အခန်း (၆)
ထိုနှစ်တွင် တနှစ်လုံး တိရစ္ဆာန်များသည် ချွေးဒီးဒီးကျအောင်
အလုပ်လုပ်ကြရသည်။ ဘယ်လိုပင် ပင်ပန်းသော်လည်း ကိုယ့်အလုပ်ကို
လုပ်ကြခြင်း ဖြစ်သဖြင့် စိတ်မညစ်ကြ။ သူတို့ လုပ်သောအလုပ်မှာ အလကား
ထိုင်စားနေကြသော လူသား သူခိုး သူဝှက်တို့ အကျိုးအတွက်မဟုတ်ဘဲ
သူတို့ကိုယ်တိုင်၏ အကျိုးဖြစ်သည့်ပြင် သူတို့ နောင်လာနောက်သားတို့၏
အကျိုးလည်း ဖြစ်သဖြင့် ဘယ်တိရစ္ဆာန်ကမျှ အပင်ပန်းခံဖို့ အနစ်နာခံဖို့
မတွန့်တိုကြ။
တိရစ္ဆာန်တို့သည် တနွေလုံး တမိုးလုံး တနေ့လျှင် ဆယ်နာရီကျ
အလုပ်လုပ်ကြသည်။ ထို့နောက်ဗန္ဓုလက တနင်္ဂနွေနေ့ ညနေပိုင်းများလည်း
အလုပ်လုပ်ကြရမည်ဟု ပြောသည်။ တနင်္ဂနွေနေ့ညနေပိုင်း အလုပ်မှာ
စေတနာရှိမှ လုပ်ရမည့် အလုပ်ဖြစ်သည်။ သို့ရာတွင် တနင်္ဂနွေနေ့ ညနေပိုင်း
အလုပ်အလုပ်သော တိရစ္ဆာန်တို့မှာ အစာတဝက် အလျှော့ခံရလိမ့်မည်။ ထိုကဲ့သို့
တနင်္ဂနွေနေ့ ညနေပိုင်းပါ အလုပ် လုပ်ကြပါလျှက်နှင့်လည်း အချို့အလုပ်များမှာ
မပြီးဘဲ ကျန်လျက်ရှိသည်။ ထိုနှစ်တွင် အသီးအနှံ ခါတိုင်းနှစ်များလောက်
မထွက်။ မြေပဲခင်း နှမ်းခင်းများလည်း အထွန်နောက်ကျနေသဖြင့် မြေပဲ မကြဲရ။
ထို့ကြောင့်ဆောင်းဝင်လျှင် အကြပ်အတည်းနှင့် တွေ့ကြဖွယ်ရှိသည်။
ထို့ပြင် ဓါတ်မီးစက်တည်ဖို့ ကိစ္စအတွက်ကလည်း မြှော်လင့်သည်ထက်
ပို၍ခက်ခဲနေသည်။ ဦးသာခေါင်အိမ်ထဲမှ သလဲများ အင်္ဂတေမှုန့်များ
အတော်များများတွေ့သဖြင့် တမျိုးနေရာကျသော်လည်း ဓါတ်မီးစက်
ခေါင်းတိုင်တည်ဖို့အတွက် ကျောက်တုံးများရနိုင်ဖို့ ပြဿနာမှာမလွယ်။
ကျောက်တုံးများကို အရွယ်တော်ဖြစ်အောင် ထုဖို့ ဆစ်ဖို့ အလုပ်မှာ စို့များ
တူများဖြင့် လုပ်ရမည့် အလုပ်ဖြစ်သည်။ တိရစ္ဆာန်တို့မှာ လူလို မတ်တတ်ရပ်၍
စို့များတူများနှင့် အလုပ်မလုပ်တတ်။ ထို့ကြောင့် အကြံရအိုက်၍ နေကြသည်။
နောက်ရက် အတော်ကြာမှ ကျောက်တုံးများကို တောင်ကမ်းပါးပေါ်မှ ပစ်ချပြီး
ခွဲဖို့ အကြံရကြသည်။ တိရစ္ဆာန်များသည် ဦးသာခေါင်လက်ထက်က
ကျန်ရစ်ခဲ့သော ကျောက်တုံးကြီးများကို အလောတော်ဖြစ်စေရန်
တောင်ကမ်းပါးယံမှ အောက်သို့ ပစ်ချဖို့အတွက် ကြိုးများဖြင့် ချည်ကာ ဆွဲ၍
တင်ကြသည်။ ကျောက်တုံးကြီးများကို ဆွဲ၍တင်ရာတွင် နွားဆိတ်သိုးမကျန်
အကုန်ဝိုင်း၍ လုပ်ကြသည်။ တခါတရံ ဝက်များကပင် ကူ၍ လုပ်ကြသည်။
တောင်ကမ်းပါးယံပေါ်သို့ ကျောက်တုံးကြီးများ ရောက်အောင်တင်ဖို့ အလုပ်မှာ
အင်မတန် ကြန့်ကြာသောအလုပ်ဖြစ်သည်။ တောင်ကမ်းပါးယံမှ အောက်သို့
ပစ်ချလိုက်သော ကျောက်တုံးကြီးများအနက် တချို့လည်းကွဲ၍ တချို့လည်း
မကွဲဘဲရှိသည်။ ကွဲပြီးသား ကျောက်တုံးများကို သယ်ဖို့ ကိစ္စမှာ
များစွာမခက်လှ။ နွားများက လှည်းနှင့်တင်၍ ဆွဲကြသည်။ သိုးများ
ဆိတ်များက သူတို့နိုင်သလောက် ကျောက်တုံးများကို တတုံးစီ သယ်ကြသည်။
နွေပေါက်သောအခါ ကျောက်တုံးများ အတော်များများစုမိပြီဖြစ်၍ ဓါတ်မီးစက်ကို
ဝက်များက ကြီးကြပ်ကာ တည်ဖို့လုပ်ကြသည်။
ကျောက်တုံးကြီးများကို တောင်ကမ်းပါးယံပေါ်သို့ တင်ရသည့်အလုပ်မှာ
အတော် ခဲယဉ်း၍ တခါတရံ တတုံးတင်သည်နှင့် တနေကုန်သွားသည်။
ထိုကိစ္စတွင် ဂျိုကားမပါလျှင် အတော်ခက်ဦးမည်။ ဂျိုကားတကောင်၏ အားမှာ
အားလုံးသောတိရစ္ဆာန်တို့၏အားနှင့် ညီမျှသလောက်ရှိသည်။ တခါတရံ
လမ်းခုလပ်တွင် ကျောက်တုံးကြီးလျှောကျသဖြင့် ကျောက်တုံးကြီးနောက်သို့
တိရစ္ဆာန်များ ပါ၍မသွားစေရန် အတော်သတိထားကြရသည်။ ထိုအခါမျိုးတွင်
ဂျိုကားမှာ အင်မတန် အားကိုးရသည်။ ဂျိုကားတကောင်က ကိုယ်နှင့်
ဖေးထားလိုက်လျှင် တော်ရုံတန်ရုံ လျှောကျချင်သည့် ကျောက်တုံးမှာ
တန့်၍သွားသည်။ ထိုအခိုက်တွင်မှ ကျန်တိရစ္ဆာန်များက ဝိုင်း၍
ဆွဲတင်ကြသည်။ ဂျိုကားမှာ ကျောက်တုံးကြီးများကို သူတကောင်ထဲ
ခေါင်းခံတင်ရသဖြင့် ဟောဟဲ ဟောဟဲနှင့် မောပန်း၍ ချွေးတလုံးလုံးနှင့်
ရှိသည်။ ခွါဖြူက ''ဂျိုကားရယ် ဒါလောက်တောင်ဘဲ အပင်ပန်းမခံပါနှင့်''
ဟုတောင်းပန်သည်။ ဂျိုကားက နားမထောင်။ ဂျိုကားသည် ပေါ်လာသမျှသော
ပြဿနာများကို ''ငါအလုပ်ပိုလုပ်မယ်'' ''ဗန္ဓုလသည် အမြဲမှန်သည်''
ဆိုသောဆောင်ပုဒ်နှစ်ခုကို ရွတ်ကာ ဖြေဖြတ်သည်။ ဂျိုကားသည် ယခင်က
အခြားတိရစ္ဆာန်များထက် တနာရီစောစောပိုထပြီး အလုပ်လုပ်နေရာမှ
အားမရသေးသဖြင့် သူ့ကို သူများအိမ်ယာက မထခင် တနာရီခွဲပိုပြီး
စောစောနှိုးပါဟု ကြက်ဖကလေးတကောင်အားမှာထားသည်။ သူ့မှာ
အားလပ်သည့် အချိန်လည်း များများမရှိ။ ရှိသမျှသော အားလပ်ချိန်
ကလေးများတွင်လည်း အအားမနေဘဲ တကောင်ထဲ ကျောက်တုံးကွဲများကို
သွား၍ သယ်ပြီး စက်တည်မည့်နေရာသို့ ပို့သည်။
တိရစ္ဆာန်များမှာ ဆောင်းတွင်း၌ ခါတိုင်းထက် အလုပ်ပင်ပန်းကြ
သော်လည်း အစာရေစာ ငတ်ပြတ်ခြင်းမရှိ။ ဦးသာခေါင်ရှိတုန်းကထက်
အစာပို၍ မစားရဘူးဆိုတောင် ဦးသာခေါင်ရှိတုန်းကထက် လျှော့၍
စားကြရသည်ဟုလည်း မဆိုနိုင်။ အပိုဖြုန်းမည့် သုံးမည် လူသားများ
လျော့သွားပြီး ကိုယ်စားဖို့သာ ကိုယ်လုပ်ကြရသဖြင့် တိရစ္ဆာန်တို့မှာ
အခြားအခက်အခဲများအတွက် မထောင်းတာလှ။ ထို့ပြင် တိရစ္ဆာန်တို့
အလုပ်လုပ်နည်းမှာ လူတို့အလုပ်လုပ်နည်းထက် ပို၍ ကောင်းသော
အချက်လည်း အများရှိသည်။ ဥပမာ ပေါင်းသင်သော အလုပ်ဆိုလျှင်
လူသားများသည် သူတို့လောက် စေ့စပ်အောင်မလုပ်နိုင်။ ထို့ပြင်
တိရစ္ဆာန်များထဲမှ ခိုးမည့်ဝှက်မည့်သူတကောင်မှ မရှိသဖြင့်
လယ်ယာများကိုလည်း စည်းရိုးမကာဘဲ ထားနိုင်သောကြောင့် အလုပ်များစွာ
သက်သာသည်။ ဥတုကုန်ခါနီးသောအခါ သူတို့ဟာ သူတို့မလုပ်နိုင်သော
ရေနံဆီစ သံချောင်းစ ကြိုးစ သံကိရိယာ စသောပစ္စည်းများ
ရှားပါးစပြုလာသည်။ ထို့ပြင် မျိုးစေ့နှင့် ဓါတ်မြေဩဇာများ တူရွင်း တလပါ
စသည်များနှင့် ဓါတ်မီးစက်အတွက် တန်းဆာပလာများလည်း ချို့တဲ့၍
နေကြသည်။ ထိုပစ္စည်းများကို မည်သို့ရအောင်လုပ်ရမည်ဟု ဘယ်တိရစ္ဆာန်မျှ
စိတ်မကူးတတ်ကြ။
တနေ့သော တနင်္ဂနွေနေ့တွင် ဗန္ဓုလ၏ အမိန့်ကို ခံယူကြရန်
စုဝေးလာကြသော တိရစ္ဆာန်တို့ အစည်းအဝေးတွင် ဗန္ဓုလက
စီးပွါးရေးဝါဒသစ်ပြောင်းဖို့ ဆုံးဖြတ်ပြီးကြောင်း ကျေညာသည်။ နောင်အဖို့တွင်
ခြေလေးချောင်းကွင်းက အခြားကွင်းနီးနားချင်းများနှင့် ကုန်သွယ်တော့မည်။
သို့ကုန်သွယ်ခြင်းမှာ လူသားတို့လို အမြတ်ရဖို့ မဟုတ်။ မိမိတို့
အပူတပြင်းလိုနေသော ပစ္စည်းများ ရရန်အတွက်သာ ဖြစ်သည်။ ပထမဆုံး
ဓါတ်မီးစက် တည်ဖို့အတွက် ပစ္စည်းများကို အလျင်ရအောင်လုပ်ရမည်။
ထိုကိစ္စအတွက် ရှေးဦးစွာ စပါးသစ်များကို ရောင်းမည်။ ထိုဟာနှင့်မျှ
မလောက်သေးလျှင် ကြက်ဥများကို ငွေစနှင့် ဖလှယ်မည်။ ရွာသစ်ကြီးဖက်မှာ
ကြက်ဥဈေး အင်မတန်ကောင်းသည်။ ကြက်ဥ ဥပေးဖို့အတွက် ကြက်မများက
မိမိတို့၏ တာဝန်ကို မငြိုမငြင် ဆောင်ရွက်လိမ့်မည် မြှော်လင့်သည်။ သို့မှသာ
ဓါတ်မီးစက်တည်ဆောက်ဖို့ ကိစ္စ အောင်မြင်မည်ဟု ဗန္ဓုလကပြောသည်။
လူသားများနှင့် ဘယ်တော့မှ မဆက်ဆံရ။ ကုန်ရောင်းကုန်ဝယ် မလုပ်ရ။
ငွေစ မကိုင်ရ ဟု ဦးသာခေါင်ကို တော်လှန်လိုက်ပြီးနောက် ပထမဆုံး
ကျင်းပသော အစည်းအဝေး၌ ဆုံးဖြတ်ချက်ချခဲ့ကြသည်ကို တရေးရေး
တွေးမိကြသဖြင့် တိရစ္ဆာန်များမှာ ယခု စီးပွါးရေး ဝါဒအသစ်ပြောင်းလိုက်ပြီး
ကုန်သွယ်တော့မည် ဆိုသောကြောင့် စိတ်မကောင်းကြ။ အထက်ပါ
ဆုံးဖြတ်ချက်မျိုးချခဲ့သည်ကို တိရစ္ဆာန်အားလုံး မမေ့ကြသေး။
အယုတ်သဖြင့်ဆိုသော် သူတို့ဟာသူတို့ မမေ့ကြသေးဟု ထင်ကြသည်။
ဗန္ဓုလက အစည်းအဝေးများ နောက်ထပ် မပြုလုပ်ရဟု အမိန့်ထုတ်စဉ်က ထ၍
ကန့်ကွက်ခဲ့ကြသော ဝက်လေးကောင်က စီးပွါးရေးဝါဒအသစ်နှင့် ပတ်သက်၍
မရဲတရဲ ထ၍ ကန့်ကွက်ကြသည်။ သို့ရာတွင် ခွေးကြီးတွေက တဟီးဟီးနှင့်
ကြောက်မက်ဖွယ် ဟိန်းလိုက်သဖြင့် ချက်ချင်းငြိမ်၍ သွားကြသည်။ ထို့နောက်
ထုံးစံအတိုင်း သိုးများက ''ခြေလေးချောင်း ကောင်းတယ် ခြေနှစ်ချောင်း
မကောင်းဘူး'' ဟု ကျယ်လောင်စွာအော်ကြသဖြင့် အစစ အဆင်ပြေသလို
ဖြစ်သွားသည်။
ထို့နောက် ဗန္ဓုလက ရှေ့လက်ကိုမြှောက်၍ ငြိမ်သက်စွာနားထောင်ကြရန်
ပြောပြီးလျှင် စီစဉ်စရာရှိသမျှကိုသူကိုယ်တိုင် အားလုံးစီစဉ်ပြီးဖြစ်ကြောင်း။
တိရစ္ဆာန်များမှာ လူသားတို့နှင့် ဆက်ဆံဖို့ မလိုကြောင်း။ ဆက်ဆံရလျှင်လည်း
ကောင်းမည်မဟုတ်ကြောင်း။ ထိုကိစ္စကို သူကိုယ်တိုင်က တာဝန်ခံ၍
တိရစ္ဆာန်များသည် လူသားများနှင့် မဆက်ဆံရဘဲနှင့် ပြီးနိုင်အောင်
လုပ်ထားကြောင်း။ ရွာသစ်ကြီးက ဦးသာရာဆိုသော တတိယတန်းအမိန့်တော်ရ
ရှေ့နေတယောက်က ခြေလေးချောင်းကွင်းနှင့် လူသားတို့ ဆက်ဆံဖို့ ကိစ္စတွင်
စပ်ကြားမှ ဆက်ဆံရေးပုဂ္ဂိုလ်အဖြစ်နှင့် ရွက်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း။
ဦးသာရာသည် တနင်းလာနေ့မနက်တိုင်း ခြေလေးချောင်းကွင်းသို့လာ၍
ဗန္ဓုလထံမှ ညွှန်ကြားချက်များကို ယူမည်ဖြစ်ကြောင်းနှင့် ဗန္ဓုလက
ပြောပြပြီးလျှင် သူ့မိန့်ခွန်းကို ''ခြေလေးချောင်းကွင်း အမြဲတည်စေသော''
ဆိုသည့် ဆုတောင်းစကားနှင့် အဆုံးသတ်လိုက်သည်။ ထို့နောက် တိရစ္ဆာန်တို့က
''ဒိုတိရစ္ဆာန်သီချင်း'' ကိုဆို၍ နိဂုံးချုပ်ကြသည်။
တိရစ္ဆာန်များ အစုအဝေးခွဲပြီးနောက် သံကြောင်က တိရစ္ဆာန်များအား
စိတ်မကောင်းမဖြစ်ကြရန် ပြောသည်။ ''ကုန်ရောင်း ကုန်ဝယ်မလုပ်ရဘူး
ဆိုတာရယ်။ ငွေစ မကိုင်ရဘူးဆိုတာရယ်။ ဘယ်တုန်းကမျှ ဆုံးဖြတ်ချက်
မချခဲ့ဘူးပါဘူး။ ဆုံးဖြတ်ချက်ချဖို့ နေနေသာသာ အကြံပေးစကားအဖြစ်နဲ့တောင်
ဘယ်သူကမျှ တခါဘူးမျှ မပြောခဲ့ဘူးပါဘူး။ ရဲဘော်တို့ အထင်မှားနေကြလို့ပါ။
ငါပြောလျှင် ယုံပါ။ အခုလို ရဲဘော်တို့ စိတ်ထဲက ထင်နေကြတာက
ဟိုဘော်ဖြူကောင်က တီးတိုးဝါဒဖြန့်စကားပြောသွားရာက ဖြစ်ပေါ်လာပုံရတယ်''
ဟု ယုတ္တိယုတ္တာရှိအောင် ပြောပြသည်။ သံကြောင် ဘယ်လို ပြောပြော
တချို့တိရစ္ဆာန်များက မယုံကြည်ကြသေး။ သံကြောင်သည် တချို့တိရစ္ဆာန်များက
မယုံသင်္ကာ ဖြစ်နေသေးကြောင်းကို ရိပ်မိသဖြင့် ''ရဲဘော်တို့ အခုလို
ထင်နေကြတာဟာ ကိုယ့်အတွေးက ကိုယ့်ကို ပြန်ချောက်နေတာ ဖြစ်ပါလိမ့်မယ်။
ငါပြောတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ သေသေချာချာ
စဉ်းစားကြည့်ကြပါ။ ကုန်မသွယ်ရဘူး။ ငွေစမကိုင်ရဘူးဆိုတဲ့ ဆုံးဖြတ်ချက်များ
ချဘူးရင် မှတ်တမ်းရှိရမယ် မဟုတ်လား။ ကိုင်းမှတ်တမ်းရှိရင် ငါ့ကို
ပြကြစမ်းပါ။ ပြနိုင်ရင် ငါအရှံုးပေးပါမယ်'' ဟု နိဂုံးစကားပြောသည်။ စာနှင့်
ပေနှင့် အက္ခရာတင်ထားသော မှတ်တမ်းဟူ၍ တစုံတရာ မရှိသည်မှာ မှန်သဖြင့်
တိရစ္ဆာန်များမှာ သံကြောင်ပြောသမျှနှင့်ပင် ကျေနပ်ကြရသည်။
တနင်္လာနေ့ မနက်တိုင်း မနက်တိုင်း ဦးသာရာသည်
ခြေလေးချောင်းကွင်းသို့ မှန်မှန်လာသည်။ ဦးသာရာမှာ ရှေ့နေအလုပ်နှင့် များစွာ
မထွန်းကားသော်လည်း နှုတ်ခမ်းမွေးက ရေးရေး မျက်စိက
ပေကလပ်ပေကလပ်နှင့် အတော် အကင်းပါးပုံရသည့် လူတစ်ယောက်ဖြစ်သည်။
တိရစ္ဆာန်ကွင်းနှင့် လူသားများ ကုန်သွယ်ရေးတွင် ဝင်၍ ပွဲစားလုပ်ရလျှင်
အတော် အကျိုးရှိနိုင်မည့် အကြောင်းကိုလည်း သဘောပေါက်သည်။
တိရစ္ဆာန်များသည် ဦးသာရာအားလူသားဖြစ်သည့် အတွက် ကြောက်ကြသဖြင့်
သူလာသည် သွားသည်ကို ရင်တဖိုဖိုနှင့် ချောင်းမြောင်း ကြည့်ကြပြီးနောက်
သူနှင့် မတွေ့အောင် အထူးရှောင်ကြသည်။
တိရစ္ဆာန်များနှင့် လူသားများ ဆက်ဆံခြင်းကို တိရစ္ဆာန်တို့က
မနှစ်မြို့ကြသော်လည်း ခြေနှစ်ချောင်းဖြစ်သော ဦးသာရာမှာ
ခြေလေးချောင်းဖြစ်သော ဗန္ဓုလထံ၌ အမိန့်များ လာ၍ ခံယူနေရသည်ကို
မြင်ရသဖြင့် တိရစ္ဆာန်များမှာ စိတ်ကြီးဝင်လာကာ သည်လို
ဆက်ဆံရပုံမျိုးဆိုလျှင် ကျေနပ်ထိုက်ပါသည်ဟုလည်း အောက်မေ့ကြသည်။
လူသားများက တိရစ္ဆာန်တို့အပေါ်တွင် ဆက်ဆံပုံမှာ အခြေအနေပြောင်း၍
လာသော်လည်း လူသားတို့က ခြေလေးချောင်းကွင်းအပေါ်၌ အမုန်းလျှော့ပါး
သွားသည်မဟုတ်။ ခြေလေးချောင်းကွင်းသည် ဘယ်လိုပင် သာယာဖွံ့ဖြိုးနေသည်
ဖြစ်စေ လူသားတို့က အမုန်းမလျှော့။ စင်စစ်အားဖြင့် သာယာ
ဖွံ့ဖြိုးရှိခြင်းအတွက် ပို၍ပင် မုန်းလာကြသေးသည်။ လူသားတိုင်း
လူသားတိုင်းစိတ်၌ မိမိတို့သည် ဘုရားတရားကို ယုံကြည်ကြသကဲ့သို့
တနေ့ကျလျှင် ခြေလေးချောင်းကွင်းသည် ဧကန်ပျက်ရမည်ဟု ယုံကြည်ကြသည်။
ဓါတ်မီးစက်လည်း ဘယ်နည်းနှင့်မျှ ဖြစ်လိမ့်မည် မဟုတ်။ လူသားများသည်
တယောက်နှင့် တယောက် ဈေးမှာတွေ့တွေ့ လမ်းမှာတွေ့တွေ့ ဓါတ်မီးစက်ဟာ
ဘယ်နည်းနှင့်မဆို ပျက်ရမှာဘဲဟု တွက်ကာချက်ကာ ပြောကြသည်။
သို့ဖြစ်လင့်ကစား တိရစ္ဆာန်တို့ လုပ်ပုံကိုင်ပုံ စေ့စပ်သေချာခြင်းကို
မြင်ကြရသောအခါ တိရစ္ဆာန်များကို မလေးစားချင်ဘဲနှင့် လေးစား၍
လာကြရသည်။
ဤနည်းဖြင့် ခြေလေးချောင်းကွင်းကို ခြေလေးချောင်းကွင်းဟု
မခေါ်ချင်ကြသဖြင့် ဦးသာခေါင်ကွင်းဟု ဆက်၍ ခေါ်နေကြရာမှ
အမည်မှန်အတိုင်း ခြေလေးချောင်းကွင်းဟု ခေါ်စပြု၍ လာကြသည်။ ထိုအခိုက်
ဦးသာခေါင်မှာ သူ့ကွင်းကို သူပြန်ရဖို့ မျှော်လင့်ချက် မရှိတော့သဖြင့်
တရပ်တကျေးသို့ ပြောင်းရွှေ့ကာနေသည်။ လူသားတို့ကလည်း
ဦးသာခေါင်ဖက်က ကူညီ ဝိုင်းဝန်းခြင်း မရှိကြတော့။ ခြေလေးချောင်းကွင်းမှာ
ထိုအချိန်အထိ လူသားဆို၍ ဦးသာရာတစ်ဦးတည်းနှင့်သာ ဆက်ဆံခြင်းရှိသည်။
သို့ရာတွင် ဗန္ဓုလသည် ဦးပေါက်ကျော် ဦးအောင်ပန်းတို့နှင့်လည်း
ဆက်ဆံဖို့လုပ်နေသည်ဟုလည်း သတင်းပြေးလျက်ရှိသည်။ အကယ်၍
ဦးပေါက်ကျော် ဦးအောင်ပန်း တို့နှင့် ဆက်ဆံခဲ့ပါလျှင် ဗန္ဓုလသည်
နှစ်ယောက်စလုံးနှင့် တပြိုင်တည်း ဆက်ဆံလိမ့်မည် မဟုတ်ဘဲ တယောက်ချင်း
တယောက်ချင်း ခွဲ၍ ဆက်ဆံလိမ့်မည်ဟုလည်း သိရသည်။
ထိုအခိုက်တွင် ဝက်များသည် ရုတ်တရက် ဦးသာခေါင်၏ အိမ်ပေါ်သို့
ပြောင်း၍ နေကြသည်။ ထိုအခါ တိရစ္ဆာန်များက ''ဟ ဘယ့်နှယ့်လည်း
တိရစ္ဆာန်များဟာ လူလိုအိမ်နဲ့ မနေရဘူးဆိုပြီးတော့ အခုတော့
တမျိုးဖြစ်ကုန်ပါပလား'' ဟု မေးငေါ့ကြသည်။ သို့ရာတွင် သံကြောင်က
အဖြေကောင်းသဖြင့် သူ့အဖြေနှင့်ပင် တိရစ္ဆာန်များမှာ ကျေနပ်ကြရသည်။
''သည်မှာ ရဲဘော်တို့ရဲ့ ရဲဘော်တို့က ဒို့ဝက်တွေဟာ အခုအိမ်နဲ့နေတယ်လို့
ထင်နေကြတယ် မဟုတ်လား။ တာမဟုတ်ပါဘူး။ ဒို့ဝက်တွေဟာ
ဦးနှောက်နဲ့ရင်းပြီး အလုပ်လုပ်ရတယ် ဆိုတာ ရဲဘော်တို့ သိတယ်မဟုတ်လား။
ဦးနှောက်နဲ့ အလုပ်လုပ်ရတဲ့သူမှန်ရင် နေဖို့ တိတ်တိတ်ဆိတ်ဆိတ်
နေရာရှိရမယ်။ ပြီးတော့ ခေါင်းဆောင်ကြီး အဖို့ ဆိုရင်လည်း သူ့ဂုဏ်နဲ့
လိုက်အောင် အိမ်နဲ့ဘဲနေရမယ် မဟုတ်လား။ ဝက်ခြံနဲ့နေလို ဘယ်တော်ပါ့မလဲ''
ဟု သံကြောင်က ပြောသည်။ (ခေါင်းဆောင်ကြီးဆိုသည်မှာ ဗန္ဓုလကို
ပြောခြင်းဖြစ်၍ သံကြောင်သည် ဗန္ဓုလကို ရဲဘော်ဗန္ဓုလဟု မခေါ်တော့ပဲ
ခေါင်းဆောင်ကြီးဟု သိဒ္ဓိတင်စပြုပြီ) ဝက်များမှာ ဦးသာခေါင်အိမ်ပေါ်သို့
ရွှေ့နေကြပြီးနောက် ထမင်းစားခန်း၌ အစာစားကြရုံ ဧည့်ခန်း၌
စည်းစိမ်ခံကြရုံမက အိပ်ရာများနှင့် အိပ်၍ နေကြသည်ကို သိသောအခါ
အချို့တိရစ္ဆာန်များက မကျေနပ်ကြ။
ဂျိုကားကမူ ''ဗန္ဓုလသည် အမြဲမှန်သည်'' ဟူသော အချက်နှင့်ပင်
ဖြေသည်။ သို့ရာတွင် ခွါဖြူက တိရစ္ဆာန်များ အိပ်ရာနှင့်မအိပ်ရဟူသော
ဆုံးဖြတ်ချက်ချဘူးသည်ဟု မှတ်မိသလိုလိုရှိသဖြင့် ကျီထရံ၌ ရေးထားသော
တရားခုနှစ်ပါးကို တလုံးချင်း စာလုံးပေါင်း၍ ဖတ်ကြည့်သည်။ ခွါဖြူသည်
ဘယ်လိုပင် ကြိုစား၍ ဖတ်သော်လည်း အဓိပ္ပာယ်မပေါက်သဖြင့် ''ငါ့ကို
ဖတ်ပြောစမ်းပါဟယ်'' ဟု မုတ်ဆိတ်ကို အကူအညီတောင်းသည်။
မုတ်ဆိတ်လည်း စာမသွားသဖြင့် ခဲခဲယဉ်းယဉ်းနှင့်ပင် ဖတ်ရသည်။ ''ခွါဖြူရေ
နားထောင်နော် ငါဖတ်ပြမယ်'' ဟုပြောပြီးလျှင် မုတ်ဆိတ်က ဖတ်ပြသည်။
ထိုအခါ စာလုံးလေးလုံး တိုးနေသည်ကို တွေ့ရသည်။ ယခင်က
''ဘယ်တိရစ္ဆာန်မျှ အိပ်ရာနှင့် မအိပ်ရ'' ဆိုသောနေရာတွင် ''ဘယ်တိရစ္ဆာန်မျှ
အခင်းပါသော အိပ်ရာနှင့် မအိပ်ရ'' ဟုရေးထားသည်။ ယခင်က
''အခင်းပါသော'' ဆိုသော စကားပါသည်ကို ခွါဖြူသတိမရ။ သို့ရာတွင်
ကျီထရံ၌ အစက ထိုကဲ့သို့ ရေးမထားဘဲနှင့် ထိုစကားရောက်၍
နေမည်မဟုတ်နိုင်ဟု ဖြေရသည်။ ထိုအခိုက်တွင် သံကြောင်သည် နောက်က
ခွေးနှစ်ကောင် သုံးကောင်နှင့် ခွါဖြူတို့အနီးဖြတ်လာသည်။ သံကြောင်က
ခွါဖြူတို့ ကျေနပ်လောက်အောင် ရှင်းပြသည်။
''အခု တချို့ပြောနေကြတယ် မဟုတ်လား ရဲဘော်တို့ရဲ့၊ ငါတို့
ဝက်တွေဟာ ဦးသာခေါင်အိမ်ပေါ်မှာ အိပ်ရာနဲ့အိပ်နေကြတယ်လို့။ အိပ်ရာနဲ့
မအိပ်ရအောင် ငါတို့က ဘာမို့လို့လဲဆိုတာကိုလဲ ပြောကြပါအုံး။ အိပ်ရာနဲ့
မအိပ်ရဘူးလို့လဲ ငါတို့ တခါမှ ဆုံးဖြတ်ချက် မချခဲ့ကြဘူးပါဘူး။
အိပ်ရာဆိုတာ ကိုယ်အိပ်တဲ့နေရာဟာ အိပ်ရာချည်းပေါ့။ တကယ်တန်းပြောကြစို့
ဆိုတော့ ဝက်ခြံထဲမှာ ကောက်ရိုးခင်းထားတာလဲ အိပ်ရာပေါ့။ ဒို့အရင်တုန်းက
ဆုံးဖြတ်ချက်ချထားတာက အခင်းပါသော အိပ်ရာနဲ့ မအိပ်ရဘူးဆိုပြီး
အခင်းကိုသာ ဆိုတာပါ။ အခင်းဆိုတာ လူသားတွေက ထွင်ထားတာ။ ဒီတော့
ဒို့အခု အိပ်နေကြတဲ့ အိပ်ရာတွေမှာ သွားကြည့်ပါလား။ အခင်းတခုမှ
မရှိပါဘူး။ ဖယ်ထားပြီးပါပြီ။ အေးစောင်တော့ ခြံုမိပါတယ်။ အိပ်ရာတွေကတော့
အိပ်လို့ ဇိမ်ဘဲ။ သို့သော်လဲ ဒီဇိမ်ဟာက ဒို့လို ဦးနှောက်သမားတွေနဲ့
ထိုက်တန်ရုံလောက်ဇိမ်ပါ။ ဇိမ်ပိုဇိမ်လျှံ မဟုတ်ပါဘူး။
ဒို့ကောင်းကောင်းအိပ်ရတာ ရဲဘော်တို့က ဝန်တိုကြမည် မထင်ပါဘူး။
ဒို့ကောင်းကောင်း မအိပ်ရလို့ အလုပ်မလုပ်နိုင်ကြဘူး ဆိုရင် ဘာဖြစ်ကုန်မယ်
ဆိုတာ ရဲဘော်တို့ စဉ်းစားကြပါ။ တကယ်လို့ ဦးသာခေါင် ပြန်လာယင်
ရဲဘော်တို့ ဝမ်းသာနိုင်ကြပါ့မလား'' ဟု သံကြောင်က မြွက်သည်။
ထိုအခါ တိရစ္ဆာန်တို့က သူတို့တော့ ဦးသာခေါင် ပြန်လာမှာကို
ဘယ်နည်းနှင့်မျှ သဘောမကျနိုင်ကြောင်း။ ထို့ကြောင့် ဦးသာခေါင် အိမ်ထဲ၌
ဝက်များ အိပ်ရာများနှင့် အိပ်ကြသည်ကို ကျေနပ်ကြကြောင်းဖြင့် ပြောကြသည်။
ထို့နောက် လေးငါး ခြောက်ရက်အကြာတွင် ဝက်များက နောင်အဖို့တွင် သူတို့
ဝက်များသည် အခြားတိရစ္ဆာန်များထက် တနာရီနောက်ကျ၍
အိပ်ရာကထကြမည်ဟု ကျေညာပြန်သောအခါ ကန့်ကွက်မည့်သူမရှိ။
ထို့နောက် တိရစ္ဆာန်များမှာ အလုပ်ပင်ပန်းကြသော်လည်း စိတ်ညစ်ခြင်း
မရှိကြ။ တနှစ်လုံး အလုပ် အားကြရသည် မရှိ။ စပါးများရောင်းပြီးနောက်လည်း
အစာမပေါ။ သို့ရာတွင် ဓါတ်မီးစက် တည်ရခြင်းမှာ အလုပ်ပင်ပန်းခြင်း
အစာမပေါခြင်းတို့ထက်မြတ်သည်။ ဓါတ်မီးစက်မှာ တဝက်လောက် ပြီး၍ နေပြီ။
လယ်များ ယာများ သိမ်းပြီးနောက် မိုးလေဝသ ကင်းစင်သဖြင့်
ဓါတ်မီးစက်အလုပ်ကို နေ့မအားညမအား ဝိုင်း၍ လုပ်ကြသည်။ ဂျိုကားမှာ
သူ့စေတနာအလျောက် ညလသာသာ၌ တနာရီ နှစ်နာရီ စသည်ဖြင့်
အလုပ်ထွက်၍ လုပ်သေးသည်။ အလုပ်အားလပ်သော အချိန်များ၌
တိရစ္ဆာန်တို့သည် ဓါတ်မီးစက်ကို ဟိုဖက်ကကြည့် သည်ဖက်ကကြည့် လှည့်၍
ကြည့်ပြီးလျှင် ဘယ်ဖက်မှ ယိမ်းယိုင်ခြင်း မရှိသော ခေါင်းတိုင်ကြီးနှင့်
ခံ့ညားသော အဆောက်အဦကြီးကို ကြည့်၍ ထိုကဲ့သို့ ကြီးကျယ်သော
အလုပ်ကြီးကို သူတို့ဟာသူတို့ လုပ်နိုင်ခြင်းအတွက် အံ့၍မဆုံးနိုင် ရှိကြသည်။
မဟော်တကောင်မှာ သူများနှင့် မတူဘဲ ဓါတ်မီးစက်အတွက် ထူး၍ ဝမ်းသာခြင်း
အားရခြင်းမရှိ။ မေးလျှင်လည်း လားများဟာ အသက်ရှည်သည်ဟုသာ
အဓိပ္ပာယ်မရှင်းသောစကားဖြင့်ဖြေသည်။
မိုးဦးကျသောအခါ လေပြင်းစွာတိုက်သည်။ မိုးလည်းကောင်းသဖြင့်
အင်္ဂတေများ စပ်၍ မဖြစ်။ တညတွင် လေကြီးမိုးကြီးကျပြီးလျှင်
အဆောက်အဦတွေအကုန် သွက်သွက်ခါအောင်တုန် သွားပြီးလျှင် အမိုးများလည်း
ပျက်ကုန်သည်။ ကြက်မ အားလုံးလည်း အိမ်မက်ထဲ၌ သေနတ်သံလို ဒိန်းကနဲ
တပြိုင်နက်ကြားပြီး လန့်နိုးကြသည်။ မနက်လင်းသောအခါ အလံတိုင်ကျိုးကျ၍
သဖန်းပင်ကြီးတပင်လည်း အမြစ်မှ ထောင်၍ လဲနေသည်ကို တွေ့ရသည်။
ထိုနောက် ဓါတ်မီးစက်လည်း ပြိုကျပျက်စီးနေသည်ကို တွေ့ရသဖြင့်
တိရစ္ဆာန်အားလုံး ရင်ထုမနာ ဖြစ်ကြသည်။
တိရစ္ဆာန်အားလုံးသည် ဓါတ်မီးစက်ရှိရာသို့ တပြိုင်တည်း
ပြေးကြည့်ကြသည်။ ခါတိုင်း ဘယ်အခါမျှ ပြေးလေ့လွှားလေ့မရှိသော ဗန္ဓုလမှာ
အားလုံးသောတိရစ္ဆာန်များ၏ ရှေ့ဆုံးမှ ပြေး၍ သွားသည်။ သူတို့
ပင်ပင်ပန်းပန်း ကျောက်တုံးကြီးတွေခွဲ ကျောက်တုံးကြေတွေကိုသယ်၍
အရက်ရက် အလလ ချွေးနှင့် နှီးထားသော ဓါတ်မီးစက်ကြီးမှာ ပြိုကျသွားပြီ။
တိရစ္ဆာန်များသည် ပထမတွင် ဘာမျှ မပြောနိုင်ကြဘဲ ကစဉ့်ကရဲ
လွင့်စင်နေသော ကျောက်တုံး ကျောက်ခဲများကိုသာ တွေ၍ ကြည့်နေကြသည်။
ဗန္ဓုလသည် စကားမပြောဘဲ ဟိုမှသည်မှ လျှောက်၍ ကြည့်ပြီးလျှင် တခါတခါ
မြေကြီးပေါ်တွင် အနံ့ခံ၍ ကြည့်သည်။ ဗန္ဓုလ၏ အမြီးသည်
မာတောင်လာပြီးလျှင် ဟိုဖက်သည်ဖက် သွက်လက်စွာ ခတ်သည်။ ဤကား
ဗန္ဓုလသည် ပြင်းစွာ အကြံထုတ်နေခြင်း၏ လက္ခဏာတည်း။ ထို့နောက်
ဖြုန်းကနဲ ငြိမ်သွားသည်။ သူ့စိတ်တွင် တခုခု ဆုံးဖြတ်ပြီးပုံရသည်။
ထို့နောက် ဗန္ဓုလက ''ရဲဘော်တို့ ဒီအကြံဟာ ဘယ်သူ့အကြံလဲ
သိကြရဲ့လား။ ညက ဒို့မီးစက် လာဖျက်သွားတဲ့အကောင်ဟာ သူများမဟုတ်ဘူး
ဘော်ဖြူပေါ့'' ဟု ပြောပြီးနောက် တဖန် သံကုန်ဟစ်၍ ''ဘော်ဖြူဖျက်တာ။
ဘော်ဖြူဖျက်တာ။ ဒီအကောင်ဟာ သူ့ကို ဒို့က အရှက်တကွဲ
နှင်ထုတ်လိုက်တဲ့အတွက် ဒို့တနှစ်လောက် ကြိုးပမ်းထားရတဲ့ အလုပ်ကြီးကို
မပျက် ပျက်အောင်ဆိုပြီး သက်သက်ယုတ်မာတဲ့စိတ်နဲ့ လာဖျက်တာ။ ရဲဘော်တို့
ဒီအကောင်ကို တွေ့ရာမှာသတ်ရမယ်။ ဒီအကောင်ကိုမှ သေအောင် မသတ်ရလျှင်
ငါ့နာမည်ကို တခါထဲ ပြောင်းပစ်လိုက်မယ်။ ဒီအကောင်ကို အသေရအောင်
ဖမ်းနိုင်လျှင် ဘယ်သူ့ကိုမဆို တိရစ္ဆာန်ဇာနည် ဒုတိယတန်း ဘွဲ့နဲ့ စပါးတခွဲ
အရှင်မိအောင်ဖမ်းနိုင်သူကို စပါးတတင်း ဆုချမယ်''
ဘော်ဖြူလို တိရစ္ဆာန်များကတောင် ဒီလိုယုတ်ယုတ်မာမာ
လုပ်တတ်ပါလားဟု အောက်မေ့ကာ တိရစ္ဆာန်များမှာ စုတ်တသပ်သပ်
ဖြစ်၍နေကြသည်။ တိရစ္ဆာန်များသည် ဒေါသဖြစ်ပြီးလျှင် ဘော်ဖြူကို ဘယ်လို
မိအောင်ဖမ်းရမလဲဟု ကိုယ်စီ ကိုယ်ငှ အကြံထုတ်ကြသည်။ ထို့နောက်
ကုန်းမြေမြက်စပ်တွင် ဝက်ခြေရာများကို ရုတ်တရက်သွား၍ တွေ့သည်။ ဆက်၍
ခြေရာခံကြည့်ကြရာ အနားရှိ စည်းရိုးပေါက်ဝတွင် ခြေရာဆုံးလျက်ရှိသည်။
ဗန္ဓုလက ခြေရာများကို အနံခံကြည့်ပြီးလျှင် ''တာဟာ ဘော်ဖြူရဲ့
ခြေရာအစစ်ဘဲ'' ဟု ပြောသည်။ ဗန္ဓုလအထင်အားဖြင့် ဘော်ဖြူသည်
ဦးပေါက်ကျော်ကွင်းဘက်မှ လာသည်။ ခြေရာကို အနံခံပြီးနောက် ဗန္ဓုလက
''ရဲဘော်တို့ ဓါတ်မီးစက်ကို ငါတို့ အခုပင်ပြန်၍ တည်မည်။ ဆိုင်းနေလို့
မဖြစ်ဘူး။ ဒီနေ့မနက်ဘဲ စပြီး တည်ကြမယ်။ ဒီတခါဆိုလျှင် နွေရော မိုးရော
ဆောင်းရော မနားဘဲနဲ့ တည်ကြမယ်။ ဒို့အလုပ်ကို လာဖျက်ရင်
ဘယ်လိုဒုက္ခနဲ့တွေတတ်တယ်ဆိုတာ ဘော်ဖြူကိုသိအောင် ပြကြရမယ်။
ဒို့မူလအစီအစဉ်ကို ဘာမျှမပြောင်းဘူး။ မူလသတ်မှတ်ထားတဲ့နေ့ကိုဘဲ
မပြီးပြီးအောင် ပြန်တည်ကြမယ်။ ဓါတ်မီးစက် အရှည်တည်မြဲပါစေ။
ခြေလေးချောင်းကွင်း အရှည်တည်မြဲစေသော'' ဟု ဗန္ဓုလက နိဂုံးချုပ်သည်။