက်​​လေး​​​ကောင်မှာ ဗန္ဓုလ၏ ​​ရှေ့​​၌ ​​ကြောက်ဒူး​​တုန်၍ ​​နေကြသည်။ ဗန္ဓုလက
ဝက်​​လေး​​​ကောင်အား​​ သူတို့​​၏အပြစ်ကို ​​ဖြောင့်​​ချက်​​ပေး​​ကြရန် ​​ပြောသည်။
ဝက်​​လေး​​​ကောင်မှာ အပြစ်ကျူး​​လွန်မိသဖြင့်​​ ​​နောင်တကြီး​​စွာရ​​နေကြပုံရသည်။
ထိုဝက်​​လေး​​​ကောင်မှာ အခြား​​ဝက်​​လေး​​​ကောင်မဟုတ်။ တနင်္ဂ​​နွေ​​နေ့​​တိုင်း​​
ကျင်း​​ပမြဲဖြစ်​​သော တိရစ္ဆာန်အစည်း​​အ​​ဝေး​​များ​​ကို ဗန္ဓုလက ပိတ်ပင်
လိုက်​​သောအခါ ထ၍ ကန့်​​ကွက်ခဲ့​​မိကြ​​သော ဝက်​​လေး​​​ကောင်ပင်ဖြစ်သည်။
ထို​​နောက် ဝက်​​လေး​​​ကောင်က မိမိတို့​​မှာ ​​ဘော်ဖြူကို နှင်ထုတ်လိုက်သည့်​​
အချိန်ကစ၍ ​​ဘော်ဖြူနှင့်​​ လျှို့​​ဝှက်စွာ ဆက်ဆံ​​နေမိခဲ့​​ကြ​​ကြောင်း​​။
ဓါတ်မီး​​စက်ကို ​​ဘော်ဖြူလာဖျက်စဉ်ကလည်း​​ မိမိတို့​​က ကူညီ၍
ဖျက်ခဲ့​​မိကြ​​ကြောင်း​​။ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို ဦး​​​အောင်ပန်း​​၏လက်သို့​​အပ်ရန်
ဦး​​​အောင်ပန်း​​နှင့်​​လည်း​​ စာချုပ် ချုပ်ထား​​ခဲ့​​မိကြ​​ကြောင်း​​။ ဘာ်ဖြူမှာ
ဦး​​သာ​​ခေါင်၏ လျှို့​​ဝှက်​​သော သူလျှိုဖြစ်​​ကြောင်း​​ကို ​​ဘော်ဖြူကိုယ်တိုင်က
သူတို့​​ကို​​ပြောပြဘူး​​၍ သိရ​​ကြောင်း​​နှင့်​​ ​​ဖြောင့်​​ချက် ​​ပေး​​ကြသည်။ ထိုအခါ
​​ခွေး​​များ​​သည် ထိုဝက်​​လေး​​​ကောင်အား​​ လည်မျိုကို ကိုက်သတ်လိုက်ကြသည်။
ထို့​​​နောက် ဗန္ဓုလက ''ဒိပြင် ​​ဖြောင့်​​ချက်​​ပေး​​ချင်တဲ့​​ တိရစ္ဆာန်များ​​
ရှိကြ​​သေး​​သလား​​'' ဟုအသံနက်ကြီး​​နှင့်​​ ​​အော်၍​​မေး​​သည်။

ထိုအခါ ကြက်ဥ ဥခြင်း​​နှင့်​​ ပတ်သက်၍ ​​တော်လှန်ရန် ကြံစည်ခဲ့​​​သော
​​ခေါင်း​​​ဆောင် ကြက်မ သုံး​​​ကောင်က ထွက်၍ သူတို့​​အား​​ အိမ်မက်ထဲတွင်
​​ဘော်ဖြူကလာ၍ ဗန္ဓုလ၏အမိန့်​​ကို မနာခံရန် လှံု​​ဆော်​​ပေး​​​ကြောင်း​​နှင့်​​
​​ဖြောင့်​​ချက်​​ပေး​​ကြရာ ဗန္ဓုလက ထိုကြက်မသုံး​​​ကောင်ကိုလည်း​​ အဆုံး​​စီရင်
လိုက်သည်။ ထို့​​​နောက် ဘဲငန်း​​တ​​ကောင်က မိမိသည် စပါး​​နှံ​​ခြောက်ခုကို
တိတ်တိတ်ခိုး​​၍စား​​မိ​​ကြောင်း​​ ​​ဖြောင့်​​ချက်​​ပေး​​ပြန်သည်။ ထို့​​​နောက်
သိုး​​တ​​ကောင်က သူ့​​အား​​ ​​ဘော်ဖြူ​​မြှောက်​​ပေး​​သဖြင့်​​ ​​သောက်​​ရေကန်ထဲသို့​​
​​သေး​​​ပေါက်ထည့်​​မိ​​ကြောင်း​​ ​​ဖြောင့်​​ချက်​​ပေး​​ပြန်သည်။ ထို့​​​နောက်
သိုး​​နှစ်​​ကောင်က ဗန္ဓုလကို​​လေး​​စား​​သည့်​​ ​​ချောင်း​​ဆိုး​​ရင်ကြပ်ဖြစ်​​နေ​​သော
အခြား​​သိုး​​ထီး​​တ​​ကောင်ကို ပတ်ချာလှည့်​​ လိုက်ပြီး​​ သတ်ပစ်မိ​​ကြောင်း​​
​​ဖြောင့်​​ချက်​​ပေး​​ကြပြန်သည်။ ထို့​​သို့​​​ဖြောင့်​​ချက်​​ပေး​​​သော တိရစ္ဆာန်များ​​ကို
ထို​​နေရာတွင်ပင် အဆုံး​​စီရင်လိုက်သည်။ ထိုနည်း​​ဖြင့်​​ ​​ဖြောင့်​​ချက်​​ပေး​​ခြင်း​​နှင့်​​
အဆုံး​​စီရင်ခြင်း​​များ​​ များ​​လတ်​​သော် ဗန္ဓုလ၏ ​​ခြေရင်း​​တွင်
တိရစ္ဆာန်အ​​လောင်း​​များ​​ ​​တောင်လိုပုံ၍ လာပြီး​​လျှင် ဦး​​သာ​​ခေါင် မရှိသည့်​​​နောက်
တိရစ္ဆာန်​​သွေး​​နှင့်​​ ကင်း​​​ဝေး​​၍​​နေ​​သော ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ တိရစ္ဆာန်​​သွေး​​နံ့​​
လှိုင်၍​​နေ​​လေသည်။

ထို့​​​နောက် ဝက်နှင့်​​​ခွေး​​များ​​မှတပါး​​ အခြား​​​သောတိရစ္ဆာန်တို့​​သည်
တလုံး​​တစည်း​​တည်း​​ တိတ်ဆိတ်စွာ ပြန်သွား​​ကြသည်။ တိရစ္ဆာန်တို့​​မှာ
ထိတ်လန့်​​ ​​ကြောက်ရွံ့​​ကြပြီး​​လျှင် စိတ်နှလုံး​​မသက်မသာရှိကြသည်။
အချို့​​တိရစ္ဆာန် တို့​​က ​​ဘော်ဖြူနှင့်​​​ပေါင်း​​၍ သစ္စာ​​ဖေါက်ခြင်း​​နှင့်​​ ရက်စက်စွာ
အပြစ်​​ပေး​​ခံရခြင်း​​သည် မည်သည့်​​အရာက ပို၍တုန်လှုပ်​​ချောက်ချား​​ဘွယ်
​​ကောင်း​​သည်ဟု မ​​ပြောနိုင်ကြ။ ယခင် ဦး​​သာ​​ခေါင်ရှိစဉ်အခါက တိရစ္ဆာန်များ​​
အသတ်ခံကြရဘူး​​သည်မှာ မှန်သည်။ သို့​​ရာတွင် ထိုစဉ်က အသတ်ခံရခြင်း​​မှာ
လူသား​​တို့​​၏အသတ်ခံကြရခြင်း​​သာဖြစ်၍ ယခုအသတ်ခံရသည်မှာ မိမိတို့​​
တိရစ္ဆာန် ဇာတ်တူသား​​အချင်း​​ချင်း​​ အသတ်ခံရခြင်း​​ဖြစ်၍ ပိုပြီး​​
ထိတ်လန့်​​​ကြောက်ရွံ့​​ဘွယ်​​ကောင်း​​သည်။

ဦး​​သာ​​ခေါင်မရှိသည့်​​​နောက် တိရစ္ဆာန်ထဲမှ တ​​ကောင်မျှ
အသတ်ခံရခြင်း​​မရှိ။ ကြွက်များ​​​တောင်ပင် အသတ်မခံကြရ။ ထို​​နေ့​​ကျမှပင်
ဗန္ဓုလ၏ အမိန့်​​ဖြင့်​​ တိရစ္ဆာန်များ​​စွာ အသတ်ခံကြရသည်။ တိရစ္ဆာန်တို့​​သည်
ဓါတ်မီး​​စက်တည်​​သော ကမူဘက်သို့​​ သွား​​ကြပြီး​​လျှင် တညီတညွတ်တည်း​​
တ​​ကောင်နှင့်​​တ​​ကောင် ပူး​​ကပ်ကာ ​​မြေကြီး​​​ပေါ်တွင် လဲ​​လျောင်း​​ကာ
​​နေကြသည်။ အ​​တော်ကြာပင် တ​​ကောင်နှင့်​​တ​​ကောင် စကား​​​ပြောခြင်း​​ မရှိကြ။
ဂျိုကား​​မှာ အခြား​​တိရစ္ဆာန်များ​​ကဲ့​​သို့​​ ​​မြေကြီး​​​ပေါ်တွင် လဲ​​လျောင်း​​၍ မ​​နေဘဲ
မတ်တပ်ရပ်လျက်ရှိသည်။ ဂျိုကား​​သည် သူ့​​အမြီး​​ကို ဟိုဖက် သည်ဖက်
ခတ်ပြီး​​​နောက် အနည်း​​ငယ် အံ့​​အား​​သင့်​​​သော လက္ခဏာဖြင့်​​
ခပ်တိုး​​တိုး​​ညည်း​​သည်။ ထို​​နောက် ဂျိုကား​​က ''ဒို့​​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ
ဘယ်လိုများ​​ဖြစ်ကုန်တယ်လို့​​ မ​​ပြောတတ်ပါဘူး​​။ ဒီလို ဖြစ်နိုင်လိမ့်​​မယ်လို့​​များ​​
ငါဖြင့်​​ တခါမှ မထင်မိခဲ့​​ဘူး​​ဘူး​​။ အရင်း​​စစ်​​တော့​​ ဒို့​​တိရစ္ဆာန်အချင်း​​ချင်း​​
မ​​ကောင်း​​လို့​​ ဖြစ်ရတာပဲ။ ဒီ​​တော့​​ ဒီပြဿနာဟာ အလုပ်ကို
ပိုပြီး​​ကြိုး​​စား​​လုပ်ကြမှ ​​ပြေပြတ်မှာဘဲ။ ဒီ​​နေ့​​ကစပြီး​​ ငါဟာ
မနက်တိုင်း​​မနက်တိုင်း​​ သူများ​​ထက် နှစ်နာရီ နှစ်နာရီ ပိုထပြီး​​ အလုပ်လုပ်မယ်''
ဟု ​​ပြောသည်။

ထို​​နောက် ဂျိုကား​​သည် ​​ကျောက်တုံး​​များ​​ ရှိရာသို့​​ ခပ်သုတ်သုတ်
​​ပြေး​​သွား​​ပြီး​​လျှင် အိပ်တန်း​​မဝင်ခင် နှစ်ကြိမ်တိုင်တိုင် ​​ကျောက်တုံး​​များ​​ကို
သယ်၍ ပို့​​သည်။ အခြား​​ တိရစ္ဆာန်များ​​မှာ ခွါဖြူအနား​​မှာ စု​​ဝေး​​၍
​​နေကြပြီး​​လျှင် တ​​ကောင်မျှ စကား​​​ပြော​​ဘော်မရ။ သူတို့​​ စု​​ဝေး​​​နေကြ​​သော
ကမူ​​ပေါ်မှ​​နေ ကြည့်​​မည်ဆိုလျှင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ တခုလုံး​​ကို
​​ကောင်း​​စွာမြင်နိုင်သည်။ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​မှာ အင်မတန်သာယာသည်။
စား​​ကျက်ကလည်း​​ စိမ်း​​စို၍ ​​နေသည်။ ​​သောက်​​ရေကလည်း​​ ကြည်လင်သည်။
လယ်များ​​ ယာများ​​လည်း​​ စည်ကား​​သည်။ ည​​နေကလည်း​​ ကြည်နူး​​ဖွယ်ရှိသည်။
ဝင်ခါနီး​​​နေ၏ အ​​ရောင်​​ကြောင့်​​လည်း​​ တကွင်း​​လုံး​​ ​​ရွှေရည်လိမ်း​​၍ထား​​ဘိသကဲ့​​သို့​​
ရှိသည်။

ခွါဖြူသည် မိမိတို့​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏ သာယာကြည်နူး​​ဖွယ်ရှိဟန်ကို
ကြည့်​​၍ မျက်ရည်လည်လာသည်။ သူ့​​ပါး​​စပ်က ဖွင့်​​၍မ​​ပြောတတ်​​သော်လည်း​​
သူ့​​ဝမ်း​​ထဲ၌ ယခင်က လူသား​​များ​​ကို ​​တော်လှန်ခဲ့​​ကြစဉ်က ရည်ရွယ်ချက်များ​​နှင့်​​
ယခုဖြစ်​​နေပုံများ​​မှာ တခြား​​စီဖြစ်သည့်​​အ​​ကြောင်း​​ကို သိသည်။ မိမိတို့​​သည်
ဗိုလ်ကြီး​​၏ မျက်​​မှောက်၌ ​​တော်လှန်​​ရေး​​တရား​​ဦး​​ကို နာခဲ့​​ကြစဉ်က
​​နောက်အဖို့​​တွင် တိရစ္ဆာန်တို့​​မှာ အချင်း​​ချင်း​​ တ​​ကောင်နှင့်​​ တ​​ကောင် ညှင်း​​ပန်း​​
သတ်ဖြတ်ခြင်း​​ ပြုကြလိမ့်​​မည်ဟု မထင်မိခဲ့​​။ ဗိုလ်ကြီး​​၏တရား​​ကို နာခဲ့​​စဉ်က
သူ့​​စိတ်ထဲတွင် ​​နောင်အဖို့​​၌ တိရစ္ဆာန်တို့​​သည် လူသား​​တို့​​ ရိုက်ပုတ်
ညှင်း​​ဆဲခြင်း​​မှ လွတ်၍ အစာ​​ရေစာ ပြည့်​​စုံလုံ​​လောက်​​အောင် စား​​ကြရလိမ့်​​မည်။
တ​​ကောင်နှင့်​​ တ​​ကောင်လည်း​​ အခွင့်​​အ​​ရေး​​ တန်း​​တူရကြလိမ့်​​မည်။
အလုပ်ကိုလည်း​​ ကိုယ့်​​စွမ်း​​အား​​အလိုက်သာ လုပ်ကြရလိမ့်​​မည်။ ဗိုလ်ကြီး​​၏

တရား​​ကို နာသည့်​​​နေက သူကိုယ်တိုင် မိခင်​​ပျောက်​​နေ​​သော
ဝမ်း​​ဘဲက​​လေး​​များ​​ကို သူ့​​ရင်ခွင်ထဲ၌ ထည့်​​၍ ​​စောင့်​​​ရှောက်​​ပေး​​ခဲ့​​သည့်​​နည်း​​တူ
အား​​နည်း​​​သော အ​​ကောင်ကို အား​​ကြီး​​​သောအ​​ကောင်က ကာကွယ်​​ပေး​​လိမ့်​​မည်ဟု
ထင်မိခဲ့​​သည်။ ယခု​​သော် ထိုသို့​​မဟုတ်မူ၍ တိရစ္ဆာန်များ​​ထဲမှ အချို့​​က
ကြီး​​​လေး​​​သောပြစ်မှုများ​​ ကျူး​​လွန်​​ကြောင်း​​ ​​ဖြောင့်​​ချက်​​ပေး​​သူက​​ပေး​​
​​ခွေး​​ကြီး​​​တွေက ​​နေရာတကာလည်၍ မိမိတို့​​ ရဲ​​ဘော်များ​​ကို ကိုက်သတ်ချင်တိုင်း​​
ကိုက်သတ်၍ ​​နေကြပြီး​​လျှင် မိမိတို့​​ ဝမ်း​​ထဲ၌ ရှိသည့်​​ အကြံကို
တ​​ကောင်နှင့်​​တ​​ကောင် ထုတ်ဟ၍ မ​​ပြောရဲဝံ့​​​လောက်​​အောင် ရှိ​​နေကြရပြီ။

ခွါဖြူ့​​စိတ်ထဲတွင် ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​ကို ​​တော်လှန်လို​​သောစိတ်
ကလန်ကဆန်လုပ်လို​​သော စိတ်ထား​​မရှိ။ ယခု​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၏
လက်ရှိအ​​ခြေအ​​နေမှာ မည်မျှပင် စိတ်မ​​ကျေနပ်ဖွယ်ရာ ရှိ​​သော်လည်း​​
ဦး​​သာ​​ခေါင် လက်ထက်ကနှင့်​​ နှိုင်း​​စာမည်ဆိုလျှင် အများ​​ကြီး​​ပို၍ ​​ကောင်း​​သည်။
ထို့​​​ကြောင့်​​ လူသား​​များ​​ ပြန်၍ မလာနိုင်​​အောင် ကာကွယ်ဖို့​​အလုပ်ကို
​​ရှေး​​ဦး​​စွာလုပ်ကြရမည်။ သို့​​ဖြစ်ရာ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၌ ယခု​​လော​​လောဆယ်
ဘာဘဲဖြစ်၍​​နေ​​နေ ခွါဖြူစိတ်ထဲ၌ သူသည် သစ္စာ​​စောင့်​​သိ၍
အလုပ်ကိုကြိုး​​စား​​ပြီး​​လျှင် ​​ပေး​​သမျှအမိန့်​​ကို နာခံလျက် ဗန္ဓုလ၏
​​ခေါင်း​​​ဆောင်မှုကို ခံယူမည်ဟု ​​အောက်​​မေ့​​သည်။ ခွါဖြူသည် ဘယ်လိုပင်
စိတ်​​ကောင်း​​ထား​​​သော်လည်း​​ ​​ခြေ​​လေး​​​ချောင်း​​ကွင်း​​၌ လက်ရှိဖြစ်ပျက်​​နေ​​သော
အ​​ခြေအ​​နေမှာ မိမိတို့​​လက်ဦး​​ ရည်ရွယ်မှန်း​​ထား​​ခဲ့​​​သော ရည်ရွယ်ချက်များ​​နှင့်​​
တခြား​​စီဖြစ်၍ ​​နေသည့်​​ အဖြစ်ကို ​​ကောင်း​​စွာသ​​ဘော​​ပေါက်​​နေသည်။

ဦး​​သာ​​ခေါင်၏ ​​သေနတ်​​ပြောင်း​​ဝနှင့်​​ ရင်ဆိုင်၍ တိုက်ခဲ့​​ကြခြင်း​​
ဓါတ်မီး​​စက်ကိုတည်ခဲ့​​ကြခြင်း​​တို့​​မှာ ဗန္ဓုလက ​​ခွေး​​များ​​ကို လက်သပ်​​မွေး​​၍
လုပ်ချင်သလို လုပ်ဖို့​​မဟုတ်။ ဤသို့​​လျှင် ခွါဖြူ​​တွေး​​မိသည်။ သို့​​ရာတွင်
ဖွင့်​​၍ကား​​ မ​​ပြောတတ်။ ခွါဖြူသည်ဖွင့်​​၍ မ​​ပြောတတ်​​သော်လည်း​​ သူ့​​ဝမ်း​​ထဲက
​​တွေး​​မိသည့်​​အတိုင်း​​ မှန်သည်ဟု သ​​ဘောရသဖြင့်​​ ''ဒို့​​တိရစ္ဆာန်သီချင်း​​''ကို စ၍
သီဆိုသည်။ သူ့​​အနား​​၌ ရှိကြ​​သော တိရစ္ဆာန်တို့​​ကလည်း​​ ဝိုင်း​​၍ဆိုကြသည်။
အား​​လုံး​​ သုံး​​ကြိမ်တိုင် နာ​​ပျော်ဖွယ်​​ကောင်း​​စွာ ဆိုကြသည်။ သို့​​ရာတွင်
ခါတိုင်း​​ဆိုကြသကဲ့​​သို့​​ မဟုတ်ဘဲ ​​လေး​​​လေး​​နှင့်​​ လွမ်း​​ဆွတ်ဖွယ် ဆိုကြသည်။
ယခင်က ဒို့​​တိရစ္ဆာန်သီချင်း​​ကို ထိုမျှ​​လောက် လွမ်း​​ဆွတ်ဖွယ်
​​ကောင်း​​​လောက်​​အောင် မဆိုကြစဘူး​​။ ဒို့​​တိရစ္ဆာန်သီချင်း​​ကို တတိယအကြိမ်
ဆိုပြီး​​သည့်​​ အချိန်တွင် သံ​​ကြောင်သည် ​​ခွေး​​နှစ်​​ကောင်ရံ၍ အ​​ရေး​​ကြီး​​​သော
စကား​​​ပြောလိုဟန်ဖြင့်​​ ​​ပေါက်လာသည်။ သံ​​ကြောင်က ''ယ​​နေ့​​ကစပြီး​​
ဒို့​​တိရစ္ဆာန်သီချင်း​​ကို မဆိုကြဖို့​​ ရဲ​​ဘော်ဗန္ဓုလက အမိန့်​​ထုတ်လိုက်ပြီ'' ဟု
​​ပြောသည်။ ထိုအခါ တိရစ္ဆာန်များ​​မှာ မျက်လုံး​​ပြူး​​မျက်ဆန်ပြူး​​၍ သွား​​ကြသည်။
''​​ဟေ့​​ ဘာဖြစ်လို့​​ မဆိုရမှာလဲဟ'' ဟု မုတ်ဆိတ်က ​​မေး​​သည်။ ထိုအခါ
သံ​​ကြောင်က ''ဘာလို့​​ရမလဲ ရဲ​​ဘော်ရ။ ​​နောက် ဒို့​​တိရစ္ဆာန်သီချင်း​​ကို ဆိုကြဖို့​​
မလို​​တော့​​လို့​​​ပေါ့​​ဟ။ ဒို့​​တိရစ္ဆာန်သီချင်း​​က ​​တော်လှန်​​ရေး​​သီချင်း​​ဟ။ အခု
ဒို့​​​တော်လှန်​​ရေး​​ဟာက ​​အောင်မြင်ပြီ။ ဒီ​​နေ့​​မွန်း​​လွဲအချိန်မှာ သစ္စာ​​ဖေါက်​​တွေကို
အဆုံး​​စီရင်လိုက်တာဟာ ဒို့​​​တော်လှန်​​ရေး​​ရဲ့​​ နိဂုံး​​ချုပ်​​ပေါ့​​ဟ။ အခု ဒို့​​ဟာ
အတွင်း​​ရန်နဲ့​​ အပြင်ရန်သူ​​တွေကို အကုန်လုံး​​ ​​အောင်မြင်ပြီ။ ဒို့​​တိရစ္ဆာန်သီချင်း​​က
ဒို့​​ရဲ့​​ ရည်ရွယ်ချက်ကို ​​မြှော်မှန်း​​ ​​တောင့်​​တတဲ့​​ သီချင်း​​ဟ။ အခု​​တော့​​
ဒို့​​ရည်ရွယ်ချက်ဟာ ​​မြှော်မှန်း​​​တောင့်​​တတဲ့​​ အ​​ခြေအ​​နေက​​နေပြီး​​ တကယ်
ဖြစ်​​မြောက်လာတဲ့​​ အ​​ခြေအ​​နေကို ​​ရောက်သွား​​ပြီ။ ဒီ​​တော့​​ ဒို့​​တိရစ္ဆာန်သီချင်း​​ကို
ဘယ်ဆိုဘို့​​ လို​​တော့​​မလဲ'' ဟု ​​ပြောသည်။

ထိုစကား​​ကို ကြား​​​သောအခါ တိရစ္ဆာန်များ​​မှာ ထိတ်လန့်​​​ကြောက်ရွံ့​​
​​နေကြလျက်နှင့်​​ပင် ဒို့​​တိရစ္ဆာန်သီချင်း​​ကို မပိတ်ပင်သင့်​​​ကြောင်း​​နှင့်​​ ထ၍
ကန့်​​ကွက်လို​​သော ဆန္ဒ​​ပေါ်လာကြသည်။ သို့​​​သော် ထိုအခိုက်တွင် သိုး​​များ​​က
''​​ခြေ​​လေး​​​ချောင်း​​​ကောင်း​​တယ်။ ​​ခြေနှစ်​​ချောင်း​​ မ​​ကောင်း​​ဘူး​​'' ဟု
ဆက်ကာဆက်ကာ ဆူညံစွာ ​​အော်ကြသဖြင့်​​ စကား​​ပြတ်သွား​​ပြီး​​လျှင်
မကန့်​​ကွက်ဖြစ်​​တော့​​။ ဤနည်း​​ဖြင့်​​ ဒို့​​တိရစ္ဆာန်သီချင်း​​ အသံမှာ
​​ပျောက်ကွယ်သွား​​​လေသည်။ ဒို့​​တိရစ္ဆာန်သီချင်း​​အစား​​ ကဗျာဓိုရ်​​သေး​​သွယ်က
​​အောက်ပါ သီချင်း​​ကို စပ်​​ပေး​​သည်။ ​​သေး​​သွယ်၏ သီချင်း​​သစ်မှာ
''တိရစ္ဆာန်ကုန်း​​၊​ တိရစ္ဆာန်ကုန်း​​၊​ ငါတို့​​ သစ္စာ​​စောင့်​​မည့်​​ တိရစ္ဆာန်ကုန်း​​'' ဟူ၍
ဖြစ်သည်။ သီချင်း​​အသစ်ကို တနင်္ဂ​​နွေ​​နေ့​​ မနက်တိုင်း​​ အလံတင်ပွဲအပြီး​​တွင်
တိရစ္ဆာန်များ​​ ဆိုကြသည်။ သို့​​ရာတွင် ဆိုလို့​​သာ ဆိုရသည်။ တိရစ္ဆာန်တို့​​၏
စိတ်ထဲ၌ ဒို့​​တိရစ္ဆာန်သီချင်း​​ကို ဆိုရသ​​လောက် အဆီအသား​​ပါသည်ဟ
မထင်ကြ။

0 responses to “ အခန်း (၇) ”

Leave a Reply